0


Published on: April 4, 2014
Written by: မာန်သူရှိန်

Myanmar Eleven အင်္ဂလိပ်ဘာသာနေ့စဉ်သတင်းစာ ထုတ်ဝေခွင့်အားလျှောက်ထားရာတွင် ပြန်ကြားရေးဝန်ကြီးဌာန (အစိုးရ) က ကြိမ်ဖန်များစွာ အကြောင်းအမျိုးမျိုးပြ၍ အချိန်ဆွဲဆိုင်းငံ့ထားကြောင်း သိရသည်။

Eleven Media Group နှင့် ထိုင်းနိုင်ငံ မှ The Nation Multi Media Group တို့ အကျိုးတူပူးပေါင်းတည်ထောင်ထားသော Eleven Nation Media Co.,Ltd မှ Myanmar Eleven အင်္ဂလိပ်ဘာသာ နေ့စဉ်သတင်းစာ ထုတ်ဝေရန် ခွင့်ပြုမိန့်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

Eleven Nation Media Co.,Ltd ကို တည်ထောင်ရန်အတွက်လည်း ၂၀၁၂ ခုနှစ် ကတည်းက စတင်ဆောင်ရွက်ခဲ့ရပြီး ကုမ္ပဏီတည်ထောင်ခွင့် ရရှိရန်အတွက်ပင် အချိန် ၆ လကျော်ကြာမြင့်ကာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်ရောက်ရှိမှ ကုမ္ပဏီမှတ်ပုံတင်လက်မှတ် (ယာယီ)ကို ရရှိခဲ့ခြင်းဖြစ်သည်။

ကုမ္ပဏီမှတ်ပုံတင်လက်မှတ် ရရှိပြီးနောက် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၄ ရက်တွင် Myanmar Eleven အင်္ဂလိပ်ဘာသာ နေ့စဉ်သတင်းစာထုတ်ဝေရန် ပြန်ကြားရေးဝန်ကြီးဌာနသို့ လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

လျှောက်လွှာတင်ပြီး နှစ်ပတ်အကြာတွင် အချက်အလက်များ မပြည့်စုံဟုဆိုကာ ပြန်ကြားရေးဝန်ကြီးဌာနက အကြောင်းကြားသည့်အတွက် အချက်အလက်များအပြည့်အစုံ ထည့်သွင်းကာ ဇန်န၀ါရီ ၂၁ ရက်တွင် ထပ်မံတင်ပြခဲ့သည်။

ယင်းနောက်တွင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ အပိုဒ်(၃၂)အရ ကော်မရှင်က ခွင့်ပြုနိုင်ခြင်း ရှိမရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ သဘောထားမှတ်ချက်ကို တောင်းခံထားဆဲ ဖြစ်သည့်အတွက် ချမပေးသေးခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီ ၇ ရက်က ပြန်ကြားရေးဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲတွင် ပြောကြားကာ ဆိုင်းငံ့ထားပြန်သည်။

ထိုသို့ပြောကြားသည့်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းရာ သဘောထားမှတ်ချက်ကို ပြန်ကြားပေးလိုက်ပြီဖြစ်ကြောင်းပြောကြားသည့်အတွက် ပြန်ကြားရေးဝန်ကြီးဌာနသို့ ဆက်သွယ်ကာ သဘောထားမှတ်ချက်လည်း ရရှိပြီဖြစ်သည့်အတွက် Myanmar Eleven အင်္ဂလိပ်ဘာသာ နေ့စဉ်သတင်းစာ လျှောက်ထားမှုအားလုံး ပြည့်စုံပြီဖြစ်ကြောင်း ဖေဖော်ဝါရီ ဒုတိယပတ်အတွင်းက ပြန်လည်တင်ပြခဲ့သည်။

သို့သော် ပြန်ကြားရေးဝန်ကြီးဌာနက ထပ်မံ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေပါ ခံစားခွင့်များ ရယူလိုခြင်းရှိမရှိ Eleven Nation Media Co.,Ltd သို့ မေးမြန်းခဲ့ရာ ခံစားခွင့်များ ရယူလိုခြင်းမရှိကြောင်း ဖေဖော်ဝါရီ ၁၀ ရက်ကတည်းက ပြန်ကြားခဲ့ပြီးဖြစ်သည်။

