0

ချမ်းငြိမ်း
အတွဲ (၁၃)၊ အမှတ်(၉)

ကမ္ဘာ့ရာဇဝင်တွင် အလက်ဇန္ဒားသည်ဂရိတ်၊ အသောက၊ ဂျူးလိယက်ဆီဇာ၊ ဂျင်ဂျစ်ခန်နှင့် နပိုလီယံတို့သည် ထင်ရှားသော စစ်ဘုရင်စစ်သူရဲကောင်းများဖြစ်ခဲ့သည်။ အလက်ဇန္ဒားသည်ဂရိတ်သည် ဂရိအင်ပါယာ၊ အသောကဘုရင်သည် မောရိယ(အိန္ဒိယ)အင်ပါယာ၊ ဂျူးလိယက်ဆီဇာသည် ရောမအင်ပါယာ၊ ဂျင်ဂျစ်ခန်သည် မွန်ဂိုအင်ပါယာကို ထူထောင်ခဲ့ပြီး ပြင်သစ်စစ်ဘုရင်နပိုလီယံသည် ဥရောပတိုက်ကြီးတစ်ခုလုံးလိုလို သိမ်းပိုက်ခဲ့သော ဘုရင်ဧကရာဇ်ဖြစ်ခဲ့သည်။

ထိုစစ်ဘုရင်ကြီးများသည် စစ်ပွဲပေါင်းမြောက်မြားစွာ ဆင်နွှဲပြီး အောင်ပွဲအလီလီရကာ အင်ပါယာကြီးများကို သူ့ခေတ်သူ့ကာလအလျောက် သမိုင်းတွင် ထူထောင်ခဲ့ကြသော မင်းဧကရာဇ်များဖြစ်ခဲ့သည်။ ထိုဘုရင်ဧကရာဇ်များထဲတွင် အထူးခြားဆုံးမှာ အသောကဘုရင်ဖြစ်သည်။ အသောကဘုရင်သည် ကမ္ဘာတွင် စစ်အောင်နိုင်ပြီးနောက် စစ်ပွဲများကို ရပ်တန့်ခဲ့သည့် တစ်ပါးတည်းသော ဘုရင်ဧကရာဇ်ဖြစ်ပါသည်။ ထို့အပြင် အသောကဘုရင်သည် ဧကရာဇ်မင်းချင်းအတူတူ ကမ္ဘာ့ရာဇဝင်တွင် လူသားကောင်းကျိုး အများဆုံး သယ်ပိုးဆောင်ရွက်နိုင်ခဲ့သော မင်းဧကရာဇ်လည်းဖြစ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဂရိဘုရင်အလက်ဇန္ဒားသည် အက်ဒရာတစ်ပင်လယ်မှ အိန္ဒုမြစ်သို့တိုင် အရောက်လှမ်းပြီး ဂရိအင်ပါယာထူထောင်နိုင်ခဲ့သော်ငြား စစ်ပွဲများအောင်နိုင်ပြီး သေရည်အရက်သောက်စားရာမှ အသက်(၃၃)နှစ် ငယ်ငယ်ရွယ်ရွယ်အချိန်မှာပင် ဘေဘီလုံမြို့၌ နတ်ရွာစံခဲ့သည်။ အလက်ဇန္ဒားနတ်ရွာစံပြီးနောက် ၎င်း၏အင်ပါယာသည် တစ်မုဟုတ်ချင်း ပြိုကျပျက်စီးသွားခဲ့သည်။ ဂျူးလိယက်ဆီဇာသည်လည်း ဘုန်းတန်ခိုးနေလတောက်ပချိန်တွင် အီဂျစ်အလှဘုရင်မ ကလီယိုပါထရာနှင့်တွေ့ပြီး အာသာရမက်ငမ်းငမ်းဖြင့် အချိန်ကုန်လွန်နေရာမှ ၎င်းအာဏာကြီးထွားလာခြင်းကို မရှုစိမ့်သည့် လူယုံပုရောဟိတ်များ လက်ချက်ဖြင့် နတ်ရွာလားခဲ့သည်။ မြင်းသည်တော်အရိုင်းအစိုင်းများကို အုပ်ချုပ်ခဲ့သော မွန်ဂိုဘုရင်ဂျင်ဂျစ်ခန်သည် ယဉ်ကျေးမှုလုံးလုံးမရှိ ရက်စက်ကြမ်းကြုတ်သော စစ်ဘုရင်တစ်ပါးအဖြစ်သာ အနိစ္စရောက်ခဲ့သည်။ စစ်ဘုရင်နပိုလီယံသည်ကား တိုက်ပွဲအလီလီတိုက်ရင်း ဝါတာလူးစစ်ပွဲရှုံးနိမ့်ရာမှ စိန့်ဟယ်လီနာကျွန်းသို့ ပို့ဆောင်ခံရကာ မသေခင်အရူးသဖွယ် ခံစားခဲ့ရသည်။ အသောကဘုရင်မှာကား စစ်ပွဲမှသေကျေပျက်စီးမှုများကို သတိသံဝေဂရပြီး အချိန်မီပြင်ဆင်ကာ ဗုဒ္ဓသာသနာအကျိုးသယ်ပိုးရင်း နန်းသက်(၃၈)နှစ်တိုင်တိုင် စံမြန်းသွားသော တစ်ပါးတည်းသော မင်းဧကရာဇ်ဖြစ်ခဲ့သည်။

