0

ACM Re-Post 31-5-2014

တကယ်လို့ သင်ယူခြင်းကို ဆေးခါးကြီးစားတာမျိုးဖြစ်အောင်လုပ်ခဲ့ရင် ကလေးတွေ ဘယ်လိုနှစ်သက်တော့မလဲ။

ကလေးတွေနဲ့အတူ “ဈေးဆိုင်”ဖွင့်တမ်းကစားတာဟာ အရမ်းကောင်းတဲ့လှုပ်ရှားမှုတစ်ခုလို့ ကျွန်မမြင်မိပါတယ်။ ဒီကစားနည်းနဲ့ ကလေးကို ပေါင်းနုတ်မြောက်စားသင်ပေးနိုင်ပါတယ်။ ကလေးရဲ့သချာင်္တွက်ချက်စွမ်းကို တိုးမြင့်စေနိုင်ပါတယ်။ ဒါဟာ တည့်မှန်ပျော်ရွှင်တဲ့ သင်ယူနည်းတစ်ခုဖြစ်ပါတယ်။ ကစ်ကစ် ၄နှစ်ခန့်အရွယ်မှာ သူ့ကိုတွက်ချက်တတ်ဖို့ ကျွန်မသင်ပေးခဲ့ပါတယ်။ စစချင်းမှာ လက်ချောင်းလေးတွေထောင်ပြီး “၂+၃” ဆိုတဲ့နည်းနဲ့ သင်ပေးခဲ့ပါတယ်။ သင်စက ဒီလိုလုပ်ရတာကို သူနှစ်သက်ခဲ့ပေမယ့် ကြာလာတော့ စိတ်မပါငြီးငွေ့တဲ့ပုံစံဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ဘယ်လိုနည်းနဲ့ ကလေးကို စိတ်ဝင်တစားနဲ့တွက်ချက်တတ်ဖို့ သင်ပေးနိုင်မလဲလို့ ကျွန်မစဉ်းစားခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ရပ်ကွက်စူပါမားကက်တွေ မရှိသေးတဲ့ကာလပါ။ အိမ်ဆိုင်လေးတွေပဲရှိသေးတဲ့အချိန် ဖြစ်ပါတယ်။ ကစ်ကစ်က ကျွန်မနဲ့အတူ အဲဒီအိမ်ဆိုင်တွေမှာ ပစ္စည်းသွားဝယ်ရတာကို နှစ်သက်ပါတယ်။ ပစ္စည်းသွားဝယ်တိုင်း ကျွန်မက ကစ်ကစ်ကို ဆိုင်ရှင်ဆီသွားပြီး ဘာပစ္စည်းဝယ်ပါတယ်လို့ပြောပြီး ပိုက်ဆံထုတ်ရှင်းခိုင်းစေခဲ့ပါတယ်။ အဲဒီတုန်းက တစ်ခုခုကို သူလုပ်တတ်အောင်၊ လူတွေနဲ့ပြောဆိုဆက်ဆံတတ်အောင် လုပ်ခိုင်းလိုက်တာပါပဲ။ ပိုက်ဆံရဲ့အခန်းကဏ္ဍကို ဒီအသက်အရွယ်လေးနဲ့ သူနားလည်သွားလိုက်မယ်လို့ မတွေးခဲ့မိပါဘူး။