မည်မျှပြည့်စုံသည်ဖြစ်စေ ယနေ့အထိ ပြန်ကြားရေးဝန်ကြီးဌာနက Myanmar Eleven အင်္ဂလိပ်ဘာသာ နေ့စဉ်ထုတ်သတင်းစာ ထုတ်ဝေခွင့်ကို ချထားပေးခြင်းမရှိဘဲ အချိန်ဆွဲဆိုင်းငံ့ထားသကဲ့သို့ ရှိနေသည်။

ချထားမပေးရခြင်း အကြောင်းရင်းကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး နိုင်ငံတော်သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်သို့ Email မှတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ရာ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က“ခင်ဗျားပြောတာ နေရှင်းနဲ့ပေါင်းထုတ်မယ့် သတင်းစာကိစ္စ ထင်ပါတယ်။ အဲဒီသတင်းစာနဲ့ပတ်သက်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေပါ ခံစားခွင့်တွေကို ရယူလိုခြင်းရှိမရှိ ပြန်မေးခဲ့ပါတယ်။Eleven က ခံစားခွင့်များ ရယူလိုခြင်းမရှိကြောင်း ပြန်ကြားချက်ရရှိပြီးတဲ့နောက် နောက်တစ်ကြိမ်ပြုလုပ်မယ့် ကြီးကြပ်ဗဟိုအဖွဲ့အစည်းအဝေးကို တင်ပြပြီး ခွင့်ပြုချက်ရယူဖို့ ပြင်ဆင်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ပြည်ထောင်စုလွှတ်တော်က ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို အတည်ပြုပြီး သမ္မတလက်မှတ်ရေးထိုးတဲ့အတွက် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ ပျက်ပြယ်သွားခဲ့ပါတယ်။ ဒီတော့ အဲဒီဥပဒေအရ ဖွဲ့ထားတဲ့ကြီးကြပ်ဗဟိုအဖွဲ့လည်း ဆက်လုပ်ဖို့အကြောင်း မရှိတော့ပါဘူး။ အဲဒီအဖွဲ့ကို သမ္မတရုံးကနေ တရားဝင်အမိန့်ထုတ်ပြန်ပြီး ဖျက်သိမ်းဖို့လည်း တင်ပြထားတယ်။Eleven Nation ဖက်စပ်သတင်းစာတင်မကပါဘူး။ ကြီးကြပ်ဗဟိုကိုတင်ထားတဲ့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းထုတ်ဝေခွင့်တွေ အတော်များများ ကျန်နေပါတယ်။ အဲ့ဒါတွေကို ဥပဒေသစ်အရ နည်းဥပဒေများထွက်လာရင် ဥပဒေ၊ နည်းဥပဒေများအတိုင်း ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ နည်းဥပဒေတွေကို အခုမူကြမ်း ရေးဆွဲထားပြီး ဧပြီ ၄ ရက် မှာ စာနယ်ဇင်းကောင်စီ၊ စာနယ်ဇင်းအဖွဲ့အစည်းများ၊ ပုံနှိပ်၊ ထုတ်ဝေအဖွဲ့အစည်းများက ကိုယ်စားလှယ်များကိုရှင်းပြ၊ အကြံဥာဏ်ရယူဖို့ ရှိပါတယ်”ဟု ဖြေကြားခဲ့သည်။

ဦးရဲထွဋ်ပြောကြားချက်အတိုင်းဆိုပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပြဋ္ဌာန်းလိုက်သည့်အတွက် ဥပဒေဟောင်း ပျက်ပြယ်သွားကာ ခွင့်ပြုမိန့် မချပေးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

