ACM Re-Post 31-5-2014
Written by: အောင်ကျော်ထက်၊ မင်းခန့်ဖြိုး
လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးဌေးမြင့် ပိုင်ဆိုင်ထားသည့် ယုဇနကုမ္ပဏီက ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသရှိ လယ်မြေဧက သုံးသိန်းကျော် သိမ်းယူခဲ့မှုအပေါ် နစ်နာမှုများအတွက် လျော်ကြေးပေးမည် ဖြစ်ကြောင်း ညှိနှိုင်းခဲ့မှုနှင့် လယ်ယာမြေများ အစားပြန်ပေးမည်ဖြစ်ကြောင်း ညှိနှိုင်းမှုများအား အမှန်တကယ် လုပ်ဆောင်ပေးခြင်း မရှိသဖြင့် ကချင်ပြည်နယ်မှ ဒေသခံတောင်သူ ၂၀ ကျော်က ဗဟန်းမြို့နယ်၊ အုတ်လမ်းမှတ်တိုင်အနီးရှိ ယုဇနဟိုတယ်ရှေ့တွင် သက်ဆိုင်ရာ ခွင့်ပြုမိန့်ဖြင့် မေ ၃၀ ရက် နံနက် ၁၀ နာရီတွင် ဆန္ဒပြခဲ့သည်။
ထိုသို့ဆန္ဒထုတ်ဖော်ရာတွင် “ယုဇနကုမ္ပဏီမှ အဓမ္မသိမ်းဆည်းထားသော လယ်မြေများပြန်လည်ရရှိရေး၊ ယုဇနကုမ္ပဏီမှ အဓမ္မသိမ်းဆည်းထားသော လယ်ဧက သုံးသိန်းကျော်အား မူလပိုင်ရှင် တောင်သူများ ပြန်လည်ရရှိရေး၊ ခုနစ်နှစ်ကြာ သီးနှံလျော်ကြေးငွေနှင့် လယ်မြေများ အမြန်ပြန်ပေးရေး၊ ၂၀၁၄ စိုက်ပျိုးရာသီအမီ လယ်ယာမြေအမြန် ပြန်လည်ရရှိရေး၊ ဥပဒေမဲ့ အဓမ္မသိမ်းဆည်းထားသော ယုဇနကုမ္ပဏီ ခရိုနီများ အလိုမရှိ၊ အဓမ္မလယ်ယာမြေသိမ်း ခရိုနီများ ကျဆုံးပါစေ” စသည့် ကြွေးကြော်သံများ ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်။
“အဒေါ်တို့မှာ ဘ၀ရှင်သန်နေထိုင်ဖို့အတွက် ထမင်းစားဖို့တောင် အနိုင်နိုင်ဖြစ်နေပြီ။ စိုက်ပျိုးမြေတွေ အသိမ်းခံထားရတော့ ၀င်ငွေလည်း မရှိတော့ဘူး။ အဒေါ်တို့က ဘာမှမသိ၊ ဘာမှနားမလည်တဲ့ တောသူတောင်သားတွေပါ။ ပိုင်ဆိုင်တာဆိုလို့ ဒီလယ်မြေလေးတွေပဲ ရှိတာပါ။ ဒီမြေလေးတွေ မရှိတော့ရင် ဘယ်လိုအသက်ဆက် ရှင်ရမလဲ။ အဒေါ်တော့ မရှိတော့ရင် သားသမီးတွေအတွက် ထားခဲ့စရာ အမွေတောင် မရှိပါဘူး။ အဒေါ်တို့လက်ထဲက အဓမ္မသိမ်းယူထားတဲ့ မြေလေးကို ပြန်ပေးစေချင်ပါတယ်” ဟု ဆန္ဒပြရာတွင် ပါဝင်သည့် ဒေသခံတောင်သူတစ်ဦးက ဆိုသည်။
၂၀၀၇ ခုနှစ်ခန့်မှစတင်၍ ယုဇနကုမ္ပဏီမှ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်းရှိ ၀ါရာဇွပ်ကျေးရွာအုပ်စု၊ ရှဒူးဇွပ်၊ ဘန်ကောက်ကျေးရွာ၊ အောင်ရာရပ်ကွက်၊ နမ်ဆိုင် စသည့်ရပ်ကွက်များနှင့် လီဒိုလမ်းမ တစ်လျှောက်ရှိ ဒေသခံများ ပိုင်ဆိုင်သည့် လယ်ယာမြေများ၊ သချိုင်္င်းမြေများ၊ နေအိမ်များနှင့် ကျေးရွာများအား မြေလွတ်၊ မြေရိုင်း၊ မြေလပ်ဟုဆိုကာ သိမ်းယူမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဒေါ်ဘောက်ဂျာ၏ ပြောပြချက်အရ သိရသည်။
“အခုလို ဆန္ဒဖော်ထုတ်ရတာ ယုဇနကုမ္ပဏီက ကျွန်မတို့တောင်သူတွေရဲ့ လယ်ယာမြေတွေကို အဓမ္မသိမ်းဆည်းထားတဲ့အတွက် ပြန်ပေးဖို့ ရန်ကုန်ထိလာပြီး ဆန္ဒပြရတာပါ။ မတရားသိမ်းဆည်းခံ လယ်မြေတွေကို ခရိုနီဆီက ပြန်တောင်းနေတာပါ။ ဆက်လက်ညှိနှိုင်းလို့မှ အဆင်မပြေသေးရင် ထပ်ပြီးဆန္ဒပြမယ်။ တရားလည်း ထပ်စွဲသွားမှာပါ” ဟု ဒေါ်ဘောက်ဂျာက ဆိုသည်။
ထို့ပြင် သိမ်းဆည်းခံ လယ်မြေများပြန်လည်ရရှိရန် လယ်သိမ်းခံရသည့် ဒေသခံတောင်သူ ၂၅၀ ခန့် အနက် ၁၂၀ ခန့်က ၂၀၁၀ ပြည့်နှစ်မှစတင်၍ ယုဇနကုမ္ပဏီအား တရားစွဲဆိုခဲ့ထားခဲ့ပြီး ညှိနှိုင်းမှုများ ပြုလုပ် ခဲ့သော်လည်း အဆင်ပြေမှု မရရှိခဲ့ကြောင်း သိရသည်။
ယုဇနကုမ္ပဏီက လယ်မြေဧက သုံးသိန်းကျော် သိမ်းယူခဲ့မှုအပေါ် ဒေသခံတောင်သူတို့က ယုဇနဟိုတယ်ရှေ့တွင် ဆန္ဒပြနေစဉ်
Aye Chan Mon Credit To: Eleven Media Group
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/
Post a Comment