တစ်ခါက ကစ်ကစ်နဲ့ကျွန်မ ဈေးဆိုင်ထဲကနေ ပစ္စည်းဝယ်ပြီးထွက်လာတော့ ကစ်ကစ်က အားကျတဲ့မျက်နှာထားနဲ့ သူကြီးလာရင်ဈေးဆိုင်ဖွင့်မယ်လို့ ဆိုလာပါတယ်။ ကျွန်မက ဘာဖြစ်လို့လဲလို့မေးတော့ ကျွန်မတို့ပစ္စည်းဝယ်ရင် ပိုက်ဆံသုံးရတယ်.. ဈေးဆိုင်ဖွင့်တဲ့လူတွေက ပိုက်ဆံသုံးစရာမလိုဘူးလို့ သူကပြောပါတယ်။ နောက်တော့ ကစ်ကစ်ဟာ ဘေးအိမ်က ကလေးတွေနဲ့ ဈေးရောင်းတမ်းကစားတာကို ကျွန်မသတိထားခဲ့မိတယ်။ အချင်းချင်း ဆိုင်ရှင်နဲ့ဈေးဝယ်သူအဖြစ် သူတို့သရုပ်ဆောင်ကြရင်း ဆိုင်ရှင်လုပ်ရသူက အမြဲကျေနပ်နေတာမျိုးကို တွေ့ခဲ့မိတယ်။ ကစ်ကစ်ကလည်း ဆိုင်ရှင်လုပ်ရတာကို ကျေနပ်ပုံပါပဲ.. အဲဒီကနေ သူနဲ့အတူဈေးဆိုင်ဖွင့်ကစားမယ့်နည်းကို ကျွန်မစဉ်းစားခဲ့မိပါတယ်။

ကစ်ကစ်က ဆိုင်ရှင်ပေါ့။ ကျွန်မနဲ့ သူ့ဖေဖေက ဈေးဝယ်သူတွေပေါ့။ ကျွန်မတို့က နေအိမ်တစ်နေရာရာမှာ ပစ္စည်းတချို့နဲ့ကာပေးပြီး “ဆိုင်လေး”တစ်ခုလုပ်ပေးလိုက်ပါတယ်။ ဆိုင်မှာ “ကုန်ပစ္စည်း”မျိုးစုံ တင်ပေးလိုက်ပါတယ်။ ကုန်ပစ္စည်းက အစစ်ရှိသလို တချို့ကလည်း ကိုယ်စားပြုပစ္စည်းတွေဖြစ်တယ်။ (ဥပမာ-- သူနှစ်သက်တဲ့ရေခဲမုန့်ဆိုရင် ကိုယ်စားပြုပစ္စည်းတစ်ခုခု ထားတာမျိုး)။ ဒါကို သူ နားလည်ရင်ရပါတယ်။ အဲဒီနောက် တစ်ယောက်တစ်လှည့်စီ သူ့ဆိုင်လေးမှာ ကျွန်မတို့ဈေးသွားဝယ်ကြပါတယ်။

ပစ္စည်းဝယ်ဖို့ သူ့ဆိုင်ကပစ္စည်းတွေကို ကျွန်မတို့သေချာလိုက်ကြည့်လိုက်ပါတယ်။ ပြီးရင် ဘယ်လောက်လဲလို့ သူ့ကိုမေးပါတယ်။ တစ်ခါခါမှာ ဈေးဆစ်တာမျိုးလုပ်ပါတယ်။ ပိုက်ဆံရှင်းတဲ့အခါ ငွေအကြွေပြန်အမ်းရတာမျိုးရှိပါတယ်။ ဥပမာ-- တူတစ်စုံက ပြား၆ဝပေးရတယ်၊ ကျွန်မက သူ့ကိုတစ်ကျပ်တန်ပေးလိုက်တယ်၊ ဒီလိုဆိုရင် သူက ကျွန်မကို ပြား၎ဝပြန်အမ်းရပါတယ်။

စစချင်းမှာ ပစ္စည်းတွေကို သူတန်ဖိုးသတ်မှတ်ပါတယ်။ ကလေးသတ်မှတ်တဲ့ဈေးနှုန်းက လွယ်ကူပြီး အစွန်းထွက်မရှိတဲ့ဈေးနှုန်းတွေဖြစ်တယ်။ ဥပမာ- ၁ကျပ်၊ ၂ဝဝကျပ်တွေဖြစ်တယ်။ ၁ကျပ်ပြား၎ဝ ဒါမှမဟုတ် ၂ဝ၃ကျပ်တွေနဲ့ သူ့ကိုခက်ခဲစေမယ့်ဈေးနှုန်းတွေ သူမသတ်မှတ်ခဲ့ပါဘူး။