သီရိဓမ္မာသောကမင်း(ဝါ) အသောကဘုရင်

မြန်မာလူမျိုးတို့သိသော သီရိဓမ္မာသောကမင်း (ဝါ) အသောကဘုရင်သည် မောရိယမင်းဆက် တည်ထောင်သူ စန္ဒရဂုတ္တမင်းကြီး၏ မြေးတော်ဖြစ်သည်။ ယေရှုခရစ်မပေါ်ထွန်းမီ ၂၆၈ နှစ်တွင် ဘုရင်ဖြစ်လာပြီး အိန္ဒိယတိုက်ကြီးတစ်ခုလုံးကို ၎င်း၏အင်ပါယာအဖြစ် သွတ်သွင်းခဲ့သော ရှင်ဘုရင်တစ်ပါးဖြစ်ခဲ့သည်။ အသောကဘုရင်သည် အိန္ဒိယတိုက်သာမက အာရှအလယ်ပိုင်းထိ နယ်ပယ်ချဲ့ထွင်ပြီး ကျန်ရှိနေသေးသော အရှေ့အာရှနှင့် တောင်ပိုင်းဒေသများကို အင်ပါယာထဲသွတ်သွင်းရန် စစ်ပွဲအကြိမ်ကြိမ်တိုက်ခဲ့သည်။ ထိုသို့တိုက်ခိုက်ရင်း အိန္ဒိယအရှေ့ပင်လယ်ကမ်းခြေတွင်ရှိသော ကလိင်္ဂပြည်ကိုဝင်တိုက်ရာ၌ အခက်အခဲကြုံတွေ့ရလေသည်။ တိုင်းပြည်ငယ်သာ ဖြစ်သော်လည်း ကလိင်္ဂတိုင်းသူပြည်သားများသည် ရဲရဲဝံ့ဝံ့အသက်အသေခံ၍ အသောကဘုရင်၏တပ်များကို ခုခံတိုက်ခိုက်လေရာ စစ်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ရသည်။ သို့ရာတွင် အင်အားချင်းမမျှတ၍ ကလိင်္ဂပြည်သည် နောက်ဆုံးတွင် အသောက လက်အောက်သို့ ကျရောက်ခဲ့ရှာသည်။ ဤတွင် အသောကဘုရင်သည် ပြင်းထန်လွန်းသော စစ်ပွဲမှ စစ်အနိဋ္ဌာရုံများကိုမြင်တွေ့ပြီး ကြီးစွာတုန်လှုပ်သွားလေသည်။ စစ်ပွဲတွင် ကလိင်္ဂစစ်သည်နှင့် ပြည်သူပြည်သား တစ်သိန်းကျော် အသက်ဆုံးရှုံးခဲ့ရပြီး လူပေါင်းတစ်သိန်းငါးသောင်းကို သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လာခဲ့ကာ ခြေပြတ်လက်ပြတ်ဖြင့် ဒုက္ခသည်သောင်းပေါင်းများစွာကို အသောကဘုရင် မြင်တွေ့ပြီး သတိသံဝေဂရကာ ထိုမှစ၍ စစ်ပွဲကို လုံးလုံးစွန့်ခွာသော ဘုရင်ဖြစ်ခဲ့သည်။ ထို့နောက် အသောကဘုရင်သည် နန်းစံသက်ကာလတစ်လျှောက်လုံး ဗုဒ္ဓဘာသာ၏ သားတပည့်တစ်ဦးအဖြစ် ခံယူကာ ပြည်သူပြည်သားများကို စောင့်ရှောက်ခဲ့လေသည်။ အသောက ဘုရင်နန်းစံသက်တစ်လျှောက်တွင် အိန္ဒိယနိုင်ငံ(အိန္ဒိယတိုက်) သည် ပျော်မွေ့ဖွယ်အကောင်းဆုံးသော နှစ်ကာလများဟု သမိုင်းဆရာများ အဆိုရှိခဲ့သည်။ အသောကဘုရင်သည် ဗုဒ္ဓသာသနာပြန့်ပွားလေအောင် နိုင်ငံအရပ်ရပ်၌ ကျောက်တိုင်များထွင်းထုကာ ကျောက်စာများရေးထိုးခဲ့သည်။ ထိုကျောက်စာအချို့သည် နှစ်ပေါင်းနှစ်ထောင်ကျော်လာသည့်တိုင် ယနေ့အချိန်အထိ မြင်တွေ့နိုင်ဆဲဖြစ်သည်။ အသောကဘုရင်သည် ဗုဒ္ဓသာသနာ ပြန့်ပွားစေရေးသာမက ပြည်သူပြည်သားများ စားဝတ်နေရေးပြေလည်စေရန် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်ရုံမျှမက လမ်းပန်းဆက်သွယ်ရေးနှင့် တိုင်းပြည်တိုးတက်စေရေးအတွက် တက္ကသိုလ်များ တည်ထောင်ဖွင့်လှစ်ပေးခဲ့သည်။

