0

Published on: May 14, 2014
Written by: အောင်မျိုးသန့်၊ ဟယ်ရီမွန်

မေ ၁၂ ရက် ည ၇ နာရီခန့်တွင် အမြန်လမ်း မိုင်တိုင် ၁၉၇/၆ ၌ ရာဇာမင်း ခရီးသည်တင်ယာဉ် တံတားပေါ်မှထိုးကျပြီး ယာဉ်ပေါ်ပါခရီးသည် ၁၄ ဦးသေဆုံးကာ ၃၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ယင်းဖြစ်စဉ်ကို ပထမဆုံး စတင်တွေ့ရှိခဲ့ပြီး တတ်နိုင်သမျှ ၀ိုင်းဝန်းကယ်ထုတ်ကာ သက်ဆိုင်ရာကို ဖုန်းနဲ့ဆက်သွယ် အကူအညီပေးခဲ့သည့်အပြင် သူ၏ Facebook စာမျက်နှာမှာလည်း ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဓာတ်ပုံနဲ့ သတင်းအချက်အလက်ကို ပထမဆုံး ဖော်ပြပေးခဲ့သူ ကိုစိုးမင်းလွင်ကို The Daily Eleven သတင်းစာမှ ဖုန်းဖြင့်ဆက်သွယ်ပြီး သူတွေ့ကြုံခဲ့တဲ့ အကြောင်းအရာတွေကို ပြန်လည်ဖော်ပြ ပေးလိုက်ပါတယ်။

မေး။ အစ်ကို ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အရင်ဆုံး ကြုံတွေ့ခဲ့တာလေးကို ပြောပြပေးပါ။

ဖြေ။ အဲဒီကား စပယ်ယာက ကျွန်တော့်ကားကို လာတားလို့ ကားကိုရပ်လိုက်တယ်။ သူက ကားချောက်ထဲပြုတ်ကျသွားလို့ လုပ်ပါဦးလို့ ပြောတယ်။ အဲဒီချိန်မှာ သူက ဖုန်းပါမလာတော့ ဖုန်းဆက်ပေးပြီး အောက်ကိုကျွန်တော် ဆင်းခဲ့တယ်။ အောက်ကို ဆင်းလိုက်တဲ့အချိန် အခြေအနေ မကောင်းတာကို တွေ့ရတယ်။ အဲဒီအချိန်မှာ ကျွန်တော်နဲ့ စပယ်ယာလေးနဲ့ တတ်နိုင်သမျှ တို့လို့တန်းလန်း ဖြစ်နေတဲ့လူတို့ ကို့ယို့ကားယား ဖြစ်နေတဲ့လူတို့ အဆင်မပြေ ဖြစ်နေတဲ့လူတို့ကို ဆွဲခေါ်တယ်။ နောက်ပြီး နည်းနည်းပြုစုတာတို့ လုပ်ပေးခဲ့တယ်။

မေး။ အစ်ကို ဖေ့စ်ဘုတ်မှာ တင်ထားတာ တွေ့ပါတယ်။ ကျွန်တော်သိချင်တာက အစ်ကိုလက်ပေါ်မှာ သေဆုံးခဲ့တာတွေရှိရင် ဘယ်နှစ်ယောက်လောက်များ တွေ့ကြုံခဲ့ရတာကို သိချင်ပါတယ်။

ဖြေ။ လူတွေက ကျွန်တော့်လက်ပေါ်မှာ သေတာမသေတာကိုတော့ မဆုံးဖြတ်တတ်ပါဘူး။ ဒါပေမဲ့ တစ်ယောက်ကတော့ ရေသောက်ချင်တယ် ပြောတယ်။ အဲဒီအချိန်မှာ ကားလမ်းပေါ်က ရေဘူးတွေ ပစ်ချပေးတာယူပြီး ရေတိုက်မယ်လုပ်တုန်း အဲဒီလူက ဇက်ကျိုးကျသွားတယ်။ အဲဒီတစ်ယောက်က မှတ်မှတ်ရရပါပဲ။ ကျန်တာကတော့လဲ တချို့ကြတော့ မလှုပ်ရှားနိုင်တော့ဘူး။ အသက်ရှိလား။ မရှိလားဆိုတာကိုလည်း မကြည့်နိုင်ဘူး။ တကယ်တမ်း ကျွန်တော်တို့လည်း ရတဲ့အချိန်လေးမှာပဲ ညည်းညူသံထွက်တဲ့လူနဲ့ နည်းနည်းလုပ်ရှားနိုင်တဲ့ လူတွေကိုပဲ ရွေးပြီး နေရာရွေ့ပေးလိုက်တယ်။ သူတို့ သက်တောင့်သက်သာလေးဖြစ်အောင် လုပ်ပေးနိုင်ခဲ့တာလေး တစ်ခုပါပဲ။