ဈေးရောင်းဈေးဝယ်တမ်း အကြိမ်အနည်းငယ်လောက် ကစားပြီးတဲ့နောက်မှာ အနည်းငယ်ရှုပ်ထွေးတဲ့တွက်ချက်နည်းဆီ ကစ်ကစ်ကို ကျွန်မတို့မသိမသာဆွဲခေါ်ခဲ့ကြပါတယ်။

ဥပမာ-- ရေခဲမုန့်တစ်ခုကို ၁ကျပ်ရောင်းရာကနေ ရေခဲမုန့်ဈေးတက်သွားပြီ တစ်ခုကို၁ကျပ်ပြား၂ဝရောင်းသင့်တယ်၊ ရေခဲမုန့်ကိုဈေးတက်ရင် ကစ်ကစ်ပြား၂ဝပိုမြတ်မယ်လို့ သူ့ကို ကျွန်မတို့အကြံပေးပါတယ်။ သူ့ဆီသွားဝယ်တဲ့အခါ ၂ကျပ် ဒါမှမဟုတ် ၅ကျပ်တန်ကို ကျွန်မတို့ပေးပါတယ်။ ဒီလိုဆိုရင် သူတွက်ချက်ရတာ အနည်းငယ်ရှုပ်သွားပါပြီ။

ကစ်ကစ်က စစချင်းမှာ ဒီလိုအစွန်းထွက်ငွေအကြွေတွေနဲ့ တန်ဖိုးသတ်မှတ်ရတာကို မကြိုက်ခဲ့ပါဘူး။ သူ့ကိုတွက်ချက်ရ ရှုပ်ထွေးစေလို့ပါ။ သူ့ကို ဈေးဆိုင်ခေါ်သွားတဲ့အခါ တခြားဈေးဆိုင်တွေမှာလည်း အစွန်းထွက်ငွေအကြွေတွေနဲ့ ဈေးသတ်မှတ်ထားတာကို သူသတိပြုမိအောင်ပြပါတယ်။ ဒါကြောင့် သူ့ဈေးဆိုင်ကပစ္စည်းတွေကိုလည်း အစွန်းထွက်ငွေအကြွေနဲ့ သတ်မှတ်ခဲ့ပါတော့တယ်။

ဈေးဆိုင်လေးရဲ့ တွက်ချက်နှုန်းခက်ခဲမှုမြင့်တဲ့အခါ ဒါကိုဖြစ်ရိုးဖြစ်စဉ်လို့သဘောထားလိုက်တာဟာ ကလေးငယ်ရဲ့စိတ်ဝင်စားမှုကို ပိုတာရှည်စေပါတယ်။ စစချင်းမှာ ကျွန်မတို့က သူ့ကို ၁ဝဝကျပ်ဝန်းကျင်လောက်ပေးပြီး ပေါင်းနုတ်မြှောက်စား ကစားခိုင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ တချို့ပစ္စည်းကဈေးကြီးလို့ သတ်မှတ်ရောင်းဈေးကို ၃ဝဝ၊ ၅ဝဝ အထိတိုးသင့်တယ်လို့ သူ့ကို အကြံပေးခဲ့ပါတယ်။ ကျွန်မမှတ်မိသလောက် ကစ်ကစ်ဟာ အသက် ၄နှစ်အရွယ်လောက်မှာပဲ ၅ဝဝအတွင်းက ပေါင်းနုတ်မြှောက်စားကို စိတ်တွက်တွက်နိုင်ခဲ့ပါပြီ။ ဒါဟာ “စီးပွားရေး”အခြေခံကနေ သင်ယူခဲ့တာပဲဖြစ်ပါတယ်။

