Author: ကိုဂျက်ကွမ်းခြံကုန်း
(၁)
‘‘လျော့မတွက်နဲ့လို့
အဆွေတို့ကို ကျွန်ုပ်
ပြောခဲ့ဖူးတယ်
မဟုတ်လား ...
စုံနံ့သာမြိုင်ဗျ
ဘာမှတ်နေသလဲ
အခု ...ရွှေဖြစ်ပြီ
ရွှေဖြစ်နေပြီ’’
လက်ခုပ်သံထဲမှာ အညံဆုံး ကတော့ ၀ံပုလွေရဲ့ လက်ခုပ်သံ ပါပဲ။ ကျားတို့၊ ခြင်္သေ့တို့၊ ဆင် တို့၊ မိကျောင်းတို့စတဲ့ အကောင် ကြီးတွေရဲ့ လက်ခုပ်သံလည်း ပါ တန်သလောက်တော့ ပါပေသ ပေါ့။ တောရဲ့ ဦးသျှောင် မြေခွေး မောင်ကဦးဆောင်ပြီး တောအုပ် ချုပ်ရေးဦးဆောင် တိရစ္ဆာန်လေး ငါးခြောက်ကောင်တို့ အရေးပေါ် တွေ့ဆုံကာ စုံနံ့သာမြိုင်ရဲ့ အားရ ဖွယ် အနာဂတ်နေ့ရက်များ ကိစ္စ ကိုတိုင်ပင်နှီးနှောကြတဲ့ အစည်း အဝေးကလေးပါ။ အဲသမှာ မြေ ခွေးစကားဆုံးတော့ လက်ခုပ်တီး ကြလေသပေါ့။ မြေခွေးက စုံနံ့သာမြိုင်ရွှေဖြစ်ပြီဆိုတဲ့ အကြောင်းကို အချက်နဲ့အလက်နဲ့ တင်ပြပြီးတဲ့ သကာလစုံနံ့သာမြိုင်ကို လျှော့မတွက်နဲ့ ဘာမှတ်နေသလဲဆိုတဲ့ စကားကို မာမာ ထန်ထန်ပြောပြီး နိဂုံးချုပ်ထည့်လိုက်တဲ့အခါ တိရစ္ဆာန်လေးငါး ခြောက်ကောင်ရဲ့ လက်ခုပ်သံတွေ ထွက်ချလာခဲ့တော့တာပါ။
မြေခွေးပြောသလို ရွှေဖြစ် ပြီလို့ ဆိုမယ်ဆိုရင်လည်း ဆို လောက်တဲ့အခြေအနေကိုတော့ ရောက်လာတဲ့သဘောပါ။
မြင်သာအောင် ပြောရရင် စုံနံ့သာမြိုင်ရဲ့ အရှေ့ဘက်တော စပ်တစ်လျှောက်မှာ မြစ်ကြီးတစ် စင်းစီးဆင်းလို့ နေပါတယ်။ တသွင်သွင်ပေါ့။ ရေကလည်း ချိုပါ့။သမင်ကလေးတွေ ရေသောက်ဆင်းကြတဲ့အချိန်မျိုး၊ ငှက်ကလေးတွေ ရေစပ်ဆင်းကာ အမွေး၊အတောင် သန့်ရှင်းရေးလုပ်ကြတဲ့ အချိန်မျိုး၊ ကျွဲပေါက်၊ နွားပေါက်၊ ဆင်ပေါက်၊ မြင်းပေါက်ကလေးတွေ ရေထဲဆင်းစိမ်ပြီး ဆော့ကစားကြတဲ့ အချိန်မျိုးတွေဟာ သိပ်ကိုကြည်နူးစရာကောင်းတဲ့ အချိန်မျိုးတွေပါ။
အခု ..အဲသည် စုံနံ့သာမြိုင် ရဲ့ အရှေ့ဘက်တောစပ်တစ် လျှောက်မှာ ကပ်ပြီးစီးဆင်းနေတဲ့ မြစ်ကြီးထဲက ရေကို တောအ နောက်ဘက် ခပ်လှမ်းလှမ်းက တောင်ကုန်းတွေပေါ်မှာ တည် ထားတဲ့ မြို့ကလူတွေက အလိုရှိ ကြတဲ့အတွက် မြေခွေးကို အကူ အညီတောင်းကြတာပါ။