မေး။ အစ်ကို အဲဒီအချိန်မှာ ရာသီဥတု အခြေအနေနဲ့ ပတ်ဝန်းကျင်အခြေအနေကို ဘယ်လိုအနေအထာမျိုးးမှာ မြင်တွေ့ရလည်းဆိုတာ သိချင်ပါတယ်။

ဖြေ။ ရာသီဥတုက မိုးတော်တော်ရွာတယ်။ နာရီဝက်လောက်နဲ့ရွာပြီး ရေတော်တော်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်ကားက ၄၀၊ ၅၀ လောက်နဲ့ မောင်းနေရတဲ့ အချိန်ပါ။ ဒီကားက နည်းနည်း အရှိန်များပုံရပါတယ်။ ရှေ့ကို သဲသဲကွဲကွဲ မမြင်ရတဲ့အချိန်မှာ မောင်းမိတယ်လို့ ထင်ပါတယ်။

မေး။ ကားကျသွားတဲ့ ပုံစံအနေအထားကို ဘယ်လိုမျိုး မြင်တွေ့ခဲ့ရတာကို သိချင်ပါတယ်။

ဖြေ။ ကျွန်တော်ထင်တာ ကားက အမြီးပိုင်းနဲ့ ကျတယ်လို့ ထင်တယ်။ ကားအမြီးပိုင်း စောင်းကျပြီး ရိုက်ချသလိုဖြစ်တော့ လူတွေက လွှင့်စင်ကုန်တာပါ။ နောက်ဘက်တစ်ခြမ်းလုံး မှန်တွေအကုန်ကွဲတယ်။ ရှေ့ကမှန်တွေက မကွဲဘူး။ ခွဲလို့လည်းမရဘူး။ ကားက စောင်းလိုက်တော့ ရှေ့ခြမ်းဝင်ဖို့ ခက်တယ်။ ကျွန်တော်တို့က မ၀င်လိုက်နိုင်ဘူး။ ကယ်ဆယ်ရေးအဖွဲ့ လူတွေရောက်မှ ရှေ့ခြမ်းကလူတွေကို ဆွဲထုတ်နိုင်ခဲ့တယ်။ ကျွန်တော်တို့က နည်းနည်းလုပ်ရှားနိုင်တဲ့ လူတွေလောက်ပဲ ဆွဲထုတ်နိုင်ခဲ့တယ်။ ကားက တော်တော်စောင်းနေတော့ အရမ်းမလုပ်ရဲတာလည်း ပါပါတယ်။ ကားအောက်ထဲ ရောက်တဲ့လူလောက်ပဲ ဦးစားပေး လုပ်ခဲ့ကြတာပါ။

မေး။ အစ်ကို နောက်ပိုင်း သက်ဆိုင်ရာကလူတွေက ဘယ်အချိန်လောက်မှာ ရောက်လာပြီး ဘယ်လိုဆက်ပြီးတော့ တွေ့ရလဲဆိုတာ သိချင်ပါတယ်။

ဖြေ။ သိပ်မကြာပါဘူး။ ကျွန်တော်တို့ ၁၀ ယောက်ဝန်းကျင်လောက် ရွှံ့တွေနဲ့ဝေးတဲ့နေရာက ကယ်ထုတ်ပြီး သက်တောင့်သက်သာ ဖြစ်မယ့်နေရာ ကယ်လို့ရမယ့်နေရာ ချပြီးတာနဲ့ ရောက်လာတာပါ။ မိနစ် ၂၀ တောင် မကြာဘူးလို့ ထင်ပါတယ်။

မေး။ အစ်ကိုကိုယ်တိုင် သက်ဆိုင်ရာ ဘယ်အဖွဲ့တွေကို ဆက်သွယ်ခဲ့လည်းဆိုတာ သိချင်ပါတယ်။

ဖြေ။ အမြန်လမ်းရဲစခန်းကို ဆက်သွယ်တယ်။ ၁၉၉ ကိုဆက်တယ်။ ဖြူးရဲစခန်းကို ဆက်တယ်။ နောက် ကျွန်တော်အသိ ယာဉ်ထိန်းရဲမှူးတစ်ယောက်က ကျန်တာ အကုန်လိုက်ချိတ်ပေးပါတယ်။