ဈေးရောင်းတမ်းကစားနည်းကို ကစ်ကစ် ဒုတိယတန်း၊ တတိယတန်းလောက်အထိ ကျွန်မတို့ကစားခဲ့ကြပါတယ်။ အမြှောက်၊ အစားကို သူသင်ယူနေချိန်မှာ ကျွန်မကလည်း ကစားနည်းထဲမှာ အမြှောက်အစားနဲ့ဆက်စပ်တဲ့ အသိလေးတွေ မသိမသာထည့်ပေးခဲ့ပါတယ်။ ဥပမာ-- ခဲတံတစ်ချောင်း ပြား၉ဝ၊ ကျွန်မ ၈ချောင်းယူမယ်။ မုန့်၁ဝချပ်ပါတဲ့ မုန့်တစ်ထုပ်ကို ၄ကျပ်ရောင်းရင် ကျွန်မက၃ချပ်ပဲဝယ်မယ် ဆိုတာမျိုးတွေနဲ့ သူ့ရဲ့အမြှောက်အစားတွက်ချက်နည်းကို အသုံးပြုပေးခဲ့ပါတယ်။

“ဈေးရောင်းတမ်း”ကစားနည်းက ကလေးကို “အသုံးပြုပုစ္ဆာ”မပြတ် လုပ်ခိုင်းနေတာနဲ့တူပါတယ်။ ကလေးအတွက် အတွက်အချက်ဉာဏ်အမြင်ပွင့်စေတဲ့အကျိုးကို ဖြစ်စေပါတယ်။ သချာင်္ပညာသင်ကြားရေးမှာ ကလေးကို စိတ်ကူးပုစ္ဆာတွေဆီ အမြန်ဆွဲခေါ်သွားလို့မရပါဘူး။ ပြီးတော့ ပျင်းရိစရာကောင်းတဲ့တွက်ချက်နည်းနဲ့ ကလေးကို အကျပ်မကိုင်သင့်ပါဘူး။ ကစားနည်းထဲကနေ ဂဏန်းအက္ခရာကိုခံစားသင့်စေပြီး ဘေးပတ်ဝန်းကျင်မှာ ကျွန်မတို့နဲ့နေ့စဉ်ထိတွေ့ဆက်စပ်နေတဲ့၊ တကယ်တည်ရှိတဲ့အရာတွေနဲ့ပဲ တွက်ချက်စေသင့်ပါတယ်။ ကစ်ကစ် ပထမတန်း၊ ဒုတိယတန်းအချိန်မှာ တခြားကလေးတွေဟာ သချာင်္အတွက်အချက်တွေကို ပင်ပင်ပန်းပန်း သင်ယူနေချိန်မှာ သူ့အတွက်က လွယ်လွန်းနေခဲ့ပါပြီ။

ပညာရေးပါရဂူ၊ ပညာရေးအရာရှိ၊ အခုလက်ရှိ မိသားစုပညာရေးလေ့လာဆန်းစစ်သူ၊ မေးမြန်းသူအဖြစ် တာဝန်ထမ်းဆောင်နေသူ ဆရာမ “Yin Jian Li” ရဲ့ “မိခင်ကောင်းက ဆရာသမားကောင်းထက်သာလွန်တယ်”ဆိုတဲ့စာအုပ်ကို ဆီလျှော်အောင် ဘာသာပြန်ထားတဲ့ စာတစ်ဝက်တစ်ပျက်ဖြစ်ပါတယ်...

Aye Chan Mon Credit To: Nine Nine Sanay @ နိုင်းနိုင်းစနေ
မိတ်ဆွေ-ဒီလင့် ၂ ခုကို Click နှိပ်ရုံဖြင့်သတင်းအစုံကိုဖတ်နိုင်ပါသည်။
https://www.facebook.com/excellencemedia
http://www.ayechanmon-news1.com/

Post a Comment

 
Top