0

မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကိုင်မြို့နယ်မှာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က သိမ်းထားတဲ့ လယ်ဧက ၁၂၀၀ ကျော်မှာ လယ်သမားတွေက ဒီနေ့ ၀င်ရောက်ထွန်ယက်ခဲ့ကြပါတယ်။

အသိမ်းခံထားရတဲ့ လယ်တွေကို စစ်တပ်က ပြန်ပေးမယ်လို့ ကတိပေးပြီးဖြစ်တာကြောင့် အခုလို ၀င်ရောက်ထွန်ယက်တာလို့ အရှေ့ရွာသစ်ရွာက တောင်သူဦးကျော်ညွန့်က ပြောပါတယ်။

"ကျနော်တို့ ကာကွယ်ရေးဦးစီးချုပ်ပြီး ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကလည်း ချပေးပြီးဖြစ်ပါတယ်၊ ချပေးပြီးဖြစ်တဲ့သဘောမှာ တိုင်းအဆင့် မြို့နယ်အဆင့်ဆင့် ပို့ပေးတယ်၊ မန္တလေးတိုင်းအနေနဲ့က ရောက်တယ်ဆိုတာရှိတာ၊ ဘာမှအကောင်အထည်ဖော်မပေးဘူး၊ တောင်သူတွေရဲ့ လက်ဝယ်ကို မြေမအပ်ခဲ့ပါဘူး၊ ဒီတောင်သူတွေ ဒီမြေကို ဆင်းပြီးတော့ မလုပ်ရဲဘူးဆိုလို့ရှိရင် သူတို့ကုမ္ပဏီတွေချပြီးတော့ ကုမ္ပဏီတွေကနေပြီးတော့ ဌားရမ်းလုပ်မယ့်သဘောရှိပါတယ်"

အုပ်ချုပ်ရေးမှူးအဆင့်ဆင့်ကို စာရေးသားတင်ပြပြီးမှ အခုလိုဝင်ရောက်ထွန်ယက်တာလို့ တောင်သူတွေကို ကူညီပေးနေတဲ့ အထက်တန်းရှေ့နေ မသဲစုဝေ က အခုလိုပြောပါတယ်။

"မေလနဲ့ ဇွန်လ မိုးလအမီမှာ တောင်သူတွေရဲ့ ပိုလျှံနေတဲ့မြေတွေကို သီးစားကို သူတို့ကိုလုပ်ပိုင်ခွင့်တွေ ပြန်ပေးပေးပါဆိုပြီး နိုင်ငံတော်သမ္မတကနေပြီး စာကျလာတာရှိတယ်၊ အဲဒါနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ကလည်း မိုးအမီပေါ့ တောင်သူတွေ ကိုယ့်မြေကိုယ့်ယာမှာ ပြန်လုပ်ပိုင်စားသောက်ခွင့်ရအောင်လို့ ကျမတို့ကလည်း တောင်သူတွေနဲ့ တက်ညီလက်ညီ ပူးပေါင်းပြီးတော့ ဒီမှာလာထယ်တယ်၊ ထယ်တာလည်း မြို့နယ်ထွေအုပ်၊ ခရိုင်ထွေအုပ် မန္တလေးတိုင်းဒေသကြီးထွေအုပ်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးမှာ အားလုံးကို ဥပဒေနဲ့အညီ စာတွေရေးသားပြီးတော့ တောင်သူတွေဟာ လက်ရှိပိုလျှံနေတဲ့မြေတွေကို ဒီနေ့ဒီအချိန်မှာပေါ့ စိုက်ပျိုးနေပါပြီဆိုပြီးတော့ အထက်အဆင့်ဆင့်ကို အကြောင်းကြားစာတင်ပြီးတော့မှ လုပ်ကိုင်နေတာပါ"

အဲ့ဒီလယ်တွေကို သိမ်းဆည်းပြီးနောက် တပ်မတော်က သရက်ပင်စိုက်ပျိုးရေးခြံနဲ့ ငါးမွေးမြူရေး လုပ်ငန်းတွေလုပ်ကိုင်ဖို့ ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပေးထားတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်မှာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က အမှတ် ၂ ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ ဆောက်လုပ်ဖို့အတွက် စဥ့်ကိုင်မြို့နယ်က အရှေ့ရွာသစ်၊ ဆီဆုံ၊ တမာကုန်း စတဲ့ ရွာ ၆ရွာက တောင်သူ ၂၀၀ ကျော် ပိုင်တဲ့ လယ်ဧက ၁၂၀၀ ကျော်ကို လျော်ကြေးမပေးဘဲ သိမ်းဆည်းခဲ့တာလို့ သိရပါတယ်။

Aye Chan Mon# Credit To : RFA Burmese
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်

Post a Comment

 
Top