‘‘မြစ်ထဲကရေကို ပိုက်လိုင်း ကြီးတစ်ခုနဲ့ သွယ်ပြီး ယူချင်တာ ပါခင်ဗျ ... အနို့သော်လည်းပေါ့ စုံနံ့သာမြိုင်ကိုတော့ မထိခိုက်စေ ချင်ဘူးပေါ့..လူတို့ရဲ့ ပိုက်လိုင်း တိရစ္ဆာန်နယ်မြေကို ဖြတ်သွားရ တဲ့အတွက် တိရစ္ဆာန်များ မနစ် နာကြရလေအောင် တတ်စွမ်း သမျှ ပံ့ပိုးပေးသွားချင်တာပါ’’
မြေခွေးတို့လင်မယားကို တောင်ကုန်းမြို့တော်ဆီ အလည် အပတ်ခေါ်သွားစဉ် တစ်ခေါက် က အသားပေါင်းစုံနဲ့ ကင်ဖုတ် ကြော်လှော်ကာ ဧည့်ခံပွဲကလေး လုပ်ပေးရင်း လူတွေက အနို့ကလို စကားဆိုလာတော့ မြေခွေးထီး ရော၊ မြေခွေးမပါ မြူးသွားကြ တာပါ။ လူတွေကမ်းပေးတဲ့ လက်ဆောင်သေတ္တာ ခပ်ကြီးကြီးကို ဖွင့်ကြည့်တော့ ကျားရိုးအားတိုးဆေးတဲ့၊ စပါးကြီးသည်းခြေဆေးတဲ့၊ မိကျောင်းသားရေလက်ဆွဲအိတ်တဲ့၊ ယုန်မွေးနုဆွယ်တာတဲ့၊ ဆင်စွယ်ဘီးနဲ့ ဆင်စွယ်လက်ကောက်တဲ့၊ မျောက်သွေး တဲ့၊ ပျားရည်စစ်စစ်တဲ့၊ ၀က်ဝံသည်းခြေတဲ့၊ ပုလဲပုတီးလည်း ပါရဲ့၊ တောက်တဲ့ကြီးကို ထည့်စိမ်ထားတဲ့ အထူးသွေးကြွလှိုက်ဆူ ၀ီစကီပုလင်းကြီးလည်းပါရဲ့၊ ဇီဝဇိုးအန်ဖတ်လည်းပါရဲ့၊ လက်ပတ်နာရီတွေရော၊ ကျောက်စိမ်းလက်ကောက်တွေရော စုံလိုက်တာမှ စေ့လို့။ မြေခွေးတို့ လင်မယား တောထဲမှာ ဖြတ်သွား ဖြတ်လာစီးနိုင်ကြစေဖို့ရာ မော်တော်ဆိုင် ကယ်ကလေးတစ်စီးတောင်မှ ပါလိုက်သေး။
‘‘တောတွင်းနေ တိရစ္ဆာန် အပေါင်းတို့ကို ကျေးဇူးတင်တဲ့ အနေနဲ့ အဲသည်ရေပိုက်လိုင်းကြီး များ ဖြတ်သန်းခွင့်ရခဲ့ရင် လူသား တွေက ကျေးဇူးပြန်ပြုမှာပါခင်ဗျ’’
တိရစ္ဆာန်ခေါင်းဆောင်ကြီး ကိုမြေခွေးပြုံးပြုံး-ပြုံးပြုံးနဲ့ ဘ၀င် တွေကြွသွားလိုက်တာများ။ စုံနံ့ သာမြိုင်သို့ အပြန်ခရီးကလည်း တကယ့်ကိုလှမှလှကိုး။ တောရဲ့ ဦးဆောင်တိရစ္ဆာန်လေးငါး ခြောက်ကောင်ဖြစ်တဲ့ ကျားတို့၊ ခြင်္သေ့တို့၊ ဆင်တို့၊ ၀ံပုလွေတို့ မိကျောင်းတို့အတွက် လက်ဆောင်သေတ္တာကြီးတွေပါ ထည့်ပေးလိုက်ကြတာ။