သို့သော် Eleven Nation က Myanmar Eleven အင်္ဂလိပ်ဘာသာ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်အတွက် ပြန်ကြားရေးဝန်ကြီးဌာနမှ နောက်ဆုံးလိုအပ်သည့်အချက်ကို တောင်းခံသည့်အပေါ် Eleven Nation က အကြောင်းပြန်သည့်ရက်မှာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်က ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကို ပြဌာန်းလိုက်သည့်ရက်မှာ ၂၀၁၄ ခုနှစ် မတ် ၁၄ ရက် ရောက်ရှိမှ ပြဋ္ဌာန်းခြင်းဖြစ်သည်။

ထို့အတွက် Eleven Nation မှ ပြန်ကြားရေးက တောင်းဆိုသည့် နောက်ဆုံးလိုအပ်ချက်ကို တင်ပြခဲ့သောရက်နှင့် ဥပဒေသစ်ပြဋ္ဌာန်းလိုက်သည့် ရက်အကြား ထုတ်ဝေခွင့်ချထားပေးရန်အတွက် အချိန် ၃၂ ရက်အထိ ရခဲ့သည်။

ဝန်ကြီးဌာနတစ်ခုမှ ပြီးပြည့်စုံသည့် ခွင့်ပြုမိန့်လျှောက်လွှာတစ်ခုအတွက် အချိန် ၃၂ ရက်အထိ လုပ်ခွင့်ရခဲ့သော်လည်း ခွင့်ပြု မိန့်ချထားပေးခြင်း မပြုခဲ့သည့်အတွက် ချထားမပေးချင်၍ တမင်ကြန့်ကြာအောင် နှောင့်နှေးအောင် လုပ်ဆောင်နေခြင်းဟု ထင်မြင်ယူဆစရာရှိသည်ဟုလည်း Eleven Nation Media Co., Ltd ၏ တာဝန်ရှိသူ ဒေါက်တာသိန်းမြင့်က သုံးသပ်ပြောကြားခဲ့သည်။