ထို့အပြင် ကမ္ဘာ့ပထမဦးဆုံးသော တိရစ္ဆာန်ဆေးကုသရေးနှင့် ပြုစုစောင့်ရှောက်ရေးအတွက် စီမံဆောင်ရွက်နိုင်ခဲ့သည်။ ထိုသို့သော ရှင်ဘုရင်သည် နှစ်ပေါင်း နှစ်ထောင်ကျော်ကြာသည့်တိုင် နှောင်းလူတို့ ၎င်း၏အမည်ကို မမေ့သေး။ ကောင်းမှုကုသိုလ်ဖြင့် ကျော်စောထင်ရှားဆဲဖြစ်ပါသည်။

တရုတ်ဘုရင်ရှီဟွမ်တီ

အသောကဘုရင်နှင့်ခေတ်ပြိုင် တစ်ပြိုင်တည်းလိုလို တရုတ်ပြည်ကို အုပ်ချုပ်ခဲ့သူမှာ နာမည်ကျော် တရုတ်ဧကရာဇ်ရှီဟွမ်တီ ဖြစ်သည်။ တရုတ်ပြည်တွင် နှစ်ပေါင်းထောင်ချီ၍ တရုတ်ဘုရင် တစ်ပါးပြီးတစ်ပါး အုပ်ချုပ်မင်းလုပ်ခဲ့ပြီး ရှီဟွမ်တီမတိုင်မီ‘ချောင်’မင်းဆက်သည် နှစ်ပေါင်း ၈၇၆ နှစ်တိတိ ကြာခဲ့သည်။ ထို့နောက် ဘီစီ ၂၄၆ တွင် နန်းတက်လာသော ဝင်ကျင်အမည်ရှိ နောင်တစ်ချိန် သမိုင်းတွင် လူသိများသည့် ရှီဟွမ်တီဘုရင်သည် သူတလူငါတမင်းအုပ်ချုပ်နေသော ပြည်နယ်များကို တိုက်ခိုက်သိမ်းပိုက်ပြီး ကျယ်ပြောသော တရုတ်ပြည်ကြီးကို စုစည်းနိုင်ခဲ့သည်။ ထို့နောက် ၎င်း၏လက်ထက်တွင် တရုတ်ပြည်၌ ဆိုးရွားသောအဖြစ်အပျက်များ ဖြစ်ပျက်ခဲ့ပါသည်။ ရှီဟွမ်တီသည် နန်းတက်လျှင်တက်ချင်း ရှေးတရုတ်မင်းအဆက်ဆက်တို့ အုပ်စိုးခဲ့သည်ကို ပယ်ဖျက်ပြီး တရုတ်ပြည်၏ ပထမဆုံးသော မင်းဧကရာဇ်အဖြစ် ခံယူလေသည်။ တရုတ်ပြည်ကြီးနှင့်ပတ်သက်၍ သမိုင်းတွင် သူ့မတိုင်မီ မည်သည့်အချက်အလက်မှမရှိစေရဟုဆိုကာ သမိုင်းမှတ်တမ်းရေးထိုးထားသော စာအုပ်များ၊ အစီရင်ခံစာများ၊ ဘာသာရေးကျမ်းဂန်များအားလုံးကို မြေလှန်မီးရှို့ပစ်လေသည်။ အထူးသဖြင့် တရုတ်ပြည်သူများကိုးကွယ်သော ကွန်ဖြူးရှပ်စ်နှင့် လာအိုဇူဝါဒ သဘောတရားစာအုပ်များကို အစုလိုက်အပုံလိုက် မီးတင်ရှို့သည်။ စာအုပ်ပိုင်ဆိုင်သူ မည်သူ့ကိုမဆို သေဒဏ်ပေးမည်ဟု အမိန့်ထုတ်ပြန်သည်။ ထိုအမိန့်တော်အတိုင်းပင် ကွန်ဖြူးရှပ်စ်ပညာရှင် ၄၆၀ ကျော်အား အရှင်လတ်လတ် မြေမြှုပ်စီရင်ခဲ့ပါသည်။ ရှီဟွမ်တီလက်ထက်တွင် တရုတ်နိုင်ငံတစ်ဝန်းရှိ သိန်းနှင့်ချီသော စာအုပ်စာတမ်းများ၊ ပေမူများမီးရှို့ခံရပြီး ပညာရှင်အများအပြား ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။ ရှီဟွမ်တီသည် မင်းဧကရာဇ်တစ်ပါးဖြစ်သည်နှင့်အညီ ကမ္ဘာ့သမိုင်းဝင် မိုင်ပေါင်းလေးထောင်ကျော် ရှည်လျားသော မဟာတံတိုင်းကြီးကို ဆောက်လုပ်ခဲ့သည်။ ‘မဟာတံတိုင်းမရောက်ငြား ယောက်ျားဘသားမဖြစ်ငြား’ ဟူသည့်အဆိုပင် ပေါ်ထွန်းခဲ့သော ကြီးကျယ်မြင့်မားသည့် မဟာတံတိုင်းကြီးသည် ရှီဟွမ်တီ၏ စိတ်ကူးစိတ်သန်းကြောင့် ပေါ်ထွက်လာသော တံတိုင်းကြီးဖြစ်သည်။

ဆောက်လုပ်စဉ်ကာလက မြောက်မြားစွာသော လူ့အသက်များကို စတေးခဲ့ရသည်။ ရှီဟွမ်တီသည် ကြီးကျယ်မြင့်မြတ်သော ၎င်း၏တရုတ်မင်းဆက်ကို ထူထောင်ရန်ကြံစည်ခဲ့သော်လည်း ကွယ်လွန်ပြီး သုံးနှစ်အကြာမှာပင် မင်းဆက်ပြတ်ခဲ့သည်။ တရုတ်ရာဇဝင်တွင် အတိုဆုံးသော မင်းဆက်လည်းဖြစ်ခဲ့သည်။ ရှီဟွမ်တီမရှိသောအခါ တရုတ်ပြည်သူပြည်သားများသည် မြှုပ်နှံသိမ်းဆည်းထားသော ကျမ်းဂန်များကို အသီးသီးဖော်ထုတ်ကာ မူလအတိုင်း ပြန်လည်ကိုးကွယ်ခဲ့ကြသည်။ ရှီဟွမ်တီကွယ်လွန်သည်မှာ နှစ်ပေါင်းနှစ်ထောင်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း သမိုင်းတွင် စာပေကျမ်းဂန်များကို မီးရှို့ဖျက်ဆီးသူ၊ ပညာရှိများကို လုပ်ကြံသတ်ဖြတ်ခဲ့သူ မင်းဆိုးမင်းညစ်အဖြစ် နှောင်းလူတို့ သတ်မှတ်ခြင်း ခံရလေသည်။