မြေခွေးက သူ့အဖွဲ့နဲ့ ညောင်ညိုပင်ကြီးရဲ့ အောက်မှာ အစည်းအဝေးထိုင်တော့ ပါလာတဲ့ လက်ဆောင်သေတ္တာတစ်လုံး စီပေးရင်း ရေပိုက်လိုင်းကြီး စုံနံ့သာမြိုင်ကို ဖြတ်ခွင့်ပေးရာကစလို့ တိရစ္ဆာန်လောက ရွှေဖြစ်ပြီဆိုတဲ့အကြောင်း ပြောလိုက်တဲ့အခါ ခုနကပြောခဲ့သလို လက်ခုပ်သံကလေးတွေ ထွက်ပေါ်လို့ လာခဲ့လေတာပါ။ တောထဲက အကောင်တစ်စု လက်ခုပ်တီးလိုက်ခြင်း အမှုဆိုသည်မှာ ရေပိုက်လိုင်းကြီး ဖြတ်ခွင့်ပေးလိုက်သည်ဟုပဲ မဟုတ်ပါလား။ အရပ်ကတို့ငဲ့ လေ။
(၂)
တိရစ္ဆာန်တွေ သောက်ကြ သုံးကြတဲ့ အရှေ့ဘက်တောစပ် က မြစ်ကြီးထဲကို ပိုက်ချပြီး အဲ သည့် ဧရာမပိုက်လိုင်းကြီး စုံနံ့ သာမြိုင်ကိုဖြတ်ကာ လူသားတို့ ရပ်ရွာဆီကို သွားတဲ့အခါ ပိုက် လိုင်းဝန်းကျင်မှာ အပင်တွေကို လှဲရလေသဗျ။ ဒူးရင်း၊ သြဇာ၊ မာလကာ၊ သရက် အကုန်နှက်ရ လေသပေါ့။ ကြံနဲ့ ပိန္နဲအကုန်လှဲ သပေါ့။ မြက်ခင်း၊ စပါးခင်း မကြွင်းမကျန် အကုန်နှံသပေါ့။ ဖရဲ၊ ငှက်ပျော၊ သင်္ဘော၊ သံပရာ အကုန်နွှာပေါ့။ ကျွန်းနဲ့ကညင်၊ အင်နဲ့ ပိတောက်၊ သစ်ရာကောက်၊ အင်ကြင်း၊ ပျဉ်းကတိုး၊ ပျဉ်းမ တွေ့သမျှ ခုတ်လှဲ၊ စုံနံ့သာမြိုင် စုတ်ပြဲသွားလိုက်ပုံတွေများ ။
‘‘စုံနံ့သာမြိုင်ကို ကျေးဇူးတင် တဲ့အနေနဲ့ တစ်နှစ်ကို ငှက်ပျော သီးလုံးရေ တစ်သိန်း၊ ဖရဲသီးလုံး ရေ ငါးသောင်း၊ သရက်သီး သုံးသောင်း၊ မုန်လာဥ အပင်တစ် သောင်း၊ ပိန္နဲသီးအလုံး ကိုးရာ၊ အမဲ သားငါးပိဿာချိန် ခုနစ်ရာ၊ ကြံအစည်း ပေါင်းနှစ်ရာ့ငါးဆယ်’’
ပိုက်လိုင်းဖွင့်ပွဲနေ့က လူ့ ကိုယ်စားလှယ်ဆိုတဲ့လူ ပြောနေ လိုက်တဲ့ ကျေးဇူးပြုမယ့် စာရင်း ကြီးကို နားထောင်ကာ တိရစ္ဆာန် လေးတွေ ပါးစပ်အ၀ိုင်းသားနဲ့ ပေါ့။ မြေခွေးက လက်မကြီးကို ထောင်ကာ တွေ့လား စုံနံ့သာမြိုင်ရွှေဖြစ်ပြီ အီစကို စီမံခန့်ခွဲပေးလိုက်တာဆိုတဲ့ အချိုးမျိုးပေါ့။
