0

ACM Re-Post 24-4-2014

သိပ်မကြာခင်က S.I.R Group ထဲက Reason အဖွဲ့ဟာ “ပင်လယ်ထဲကမြစ်များ” လို့ အမည်ပေးထားတဲ့ ဒုတိယ Single Album ကို ထုတ်လုပ် ဖြန့်ချိခဲ့ ပါတယ်။ သူတို့အဖွဲ့ဟာ ပထမ Single Album ဖြစ်တဲ့ “မာတိကာ” Album နဲ့ အောင်မြင်မှု ရထားတာမို့ အခု ဒုတိယ Single Album ကိုလည်း Cover Design ကအစ ပထမ Album ထက် ထူးခြားအောင် အကောင်းဆုံး မွမ်းမံထားတာကို တွေ့ရပါတယ်။

ပွဲဦးထွက် မာတိကာ Album မှာ ကတည်းက Reason အဖွဲ့ဟာ သူတို့ရဲ့ ဖန်တီးမှု အရည်အသွေးကို လှစ်ဟ ပြနိုင်ခဲ့သလို အခု ဒုတိယ Album ကိုလည်း ခေတ်သစ်ဂီတ အငွေ့အသက်တွေ ထုံလွှမ်းနေအောင် ကြိုးစား ဖန်တီးခဲ့ကြတာကို သတိထားမိခဲ့ပါတယ်။

ဒါပေမယ့် ပွဲဦးထွက် Album ထဲက သီချင်းပုံစံတွေဟာ Reason အဖွဲ့ရဲ့ ရိုးသားပြီး လွတ်လပ်ပေါ့ပါးတဲ့ အရသာကို ပိုမို ပေါ်လွင်စေခဲ့ ပေမယ့် အခု ဒုတိယ Album မှာ ပါဝင်တဲ့ သီချင်းတွေကတော့ ဘောင်တခုထဲမှာ ရောက်နေသလို ခံစားရပြီး အရင် Reason အဖွဲ့ရဲ့ လွတ်လပ်ပေါ့ပါးတဲ့ ပုံစံမျိုးမရှိတာကို တွေ့ရပါတယ်။

အခု ဒုတိယ Album မှာပါဝင်တဲ့ သီချင်းပုံစံတွေက Reason အဖွဲ့ရဲ့ ခံယူချက်အတိုင်း ခေတ်သစ် Rock ဂီတပုံစံပေါ်မှာ အခြေ တည်ထားတဲ့ သီချင်းတွေ အများစု ပါဝင်တာကို တွေ့ရပါတယ်။ ဒီ Album ရဲ့ ထူးခြားမှု တခုကတော့ Reason အဖွဲ့ရဲ့ Instrumental တပုဒ်ပါဝင်ပြီး Album Title သီချင်းမှာလည်း မျိုးကြီးက Featuring ၀င်ဆိုပေးထားခြင်းပဲ ဖြစ်ပါ တယ်။

Instrumental သီချင်း အပါအ၀င် စုစုပေါင်း သီချင်း ၁၃ ပုဒ်ပါဝင်တဲ့ ဒီ Album ကို နားဆင်ကြည့်တဲ့အခါ Reason အဖွဲ့ရဲ့ တီးခတ်မှုအပိုင်းနဲ့ Arrangement ပိုင်းမှာ အရင်ထက် ပိုမိုတိုးတက်မှု ရှိလာတာကို သတိထားမိခဲ့ပါတယ်။

ဒါ့အပြင် သီချင်း တပုဒ်စီတိုင်းကို ဖန်တီးတီးခတ်သွားတဲ့ Reason အဖွဲ့က Player တွေရဲ့ တီးခတ်မှု အရည်အသွေးနဲ့ သေသပ် ကောင်း မွန်တဲ့ Arrangement တွေကလည်း ကျေနပ် အားရစရာ ကောင်းလှပြီး Reason အဖွဲ့ရဲ့ ဂီတပါရမီကို ပိုမိုလှစ်ဟ ပြနိုင်ခဲ့တဲ့ Album တချပ်လို့ ဆိုရမှာပါ။