အသောကကျောက်စာတိုင်ကမ္ပည်း

အသောကဘုရင်မင်းမြတ်သည် အိန္ဒိယနိုင်ငံတစ်ဝန်း ၎င်း၏ ဆောင်ရွက်ပုံများ၊ ဗုဒ္ဓဘာသာအပေါ် ယုံကြည်သက်ဝင်မှု၊ နိုင်ငံသားများအပေါ်ထားရှိသည့် သဘောထားနှင့် အနာဂတ်သာသနာအရေးနှင့်ပတ်သက်၍ ကျောက်စာများရေးထိုးခဲ့ရာ သမိုင်းတွင် အသောကကျောက်စာဟု ထင်ရှားခဲ့သည်။ အသောကဘုရင်သည် ၎င်း၏လက်ထက် တိုင်းပြည်သာယာဝပြောပုံ၊ ပြည်သူတို့အပေါ်ထားရှိသည့် သဘောထားများကို ကျောက်စာရေးထိုးခဲ့ရာ၌ ကျောက်စာတစ်နေရာတွင် အောက်ပါအတိုင်း ဖော်ပြထားသည်။ ပွဲတော်တည်နေသည့်အခါဖြစ်စေ၊ အဆောင်တော်ကူးနေသည့်အခါဖြစ်စေ၊ ယာဉ်ရထားပေါ်ရောက်နေသည့်အခါဖြစ်စေ၊ နန်းဥယျာဉ်ထဲ ရောက်နေသည့်အခါဖြစ်စေ၊ မည်သည့်အချိန်မဆို၊ မည်သည့်နေရာမဆို၊ ဘုရင့်အထောက်တော်များသည် ပြည်သူ့အရေးအခင်းဖြစ်ပါက ငါ့ကိုအမြဲမပြတ် သတင်းကြားလျှောက်နေရမည်။ အခက်အခဲ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အချိန်မရွေး၊ နေရာမရွေး ငါ့ကိုသံတော်ဦးတင်ရမည်။ အကြောင်းမူကား ငါသည် ပြည်သူ့အကျိုးအတွက် အလုပ်လုပ်နေခြင်းကြောင့်ဖြစ်သည်ဟု တိုင်းပြည်အုပ်ချုပ်ပုံနှင့်ပတ်သက်၍ ရေးထိုးခဲ့သည်။ ထင်ရှားသော အဓိကကျောက်စာတိုင်တွင်ကား ဘာသာအယူဝါဒတိုင်းသည် အကြောင်းတစ်ကြောင်းမဟုတ် တစ်ကြောင်းကြောင့် လေးစားအပ်၏။ လူသည် အခြားဘာသာအယူဝါဒကို လေးစားသမှုပြုခြင်းအားဖြင့် မိမိဘာသာအယူဝါဒကို မြှင့်တင်ပေးရာရောက်၏။ တစ်ပြိုင်နက်တည်းမှာပင် အခြားပုဂ္ဂိုလ်များ၏ ဘာသာအယူဝါဒများကိုလည်း အကျိုးပြုရာရောက်ပေသည်ဟု ကျောက်စာ၌ ရေးထိုးထားပါသည်။

အသောကကျောက်စာတိုင်ကို ပမာပြု၍ ဗုဒ္ဓသာသနာအလံလွှင့်ထူထားသော အဖွဲ့အစည်းမှ ရဟန်းရှင်လူများ ဆင်ခြင်သတိ ရှိစေချင်ပါသည်။

ရည်ညွှန်း

၁။ Glimpses of world History (Nehru)

၂။ အသောကမင်းတရားကြီး၏ အတ္ထုပ္ပတ္တိနှင့် ကမ္ပည်းကျောက်စာ

Aye Chan Mon# Credit To :http://www.7daynewsjournal.com/
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
1

Post a Comment

 
Top