အင်း .... တိရစ္ဆာန်တစ် ကောင် တစ်နှစ်ကို ငှက်ပျောသီး နှစ်လုံးစီ၊ ဖရဲသီး တစ်စိတ်စီ၊ ပိန္နဲ သီး တစ်မြွှာစီ၊ မုန်လာဥတစ်လုံး စီလောက်တော့ ရမယ်ထင်ပါရဲ့။ အသားစားတဲ့ အကောင်တွေ လည်း နှစ်ကျပ်ခွဲသားစီလောက် တော့ ရမယ်ထင်ပါရဲ့။ စုံနံ့သာ မြိုင် ရွှေဖြစ်ပြီဆိုတဲ့ မြေခွေးရဲ့ မိန့်ခွန်းစကား ငြင်းဖို့ရာ အင်အား မရှိပါလေတော့။
(၃)
စုံနံ့သာမြိုင် တောကြီးရဲ့ အလယ်ဗဟို မကျတကျမှာ ဧရာမ ချိုင့်ခွက်ကြီးတစ်ခုရှိသဗျ။ တောင်ကုန်းကလေးတွေ ၀ိုင်းထားတဲ့အပြင် နည်းနည်းကလေးမြင့်တာမို့ ရေတွေ ဘာတွေမ၀ပ်တဲ့ ချိုင့်ကြီးပေါ့။
အဲသဟာကို လူတွေက တွေ့သွားပြန်ပါရဲ့။ မြေခွေးတို့ အဖွဲ့နဲ့လာတွေ့တော့ ပြန်တာ ပါပဲ။
‘‘ကျုပ်တို့ လူနေမြို့က နည်း နည်းမြင့်သဗျ။ မြို့က သုံးလိုက် တဲ့ ရေဆိုးတွေရယ်၊ မိလ္လာရေတွေ ရယ်ကို ပိုက်နဲ့သွယ်ပြီး အဆွေတို့ တောလယ်က ချိုင့်ကြီးထဲကို လွှတ်ချင်တာပါ။ အလကားမဟုတ်ပါဘူး။ တောနေတိရစ္ဆာန် များအတွက် တတ်နိုင်သမျှလေး ဖြည့်ဆည်းပေးရမှာပေါ့’’
မြေခွေး သူ့အဖွဲ့ကို လှမ်း ကြည့်တော့ ဘာမှမလုပ်ရဘဲ တိရစ္ဆာန်တွေ စားဖို့၊ သောက်ဖို့ရာ ဖန်လာပြန်ပေါ့ဆိုတဲ့ အကြည့် ကိုယ်စီနဲ့ပေါ့။
‘‘လုပ်ပါ လုပ်ပါ ဒီချိုင့်ကြီးက ဘာကိုမှ မသုံးတဲ့ ဥစ္စာ’’
မြေခွေးအနို့ကလို ခေါင်း ညိတ်လိုက်ပြီးတဲ့နောက် ဘဇာ ကြာလို့တုံး။ ချေးစော်၊ သေးစော် ဟောင်နေတဲ့ ပုပ်အဲ့အဲ့ ညှီတီတီ အရည်တွေ စုံနံ့သာမြိုင် တော လယ်က ချိုင့်ခွက်ကြီးထဲ နေ့စဉ် နဲ့အမျှ စီးဝင်နေတဲ့ဥစ္စာ။ တဗွက် ဗွက်နဲ့။
ငှက်ပျောသီးတို့၊ ဖရဲသီးတို့၊ မုန်လာဥတို့၊ ကြံတို့၊ အာလူးတို့ သားလေး၊ ငါးလေး လက်ဆောင် လာပေးတဲ့အခါ တိရစ္ဆာန်လေး တွေ ပျော်နေကြတာပါပဲ။ ထိုင်ရာ မထ စားရပြန်ပဟဆိုတဲ့ အတွေး နဲ့ပေါ့။
မြေခွေးတို့ခေတ်မှာ စုံနံ့သာမြိုင် ရွှေဖြစ်တယ်ဆိုတာ ဟုတ်သဟလို့ ကောက်ချက်ချနေကြတဲ့ပုံနဲ့။
