0

Published on: May 1, 2014

ဧရာဝတီမြစ်ရေသည် ဆယ်စုနှစ်ကျော်ကြာ ရေအရည်အသွေးကျဆင်းကာ နောက်ကျိနေရာမှ ၂၀၁၄ ခုနှစ် ဧပြီလဆန်းပိုင်းမှ စတင်ကာ တဖြည်းဖြည်း ပြန်လည်ကြည်လင်လာကြောင်း ဧရာဝတီမြစ်ရိုးကိုမှီ၍ အသက်မွေးဝမ်းကျောင်းပြုသူများ၊ ရွှေလုပ်ငန်း လုပ်ကိုင်သူများနှင့် စက်လှေမောင်းသူများက ပြောကြားသည်။

ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်ကြီးအပါအ၀င် မေခ၊ မလိခမြစ်များ၊ ယင်းတို့၏ မြစ်လက်တက်များတွင် ၂၀၀၀ပြည့်နှစ်မှစတင်၍ တရားမ၀င်ရွှေကျင်မှုများကြောင့် ယင်းရွှေတူးဖော်ရာမှ ရွှံ့ညွန်နှင့် အခြားစွန့်ပစ်ပစ္စည်းကြောင့် ဧရာဝတီမြစ်ရေမှာ ရေအရည်အသွေးကျဆင်းကာ သောက်မရသည့်အဆင့်သို့ ရောက်ရှိခဲ့သည်။ ဧရာဝတီမြစ်ရေ ပြန်လည်ကြည်လင်လာမှုနှင့် ပတ်သက်ပြီး ဧရာဝတီမြစ်ကြောင်းကိုမှီ၍ ၀မ်းစာရှာဖွေစားသောက်လာသူ အသက် ၅၀ ခန့် အရွယ်ရှိ တပ်ကုန်းရပ်ကွက်နေ ဦးသန်းညွန့် က “ မြစ်ကိုမှီပြီး အသက်မွေးလာတာလို့ ပြောရမယ်။ အရင်က ဖောင်မျှော၊ ၀ါးမျှော၊ ထင်းမျှော ရှာစားလာတာ။ ၂၀၀၀ပြည့်နှစ် နောက်ပိုင်း မြစ်ရေကသောက်လို့ မကောင်းတော့ဘူး။ ၂၀၀၈၊၂၀၀၉၊၂၀၁၀ ဆိုရင် ချိုးဖို့တောင် မကောင်းတော့ဘူး။ အခု ဧပြီလဆန်းပိုင်းက တဖြည်းဖြည်းကြည်လာတယ်။ ၂၀၀၀ပြည့်နှစ်မတိုင်ခင်တုန်းကလိုတော့ အရမ်းမကြည်သေးဘူး။ ရေကြည်ရင် စိတ်လည်းကြည်တယ်။ ၀မ်းလည်းသာတယ်” ဟု ပြောကြားသည်။

ယခုအချိန်တွင် ဧရာဝတီမြစ်ရေ ကြည်လင်လာမှုကြောင့် ရေချိုးသူများနှင့် သုံးရေအတွက် ခပ်ယူသူများဖြင့် မြစ်ကြီးနား၊ မိုင်းနား၊ နောင်တာလော၊ ၀ိုင်းမော်၊ ခတ်ချို၊ ပမ္မတီး၊ ရေကြည်စသည့် မြစ်ဆိပ်ကမ်းများတွင် လူများ ပြန်လည်စည်ကားလာသည်ကို တွေ့ရသည်။ ရွှေလုပ်ငန်းများနှင့် စက်လှေလုပ်ငန်းများကို လုပ်ကိုင်သူတစ်ဦးက “ဧရာဝတီမြစ်ရေ ကြည်လာတာက အထက်မှာ ရွှေလုပ်ငန်းတွေ လျော့သွားလို့ပါ။ ရွှေအထွက် နည်းလာတယ်။ လက်နက်ကိုင်အဖွဲ့အချို့က အခွန်မတရားတောင်းတယ်။ အလုပ်လုပ်တဲ့သူ အများစုက တနိုင်းပယင်းမှော်ဘက်ရောက် ကုန်တာ။ အခုရွှေလုပ်ငန်းက အနည်းစုပဲရှိတော့တာ။ နောက်တစ်ချက်က ရွှေဖောင်တွေလည်း ရွှေကျင်စရာနေရာမရှိတော့ လုပ်တဲ့လူ ပါးလာတယ်” ဟု ပြောကြားသည်။

ဧရာဝတီမြစ်အတွင်း တရားမ၀င် ရွှေကျင်မှုများ အလွန်အမင်း လုပ်ဆောင်ခဲ့မှုကြောင့် ဧရာဝတီမြစ်ကြောင်းပြောင်းလဲလာခြင်း၊ မြစ်ရေနှင့်အတူပါလာသော နုန်းအနည်အနှစ်များ မြစ်ကြောင်းတစ်လျှောက် ပို့ချမှုကြောင့်မြစ်ကြောင်းများ တိမ်ကောလာကာ မြစ်ကမ်းနံဘေးရွာများ ၊ စိုက်ပျိုးမြေများ ရေတိုက်စားခံရခြင်း၊ မြစ်ရေအရည်အသွေး ကျဆင်းလာပြီး သောက်မရသည့်အဆင့်မှ ချိုးရေပင်အသုံးပြုရန် မသင့်လျော်သည့်အဆင့်သို့ ရောက်ရှိခဲ့သည်။ ထွန်းလင်းအောင်

ကချင်ပြည်နယ်ရှိ ဧရာဝတီမြစ်ကမ်း နံဘေးတစ်နေရာကို တွေ့ရစဉ်

Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
4

Post a Comment

 
Top