ဒါပေမယ့် ဒီ Album ထဲမှာ ထူးထူးခြားခြား ထည့်ထားတဲ့ “Unabsent Minded Maze” ဆိုတဲ့ Instrumental အပုဒ်ကတော့ မှတ်မှတ် ရရ ပြောစရာ ဖြစ်လောက်တဲ့ Instrumental ပုံစံမျိုးတော့ ဖြစ်မလာခဲ့ပါဘူး။ ဘာကြောင့်လဲ ဆိုရင် ဒီ Instrumental ကို ဖန်တီး ထားတဲ့ ပုံစံမျိုးက သမားရိုးကျပုံစံမျိုး ဖြစ်ပြီး တိုးလွန်းတယ်လို့ ခံစားမိပါတယ်။ တိုတိုနဲ့ ထိထိမိမိ ဖန်တီးထားတဲ့ တခြား Instrumental ပုံစံမျိုးတွေလို စိတ်ထဲမှာ စွဲထင်ကျန်ရစ်သွားတာမျိုး မဟုတ်ခဲ့လို့ဘဲ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Reason အဖွဲ့ရဲ့ ကိုယ်ယုံကြည်ရာကို ရဲရဲဝံ့ဝံ့ လုပ်ပြရဲတဲ့ စိတ်ကူး စိတ်သန်းတွေကို အသိအမှတ် ပြုရမှာပဲ ဖြစ် သလို ပရိသတ် အကြိုက်ကို မလိုက်ဘဲ ကိုယ်ယုံကြည် အားသန်တဲ့ ဂီတပုံစံမျိုးတွေကို ပိုမိုဖန်တီး သီဆို သွားတဲ့ အောင်လရဲ့ ခံယူချက်ကိုလည်း လေးစားရမှာပဲ ဖြစ်ပါတယ်။

သီချင်း ၁၃ ပုဒ်နဲ့ ဖွဲ့တည်ထားတဲ့ ဒီ Album ထဲမှာ Vocal ပိုင်းနဲ့ ပတ်သက်လို့ အားနည်းချက် အနည်းငယ် ရှိနေတာက လွဲလို့ ဆန်း သစ်တဲ့ သီချင်းပုံစံတွေနဲ့ Reason အဖွဲ့ရဲ့ သေသပ်တဲ့ တီးခတ်မှု အပိုင်းကြောင့် Rock ဂီတကို လေ့လာနေကြတဲ့ လူငယ်တွေအတွက်တော့ အကျိုးရှိမယ့် Album တချပ်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် “ပင်လယ်ထဲက မြစ်များ” Album ထဲက ထူးခြားတဲ့ မြစ်တချို့ရဲ့ စီးဆင်းမှု ပုံသဏ္ဌာန်တွေကို လေ့လာကြည့်ဖြစ်တဲ့ အခါ . . .

ဒီ Album ရဲ့ ဒုတိယမြောက်အပုဒ် “Animation X” ဆိုတဲ့ အင်္ဂလိပ်လို ရေးဖွဲ့ထားတဲ့ သီချင်းကတော့ စာသား အကြောင်းအရာ အရရော Music Style အရပါ အားကောင်းတဲ့ သီချင်းတပုဒ်လို့ ဆိုရမှာပါ။ အင်္ဂလိပ်စာကို ကျွမ်းကျွကျင်ကျင် ရှိတယ်လို့ ယူဆရတဲ့ ကျားပေါက်နဲ့ အောင်လတို့ နှစ်ယောက်ရဲ့ Vocla Color က ဆွဲဆောင်မှု ရှိတာကို တွေ့ရသလို စကားလုံး အကြောင်းအရာနဲ့ သီချင်း Melody ကလည်း လိုက်ဖက်မှု ရှိလှပါတယ်။ သီချင်းပုံစံက Seether ရဲ့ အငွေ့အသက်တွေ လွှမ်းနေတာကလွဲလို့ အောင်လနဲ့ ကျားပေါက်ရဲ့ အားကောင်းတဲ့ Vocal Expression အပြင် Willian ရဲ့ ချိုရှတဲ့ ဂစ်တာသံလွင်လွင်ကပါ ဖမ်းစားနိုင်ခဲ့ ပါတယ်။