မေး။ ဒီဖြစ်စဉ်ကို မျက်မြင်တွေ့လိုက်ရတဲ့ အချိန်မှာ အစ်ကိုအနေနဲ့ ခံစားမိတာလေးရှိရင် ပြောပြပေးပါဦး။

ဖြေ။ ခံစားမိတာကတော့ စိတ်မကောင်းဖြစ်မိတာပါပဲ။ စိတ်မကောင်းဖြစ်တယ် ဆိုတာလည်း ကိုယ်ချင်းစာမိတာပါ။ အော်ကြီးဟစ်ကျယ်တွေနဲ့ ကျွန်တော်ကလည်း ဘာမှမတတ်နိုင်ဘူးပေါ့ဗျာ။ ဆိုလိုတာက ချက်ချင်းကြီး သက်သာအောင်လည်း လုပ်ပေးလို့မရ။ နည်းနည်းလေး ဖရိုဖရဲ မဖြစ်နိုင်အောင် လုပ်ပေးနိုင်တာပါ။ ကျွန်တော်ကလည်း ကယ်တင်ရှင်တော့ မဟုတ်။ ချက်ချင်း သူတို့ကို ထမ်းတင်နိုင်တာလည်း မလုပ်နိုင်။ ဆေးရုံပို့ပေးတာတို့လည်း မလုပ်နိုင်တော့ နည်းနည်းယူကျုံးမရ ဖြစ်မိတာပေါ့။

မေး။ အစ်ကို ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး နည်းနည်းပြောချင်တာတွရှိရင် နည်းနည်းဖြည့်စွက်ပြီး ပြောပေးပါဦး။

ဖြေ။ အဲဒီလိုလည်း မရှိပါဘူး။ ဖြစ်သွားတယ်ဆိုရင်တော့ မကောင်းဘူးပေါ့။ ဖြစ်ပြီးမှ ဟိုလူအပြစ်ပုံချ ဒီလူအပြစ်ပုံချလုပ်တာလည်း မကောင်းဘူးပေါ့ဗျာ။ ကီလို ၁၀၀ အောက်လေး ထိန်းမောင်းနေမယ်ဆိုရင် ဒီလိုပြဿနာမျိုးတွေ မဖြစ်ဘူးလို့ ယူဆရတာပေါ့။ နောက်တစ်ခုက ကျွန်တော်အတွေ့အကြုံအရ ပြောရရင်တော့ မနေ့ကလည်း လမ်းအထူးအဖွဲ့ကို ပြောထားပါတယ်။ အခက်အခဲကတော့ ရုတ်တရက် ကျွန်တော်တို့ ဒီဖုန်းနံပါတ်ကြီးတွေက ဂဏန်းပေါင်း မနည်းဘူး။ အရေးပေါ် အခြေအနေမှာ အဲဒီလောက်ကြီး ဂဏန်းတွေနှိပ်ခေါ်ရတာ အခြေအနေ အဲဒီလောက် မပေးဘူးဗျ။ မှောင်မှောင်မည်းမည်းထဲမှာလေ။ ဆိုလိုတာက ဟော့လိုင်းလေး ထားသင့်တာပေါ့။ နံပါတ် သုံးခုလေးခုလောက် ဖြစ်ဖြစ်။ အဲဒါနှိပ်လိုက်တာနဲ့ ဂဏန်းစဉ်းစားစရာ မလိုဘူး။ ငါးလေးလုံးပေးမလား။ သုံးလေးလုံးပေးမလား။ ဒါမျိုးပေးလိုက်လို့ရှိရင် တစ်ခါတည်း နီးစပ်ရာရဲစခန်းကို အကြောင်းကြားပြီးသား ဖြစ်မယ်ဆိုရင် အကောင်းဆုံး ဖြစ်မယ်ထင်တယ်။ လုပ်ရတာလဲ မခက်ဘူးလို့ ထင်ပါတယ်။

ရာဇာမင်းခရီးသည်တင် အမြန်ယာဉ် တိမ်းမှောက်မှုတွင် ပထမဆုံး ကူညီခဲ့သူ ကိုစိုးမင်းလွင်၏ Facebook စာမျက်နှာ၌ ဖော်ပြထားမှုတစ်ခု

Aye Chan Mon# Credit To : Eleven Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
3

Post a Comment

 
Top