ဒေါက်တာသိန်းမြင့်က“ထိုင်းနိုင်ငံ Nation Multi Media Group နဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ ၂၀၁၂ မှာ လက်မှတ်ထိုးတယ်။ အဓိကရည်ရွယ်တာ အင်္ဂလိပ်သတင်းစာ တစ်စောင်ထုတ်ဖို့။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို စောင့်နေလို့ အချိန်ကြာသွားတာ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ ပြဋ္ဌာန်းပြီးတဲ့နောက် ဥပဒေအရ Eleven က ရာခိုင်နှုန်း ၅၁၊ Nation က ၄၉ ရာခိုင်နှုန်းနဲ့ Eleven Nation Media Co.,Ltd ကိုဖွဲ့တယ်။ ကုမ္ပဏီမှတ်ပုံတင်ခွင့်ရဖို့ စီမံ/စီးပွားဝန်ကြီးဌာန ကို တင်တယ်။ စီမံ/စီးပွားက သတင်းနဲ့စာနယ်ဇင်းလုပ်ငန်းဖြစ်လို့ ပြန်ကြားရေးဝန်ကြီးဌာနကို အဲဒီကတည်းက စိစစ်ခိုင်းပြီးသားပါ။ အဲဒီမှာတင် ၆ လလောက်ကြာပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်ရောက်မှ ကုမ္ပဏီမှတ်ပုံတင်(ယာယီ) လက်မှတ်ကို ရတယ်။ လက်မှတ်ရတော့မှ Myanmar Eleven အင်္ဂလိပ်ဘာသာနေ့စဉ်သတင်းစာ ထုတ်ဝေခွင့်ကို ၂၀၁၄ ဇန်န၀ါရီ ၄ ရက်မှာ စလျှောက်တယ်။ ပြန်ကြားရေး မပြည့်စုံဘူး ဆိုပြီး နှစ်ပတ်ကြာတော့ ပြောတဲ့အတွက် အပြည့်အစုံလုပ်ပြီး ဇန်န၀ါရီ ၂၁ ရက် ပြန်တင်တယ်။ အဲဒါကိုလည်း မချပေးဘူး။ ဖေဖော်ဝါရီ ၇ ရက်ရောက်မှ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ အပိုဒ် (၃၂)အရ ကော်မရှင်က ခွင့်ပြုနိုင်ခြင်း ရှိမရှိ စီမံ/စီးပွားသဘောထားမှတ်ချက် တောင်းထားတဲ့အတွက် မချပေးသေးတာဆိုပြီး ပြောပြန်တယ်။ စီမံ/စီးပွားမေးတော့ သဘောထားမှတ်ချက် ပြန်ကြားရေးကို ပြန်ပို့ပြီးပြီဆိုတဲ့အတွက် ပြန်ကြားရေးကို ပြန်ဆက်တော့ ရပြီဆိုတော့ ပြည့်စုံသွားပြီ ချ ပေးလို့ရနေပြီလို့ တာဝန်ရှိသူတစ်ဦး ကိုယ်တိုင်ဖုန်းနဲ့ ပြောတယ်။ ဒါပေမဲ့ ချမပေးဘဲ ထပ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေပါခံစားခွင့်တွေ ယူမလား မယူဘူးလားဆိုပြီး မေးပြန်တယ်။ မယူဘူးဆိုပြီး ပြန်တင်တယ်။ အားလုံးပြည့်စုံသွားပြီ ဘာမှမလိုတော့ဘူး။ ဒါပေမဲ့ ဒီနေ့အထိ ချမပေးလို့ မေးတော့မှ ဥပဒေသစ်ထွက်လာလို့ ဥပဒေသစ်နဲ့လုပ်မှ ရမယ်လို့ပြောတယ်။ ကျွန်တော်တို့ ဖေဖော် ၀ါရီ ၁၀ ရက်မှာ အားလုံးပြီးပြည့်စုံအောင် တင်ထားတာ၊ ပြန်ကြားရေးကလည်း ပြည့်စုံပြီပြောတယ်။ ဥပဒေသစ်က မတ် ၁၄ ရက် မှ ပြဋ္ဌာန်းတာ။ ကြားထဲမှာ ၃၂ ရက် အချိန်ရတယ်။ အချိန်ရရက်သားနဲ့ ချမပေးခဲ့တာ ဘာကြောင့်လဲ။ ၀န်ကြီးဌာနတစ်ခု ဒီလောက်အချိန်ရရဲ့နဲ့ ချမပေးတဲ့အတွက် မပေးချင်လို့ အကြိမ်ကြိမ်အကြောင်း အမျိုးမျိုးပြပြီး ဆိုင်းငံ့ထားတယ်လို့ပဲ သတ်မှတ်ရမှာပေါ့”ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ ဒေါက်တာ သိန်းမြင့်က “မပြေးသော်လည်း ကန်ရာရှိ ဆိုတဲ့အတိုင်း ကျွန်တော်တို့ကို ထုတ်ဝေခွင့် ချမပေးတဲ့ အချိန်မှာ The New Light of Myanmar ကို Global Direct Link ကုမ္ပဏီနဲ့ပေါင်းပြီး အင်္ဂလိပ်သတင်းစာကို စမ်းသပ်ထုတ်နေတဲ့ အချိန်လည်း ဖြစ်နေတယ်။ ဒီတော့ ကျွန်တော်တို့ကို ချမပေးချင်လို့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ဟန့်တားနေတယ်လို့ပဲ သုံးသပ်မိတာပဲ။ အစိုးရက အခုလိုမျှော့ကြိုးဥပဒေကို ကိုင်ပြီး လိုသလိုလုပ်ကိုင်တာတွေ ဖြစ်လာမှာစိုးလို့ အစကတည်းက ပုံနှိပ်ဥပဒေကို စာနယ်ဇင်းအသိုင်းအ၀ိုင်းက အပြင်းအထန် ၀ိုင်းဝန်းကန့်ကွက်ခဲ့တာပါ။ အခုလိုလုပ်တာကတော့ အစိုးရရဲ့ဂုဏ်သိက္ခာ၊ အစိုးရလုပ်လေ့လုပ်ထရှိတဲ့ပုံစံကို ပြနေသလိုပဲ”ဟု ပြောပြခဲ့သည်။

Aye Chan Mon# Credit To :Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top