ဟုတ်တယ်လေ။ တောကို ဖြတ်ပြီး မြစ်ဆိပ်ကိုဆင်းတဲ့ မော် တော်ကားလမ်း ဖောက်ချင် တယ်။ ဖောက်စေပေါ့။ မီးရထား လမ်းဖောက်ချင်တယ်။ ဖောက် စေပေါ့။ တောထွက်သစ်သီးတွေ ကို စည်သွတ်ဘူးလုပ်တဲ့ စက်ရုံ လာဆောက်ချင်တယ်။ ဆောက် စေပေါ့။ တဝေါဝေါကျနေတဲ့ ရေ တံခွန်လေးနားမှာ လျှပ်စစ် စက်ရုံ ကလေးဆောက်ပြီး လူတို့မြို့ဆီ မီးပေးတဲ့ စက်ကလေးလာလုပ် ချင်လို့။ လုပ်စေပေါ့။
တိရစ္ဆာန်ကလေးတွေ ဒီနှစ် ပိုင်းတွေမှာ မကြာခဏ အသီးအ နှံကလေးတွေ အထောက်အပံ့ရ သဗျ။ သားကလေးငါးကလေး လည်း ရသဗျ။ မြေခွေးကတော် အပါအ၀င် ဆင်း၊ ကျား၊ ခြသေ့င်္၊ မိကျောင်း အားလုံးသော ကတော် အပေါင်းတွေက ကာမောင်းတွေ ဘာတွေတောင် သင်ပြီးကြပြီဆို လား။
‘‘စုံနံ့သာမြိုင်ဆိုတဲ့ အမည် ကိုတော့ ကမ္ဘာတည်သရွေ့ အ ပျက်မခံကြနဲ့’’
တစ်ခါတစ်ခါ တောကို မြေ ခွေးပြောတတ်တဲ့ မိန့်ခွန်းပါ။ ဟုတ်ပါတယ်။ သစ်ပင်ဝါးပင်တွေ ရှင်းပြောင်၊ တောတွင်းသား ကောင်တွေ နတ္ထိ၊ လူတွေအခြေ ချ လာရောက်နေထိုင်ကြသည့် တိုင် စုံနံ့သာမြိုင်ဆိုတဲ့ နာမည်က တော့ ပျောက်လို့မဖြစ်ပါဘူး။ ယုန်တစ်ကောင်၊ ကြောင်တစ် မြီးမှ မရှိလည်း စုံနံ့သာမြိုင်။ သစ် တစ်တို၊ ၀ါးတစ်ညိုမရှိလည်း စုံနံ့ သာမြိုင်။ စပါးတစ်ပင်၊ မြက်တစ် မျှင် မရှိလည်း စုံနံသာမြိုင်။ နာ မည်ထဲမှာ တောပါနေသမျှ ကာ လပတ်လုံး ဟောသည့် တောကြီး မပျက်သုဉ်းပါဘူးလို့ တောခေါင်း ဆောင်မြေခွေးနဲ့ အဖွဲ့က ယူဆ နေတဲ့ပုံပါ။
ကဲထား။ တိရစ္ဆာန်ကလေး တွေအနေနဲ့ကတော့ လောလော ဆယ်ဆယ် လာဝေထားတဲ့ မုန် လာဥကလေးစား။ ကြံရိုးက လေး ၀ါး။ စိတ်ပြေလက်ပျောက် သီချင်းကလေး ဘာလေး ညည်း ချင်ညည်းပေါ့။
‘‘ပြောင်၊ ဆင်၊ ကျားရယ်
ကျွဲနဲ့ ယုန်ရယ် ...
ချေ၊ ဒရယ် ...
ပျော်ဖွယ် ဖို..မ
မြူးကြတဲ့ စုံတောမြိုင်’’ ။
(ဖော်ပြပါ သရော်စာသည် စာရေးသူ ဂျက်ကွမ်းခြံကုန်း၏ အာဘော်သာဖြစ်သည်)
ဂျက်ကွမ်းခြံကုန်း
Aye Chan Mon# Credit To :http://7daydaily.com/
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment