Published on: May 14, 2014
ရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးရေး စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ ပါဝင်သည့် နည်းဥပဒေ (မူကြမ်း) နှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့် နိုင်ငံရေးပါတီများ ရန်ကုန်မြို့ sky star ဟိုတယ်၌ မေ ၁၅ ရက်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ပါတီအနေနဲ့ မဲဆွယ်စည်းရုံးရေး သတ်မှတ်ချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ရှိပါတယ်။ ကော်မရှင်ကပေးထားတဲ့ နည်းဥပဒေမူကြမ်းမှာပါတဲ့ နယ်မြေကန့်သတ်ထားတာနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားမှာပါ။ အဲဒီ ကန့်သတ်ချက်က မဲဆွယ်ဟောပြောမယ့်သူနဲ့ ပြည်သူနဲ့ ထိတွေ့မှုနည်းအောင် ကန့်သတ်ထားတာလို့ အဓိပ္ပာယ်မရှိဘူးလို့ မြင်ပါတယ်။ နောက်ပြီး မဲဆွယ်စည်းရုံးဖို့ ကာလတစ်လ သတ်မှတ်ထားတာကလည်း လုံလောက်မှု မရှိဘူးဆိုတာ ဆွေးနွေးသွားမှာပါ” ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။
ရခိုင်အမျိုးသားပါတီ ပထမခေါင်းဆောင် ဦးအေးသာအောင်က “ကျွန်တော့်ဆီကို နည်းဥပဒေ(မူကြမ်း)မရောက်ဘူး။ ဒီတော့ ကော်မရှင်ဥက္ကဋ္ဌနဲ့ တွေ့တဲ့အခါ ဘာတွေဆွေးနွေးမယ် ဆိုတာကို ပြင်ဆင်ဖို့ အခြေအနေ မပေးဘူး” ဟု ပြောကြားသည်။
အဆိုပါ နည်းဥပဒေမူကြမ်းတွင် ရွေးကောက်ပွဲကာလ သက်ဆိုင်ရာ မဲဆန္ဒများတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအတွက် အခြားလူပုဂ္ဂိုလ်များက မဲဆွယ်စည်းရုံး ဟောပြောလိုပါက ကော်မရှင်သို့ စာတင်ခွင့်ပြုချက် တောင်းခံရမည်ဟု ထည့်သွင်းထားကြောင်း သိရသည်။
ယင်းကဲ့သို့ မဲဆွယ်စည်းရုံးရာတွင် ကန့်သတ်ချက်များ ထည့်သွင်းထားသည့် နည်းဥပဒေ (မူကြမ်း) ထွက်ပေါ်လာပြီးနောက် ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်တွင် ပါဝင်သူများသည် အုပ်ချုပ်ရေး အရာရှိများနှင့် နီးစပ်သူများ ဖြစ်နေမှုအပေါ် ပါတီခေါင်းဆောင်အချို့က ဝေဖန်ခဲ့ကြသည်။ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် မေ ၁၆ ရက်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။
Aye Chan Mon# Credit To : Eleven Media Group
မိတ်ဆွေဒီလင့် https://www.facebook.com/excellencemediaကလစ်လေးတချက်နှိပ်လိုက်ရုံဖြင့် သတင်းအစုံကို ဖတ်ရမှာပါ နိုပ်ဘို့မမေ့နဲ့နော်
Post a Comment