ငါးပုဒ်မြောက် ဖြစ်တဲ့ မှားခဲ့လား ဆိုတဲ့ သီချင်းကတော့ ဒီ Album မှာ ရှားရှားပါးပါး ပါဝင်လာတဲ့ Idiots အဖွဲ့က Drummer ဂျပန်ရဲ့ လက်ရာမွန် သီချင်းကောင်းလေး တပုဒ် ဖြစ်ပါတယ်။ Acoustic Mood ပုံစံပေါ်မှာ အခြေတည် ထားပြီး Willian ရဲ့ Acoustic Mood ဂစ်တာသံ အမိုက်စားနဲ့ အောင်လရဲ့ ထိရှတဲ့ Vocal Expression အပြင် ဂျပန်ရဲ့ အသဲကွဲ စာသား အကြောင်းအရာကြောင့် လမ်းဘေးဂစ်တာဝိုင်းက လူငယ်တွေကြားမှာ စီးဆင်း လည်ပတ်နေမယ့် သီချင်းတပုဒ်ပဲ ဖြစ်ပါတယ်။

Intro အစမှာ Techno Mood ဆန်ဆန် ဖန်တီးထားပြီး Backing ပိုင်းကို Rock ဆန်တဲ့ Guitar Vamp ထူထူနဲ့ ချိတ်ဆက် တီးခတ် သွားတဲ့ သီချင်းကတော့ ဒီ Album ရဲ့ ၉ ပုဒ်မြောက်ဖြစ်တဲ့ For The Moment ဆိုတဲ့ သီချင်းပဲ ဖြစ်ပါတယ်။ ရိုးရိုး Rock သီချင်း ပုံစံ ပေါ်မှာ ခေတ်သစ်ဂီတ ပုံစံ အဖြစ် ချိတ်ဆက် ယူသွားတဲ့ လှပတဲ့ Chord Phrasing တည်ဆောက်ပုံနဲ့ သစ်လွင်တဲ့ Arrangement ကြောင့် ခေတ်သစ် Rock ဂီတ သီချင်းတပုဒ်အဖြစ် ရုပ်လုံးကြွ လာခဲ့ပါတယ်။

စကားလုံး အကြောင်းအရာကလည်း တခြားသီချင်း အကြောင်းအရာတွေ ထဲက ခွဲထွက်နိုင်ခဲ့တဲ့ အကြောင်းအရာမျိုး ဖြစ်ပြီး Chorus ပိုဒ်မှာ အင်္ဂလိပ်လို သီဆိုသွားတာကြောင့် သီချင်းရဲ့ Tempo ကို ပိုပြီး မြင့်တက်လာ စေခဲ့သလို Chorus အပိုဒ်ရဲ့ အဆုံး သတ်မှာ သီဆိုသွားတဲ့ အောင်လရဲ့ Crack Color တွေ ကလည်း နားဆင်ခံစားသူကို ဖမ်းစားနိုင်ခဲ့ ပါတယ်။ ဒါပေမယ့် ပြောစရာရှိတာက စောက်ဆိုတဲ့ အသုံးအနှုန်းမျိုး ပါဝင်နေတာမို့ မြန်မာ့ယဉ်ကျေးမှု အရ နားဝင်မချိုလှပေမယ့် ပြီးပြည့်စုံတဲ့ Rock သီချင်း ကောင်းတပုဒ် အဖြစ်တော့ စီးဆင်းနိုင်ခဲ့ပါတယ်။

