0

Published on: May 14, 2014
Written by: ငြိမ်းဇော်လင်း

အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့တွင် မကွဲမပြား ဖြစ်ပေါ်နေကြောင်းနှင့် လွှတ်တော်က ဆုံးဖြတ်ဆောင်ရွက်ပေးရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းထံသို့ တင်ပြထားကြောင်း သိရသည်။

မေ ၁၄ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ပြုလုပ်သည့် တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် စပ်လျဉ်း၍ ရုပ်သိမ်းရန်၊ ပြင်ဆင်ရန်နှင့် အသစ်ရေးဆွဲရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

“ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာ ကွဲကွဲပြားပြားမဖြစ်တဲ့ ကိစ္စတွေ တင်ပြပြီး လွှတ်တော်ကပဲ အမြန်ဆုံးဖြတ်ပေးဖို့၊ ဆောင်ရွက်ပေးဖို့ တင်ပြထားတယ်လို့ နာယကကြီးက ပြောပါတယ်” ဟု အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်သည် အာဏာဖြင့် အုပ်ချုပ်သည့်ခေတ် မဟုတ်တော့ဘဲ ဥပဒေဖြင့် အုပ်ချုပ်သည့်ခေတ် ဖြစ်သည့်အတွက် နိုင်ငံသားများ အကျိုးမဖြစ်ထွန်းစေသည့် ဥပဒေများကို ပြင်ဆင်ရန်၊ ဖျက်သိမ်းရန် လိုအပ်ကြောင်းနှင့် ကျန်ရှိနေသော လွှတ်တော်သက်တမ်းတွင် ပြင်ဆင်၊ ဖျက်သိမ်းနိုင်ရေးအတွက် ပြည်သူအား ဦးတည်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် လွှတ်တော်ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ၀န်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဥပဒေများ ရေးဆွဲရာတွင် အစိုးရအား ကူညီရေးဆွဲ ပေးနေသကဲ့သို့ လွှတ်တော်အားကူညီရန် အသင့်ရှိပါကြောင်း ပြည်ထောင်စုရှေ့နေချုပ်က ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပထမအကြိမ် ဒသမပုံမှန် အစည်းအဝေးများကို မေ ၂၈ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Aye Chan Mon# Credit To :Eleven Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
1

Post a Comment

 
Top