ပုသိမ်၊ ဧပြီ ၂၆
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် အတွင်းရှိ ကျေးရွာအချို့နှင့် ပုသိမ် မော်တင်ကားလမ်း တစ်လျှောက်ရှိ ကျေးရွာများတွင် ကာလကြာရှည့် နေအပူရှိန်ပြင်းမှုကြောင့် သောက်သုံးရေကန်များ၊ ရေတွင်းများ၊ စိမ့်နှင့် စမ်းချောင်းများ ရေခန်းခြောက် ခဲ့ရသောကြောင့် သောက်သုံးရေ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောကြားသည်။
ယင်းသို့ သောက်သုံးရေ ပြတ်လပ်မှုနှင့် ကြုံနေရသည့် ကျေးရွာများသို့ ပုသိမ်မြို့ရှိ မြို့မ ရေအလှူရှင်အသင်း၊ မေတ္တာရိပ်၊ မြတ်မေတ္တာ၊ ကရုဏာ၊ တိုက်ကြီးကျောင်း ပရိယတ္တိစာသင်တိုက်၊ မနောဖြူ၊ မြင့်မြတ်စေတနာ လူမှူကူညီရေး အသင်းများနှင့် စေတနာရှင် ပြည်သူများက ဧပြီလ ၂၁ ရက်နေ့မှစတင်၍ နေ့စဉ် ရေဂါလန် ၁၆၀၀ ကျော် အကူညီ ပေးနေရကြောင်း မြတ်မေတ္တာ လူမှုကူညီရေးအဖွဲ့ နာယက ဦးစိန်မြင့်က ပြောဆိုသည်။
ကျန်းမာရေးနှင့် ညီညွတ်သော သောက်ရေသန့်များကို ပေးလှူရခြင်းကြောင့် မော်တော်ယာဉ် ဓာတ်ဆီဖိုးနှင့် ရေတန်ဖိုး အပါအဝင် နေ့စဉ် ကျပ်နှစ်သိန်းကျော်ခန့် ရှိကြောင်း စေတနာရှင်များ၏ အကူအညီဖြင့် မလုံလောက်ပါက အာဏာပိုင် အဖွဲ့အစည်းများ၏ အကူအညီ လိုအပ်မည် ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြသည်။
ပုသိမ်-မော်တင် ကားလမ်းဘေးရှိ ကျေးရွာများမှာ ရခိုင်ရိုးမ တောင်ပေါ်နှင့် တောင်ခြေတွင် တည်ရှိသောကြောင့် စိမ့်ရေ၊ စမ်းရေများကို သောက်သုံးကြရသည့် ရွာများဖြစ်၍ ရေခန်းခြောက်မှု စတင်တွေ့ကြုံခဲ့ရပြီး ပင်လယ်ကမ်းခြေနှင့် နီးသည့် ကျေးရွာများနှင့် မြစ်ချောင်းနဘေးရှိ ကျေးရွာများမှာလည်း ယခုကာလတွင် မြစ်ချောင်းများအတွင်း ပင်လယ်ရေငန် စတင်ဝင်ရောက်ချိန် ဖြစ်ရာ မိုးရေ စုဆောင်းထားသည့် သောက်သုံးရေကန်များ ခမ်းခြောက်ချိန်နှင့် တစ်ပြိုင်တည်း ဖြစ်ခဲ့သောကြောင့် ယခုကဲ့သို့ သောက်ရေ ပြတ်လပ်မှုနှင့် ကြုံတွေ့ရခြင်း ဖြစ်သည်ဟု ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာန အရာထမ်းတစ်ဦးက ပြောကြားသည်။
ပုသိမ်မြို့ ပတ်ဝန်းကျင် ကျေးရွာများတွင် ရေတွင်း၊ ရေကန်၊ စိမ့်၊ စမ်းများ ခမ်းခြောက်၍ သောက်သုံးရေ ပြတ်လပ်မှုမှာ ၂၀၁၀ ပြည့်နှစ်က စတင်ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သော်လည်း ယခုနှစ်တွင် တစ်လခန့်စော၍ ရေပြတ်လပ်မှုနှင့် ကြုံရခြင်း ဖြစ်ရာ ပုသိမ်မြို့ပေါ်ရှိ ကုန်းပိုင်းကျသော ဆင်ခြေဖုံး အချို့ရပ်ကွက်နှင့် ကျေးရွာများရှိ ရေတွင်းများတွင်လည်း ရေခန်းခြောက် လာနိုင်ကြောင်း ပုသိမ်မြို့ရှိ မြို့မရေသန့် ရေအလှူတော် အဖွဲ့ဝင်များက သုံးသပ် ပြောဆိုသည်။
Aye Chan Mon# Credit To : The Voice Weekly > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment