0

Published on: May 11, 2014
Written by: သက်ထား၊ အေးမြတ်မွန်

အာဆီယံအစိုးရအချို့၏ စွက်ဖက်မှုများကြောင့် မေ ၁၁ ရက်တွင်ပြုလုပ်မည့် အာဆီယံခေါင်းဆောင်များနှင့် မျက်နှာစုံညီ အစည်းအဝေးတွင် အာဆီယံအရပ်ဘက် ကိုယ်စားလှယ်များအားလုံး နုတ်ထွက်ကာ တွေ့ဆုံမည်မဟုတ်ကြောင်း မေ ၁ဝ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့မှ အရပ်ဘက် ကိုယ်စားလှယ်များအား ဆိုင်ရာနိုင်ငံအစိုးရများက တွေ့ဆုံရန် ခွင့်မပြုခဲ့ဘဲ ၎င်းတို့ကိုယ်တိုင်ရွေးချယ်သည့် ကိုယ်စားလှယ်များကိုသာ ပါဝင်စေမည်ဟု ဆိုသောကြောင့် ယခုကဲ့သို့ အာဆီယံအရပ်ဘက်ကိုယ်စားလှယ်များအားလုံး နုတ်ထွက်ရခြင်းဖြစ်ကြောင်း သိရသည်။

အာဆီယံခေါင်းဆောင်များနှင့် အရပ်ဘက်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးရာတွင် အာဆီယံနိုင်ငံများ အားလုံးသဘောတူညီသည့် မူဝါဒလေးချက်ဖြစ်သော အဓိပ္ပာယ်ရှိသောတွေ့ဆုံမှု၊ လူထုအသံများကို ထင်ဟပ်နိုင်မှု၊ အပြန်အလှန်လေးစားမှုနှင့် အရပ်ဘက် ကိုယ်စားလှယ်များအား လွတ်လပ်စွာရွေးချယ်ခွင့်ပြုရေးဟု ချမှတ်ထားကြောင်း သိရသည်။

ယင်းသို့ ချမှတ်ထားသော်လည်း ကမ္ဘောဒီးယား၊ မလေးရှားနှင့် စင်ကာပူနိုင်ငံတို့၏ အစိုးရများမှ အရပ်ဘက် ကိုယ်စားလှယ်များ ရွေးချယ်မှုကို စွက်ဖက်မှုများရှိခဲ့ပြီး အာဆီယံအရပ်ဘက် အဖွဲ့အစည်းများမှ တင်ပြသည့် ကိုယ်စားလှယ်ကိုမူ လက်မခံခဲ့ကြောင်း သိရသည်။

“ကျွန်မတို့ အာဆီယံမူဝါဒအရ အာဆီယံနိုင်ငံအားလုံး သဘောတူမှ မျက်နှာစုံညီ အစည်းအဝေးကို တက်လို့ရမယ်။ ဒါပေမဲ့ ကမ္ဘောဒီးယားအစိုးရက ငြင်းပယ်ခဲ့ပါတယ်။ကမ္ဘောဒီးယားနိုင်ငံက နိုင်ငံရေးအရ ခန့်မှန်းလို့မရတဲ့ အခြေအနေဖြစ်နေတယ်။
ဒါကြောင့် သူတို့အနေနဲ့ လွတ်လပ်တဲ့ NGO တွေကို လက်ခံဖို့ အဆင်သင့်မဖြစ်သေးဘူး ထင်တယ်။ အခုလိုအငြင်းခံရတဲ့အတွက်လည်း စိတ်မကောင်းဖြစ်မိတယ်။ ဒါပေမဲ့ အာဆီယံ အရပ်ဘက်ကိုယ်စားလှယ်တွေအားလုံးက တညီတညွတ်တည်း ကိုယ်တိုင်ကိုယ်စားပြု ရွေးချယ်တဲ့သူကိုပဲ လက်ခံမယ်ဆိုတဲ့ မူဝါဒကို စွဲကိုင်ပြီးတော့ မနက်ဖြန်တွေ့ဆုံမယ့် ဆွေးနွေးပွဲကို မတက်ဘူးလို့ ဆုံးဖြတ်ချက်ချခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟု ကမ္ဘောဒီးယားနိုင်ငံမှ အရပ်ဘက်ကိုယ်စားလှယ်ဖြစ်သည့် THIDA KHUS က ပြောကြားသည်။

၂ဝ၁၄ ခုနှစ် မေ ၁၁ ရက် နေပြည်တော်တွင် အာဆီယံပြည်သူ့ဖိုရမ်၏ တောင်းဆိုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် အာဆီယံအရပ်ဘက်ကိုယ်စားလှယ်များသည် အာဆီယံနိုင်ငံအသီးသီးမှ ခေါင်းဆောင်များနှင့် တွေ့ဆုံရန်အတွက် သတ်မှတ်ထားသော်လည်း အာဆီယံနိုင်ငံအချို့မှ ၎င်းတို့ချမှတ်ထားသော မူဝါဒများကို ချိုးဖောက်သောကြောင့် တွေ့ဆုံမည်မဟုတ်ကြောင်း သိရသည်။

သို့သော် အာဆီယံပြည်သူ့ဖိုရမ်မှ ထုတ်ပြန်သည့် တောင်းဆိုချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အာဆီယံခေါင်းဆောင်များထံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

အာဆီယံပြည်သူ့ဖိုရမ်ကို ၂ဝဝ၅ ခုနှစ်မှစကာ မလေးရှားနိုင်ငံတွင် ကျင်းပခဲ့သော်လည်း အာဆီယံအရပ်ဘက် ကိုယ်စားလှယ်များနှင့် အာဆီယံခေါင်းဆောင်များတွေ့ဆုံပွဲကိုမူ မလေးရှားတွင် တစ်ကြိမ်၊ ထိုင်းနိုင်ငံတွင် နှစ်ကြိမ်နှင့် အင်ဒိုနီးရှားနိုင်ငံတွင် တစ်ကြိမ် စုစုပေါင်း လေးကြိမ်သာ တွေ့ဆုံခွင့်ရရှိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ အာဆီယံခေါင်းဆောင်များနှင့် အာဆီယံအရပ်ဘက်ကိုယ်စားလှယ်များ တွေ့ဆုံမှုပျက်ပြယ်သွားခြင်းနှင့် ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၁ဝ ရက်တွင် သတင်းထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ရာတွင် အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်မည့် အာဆီယံလူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို သက်ဆိုင်ရာအာဆီယံနိုင်ငံများမှ အတည်ပြုသတ်မှတ်ပေးရန် လုပ်ထုံးလုပ်နည်းအတိုင်း စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့သော်လည်း အာဆီယံနိုင်ငံ အချို့မှ ရွေးချယ်အတည်ပြုခဲ့သော ကိုယ်စားလှယ်များကို အာဆီယံဆိုင်ရာ လူမှုအဖွဲ့အစည်းများကွန်ဖရင့်/အာဆီယံပြည်သူများဖိုရမ် ၂ဝ၁၄ မှ လက်ခံနိုင်ခြင်းမရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စာပေးပို့၍ တွေ့ဆုံပွဲသို့ တက်ရောက်တော့မည် မဟုတ်ကြောင်း အကြောင်းကြားခဲ့ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ တစ်ဖက်သက်အမြင်နှင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ၂ဝ၁၄ ခုနှစ် မေ ၁၁ ရက်တွင် အာဆီယံခေါင်းဆောင်များနှင့် အာဆီယံလူမှုရေးအဖွဲ့အစည်း ကိုယ်စားလှယ်များ တွေ့ဆုံပွဲကို မူလစီစဉ်ထားသည့်အတိုင်း ကျင်းပနိုင်ခြင်း မရှိတော့ကြောင်း ကြေညာချက်ထုတ်ပြန်ပါသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မေ ၁၀ ရက်က ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

Aye Chan Mon# Credit To :Eleven Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top