ဒီ Album ရဲ့ ၁၀ ပုဒ်မြောက်ဖြစ်တဲ့ “အဆင်ပြေမှာပါ” သီချင်းကတော့ Intro မှာကတည်းက ထူးခြားတဲ့ Guitar Riff တွေနဲ့ နားဆင်ခံစားသူကို ပထမဆုံး ဆွဲဆောင်ဖမ်းစားလိုက်နိုင်တဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။ Rock ဂီတပေါ်မှာ အခြေခံ ထားပေမယ့် ဒီသီချင်းရဲ့ Melody က နားဝင်ချိုပါတယ်။ Bucking အနေနဲ့ Willie ရဲ့ Guitar Scale တွေ ကလည်း ဆန်းသစ်နေတာကြောင့် ဒီသီချင်းပေါ်မှာ ခံစားမှု ပိုမို အားကောင်းစေခဲ့ပါတယ်။

“အလွမ်းသည်” ဆိုတဲ့ သီချင်းကတော့ ဒီ Album ထဲက ၁၁ ပုဒ်မြောက် သီချင်းဖြစ်ပြီး တခြားသီချင်း ပုံစံတွေနဲ့ လုံးဝ ခွဲထွက်နိုင်ခဲ့ တဲ့ သီးချင်း ဖြစ်ပြီး၊ သီးခြားဆန်တဲ့ အသဲကွဲ သီချင်းကောင်း တပုဒ်ပဲ ဖြစ်ပါတယ်။ Slow Rock ဟန်ပေါ်မှာ ¾ Timing ဆန်ဆန် ဖန်တီးထားတာကို တွေ့ရပါတယ်။

ချစ်စရာကောင်းတဲ့ Melody နဲ့အတူ လှပတဲ့ Chord Pharsing တွေနဲ့ တည်ဆောက် ထားပုံကလည်း အောင်လရဲ့ သီချင်း ရေးဖွဲ့မှု အတတ်ပညာ အရည်အသွေးကို မီးမောင်းထိုးပြ ထားပါတယ်။ အထူးသဖြင့် Bridge အပိုဒ်နဲ့ Chorus ပိုဒ်တွေရဲ့ Melodic ဖြစ်မှုက ဒီသီချင်း အပေါ် ပိုမို တိမ်းမူးစေခဲ့သလို ရိုးရိုးလေးနဲ့ ဆန်းနေတဲ့ စကားလုံး အကြောင်းအရာ ကလည်း လူငယ်တွေရဲ့နှလုံးကို လှုပ် ခါ နိုင်စွမ်းရှိတာ တွေ့ရပါတယ်။

Reason အဖွဲ့ရဲ့ ရိုးရှင်းတဲ့ Arrage ပေါ်မှာ Expression အားကောင်းကောင်းနဲ့ ခံစားမှုကို အသားပေးပြီး သီဆိုသွားတဲ့ အောင်လရဲ့ Mood က တကယ်ကို အံဝင်ခွင်ကျဖြစ်လှတာမို့ သီချင်းအဆုံးသတ်ကို နားထောင်ပြီးသွားတဲ့အခါမှာ ပြန်လည် နားဆင်လိုတဲ့ ဆန္ဒ ဖြစ်ပေါ်လာကြမှာ မလွဲတဲ့ သီချင်းကောင်းလေး တပုဒ်ပဲ ဖြစ်ပါတယ်။

တကယ်တော့ ဒီ Album ထဲမှာ အောင်လရဲ့ Vocal နဲ့ သိပ် မလိုက်ဖက်တဲ့ ပြင်းရှရှ Rock သီချင်းတချို့ ပါဝင်နေတာက လွဲလို့ သီချင်းရေးဖွဲ့မှု အတတ်ပညာနဲ့ Reason အဖွဲရဲ့ တီးခတ်မှု အရည်အသွေးတွေ ထင်ဟပ်နေတာကိုတော့ တွေ့ရပါတယ်။ ဒါကြောင့် ဂီတအနုပညာကို ဖန်တီးဖို့ ကြိုးစားနေသူ လူငယ်တွေ နားဆင်ခံစား ကြည့်သင့်တဲ့ Album တချပ် ဖြစ်ပါကြောင်း ညွန်းဖွဲ့ရင်း။

Reason အဖွဲ့၏ “ပင်လယ်ထဲကမြစ်များ” တေးအယ်လ်ဘမ် ကာဗာ

ACM Credit To:ဧရာဝတီ
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top