0

မန္တလေး၊ ဧပြီ ၂၀

မန္တလေး ဗဟိုအကျဉ်းထောင်တွင် ဧပြီလ ၁၃ ရက်နေ့ (သင်္ကြန်အကြိုနေ့) နံနက်ပိုင်းက အကျဉ်းသား အမျိုးသား ခြောက်ဦးသည် အရက်ပျံနှင့် လျက်ဆား ရောသောက်ရာမှ အဆိပ်သင့်ကာ မောင်ကိန်းရွှေဆိုင် ဓားပြတိုက်သူ အပါအဝင် သုံးဦး သေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

ယင်းနေ့ နံနက် ၁၀ နာရီက သေဆုံးနေသော အကျဉ်းသား နှစ်ဦးနှင့် မူးဝေအော့အန်သူ လေးဦးသည် အကျဉ်းထောင် ဆေးရုံသို့ ရောက်ရှိလာပြီး နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန်တွင် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ဧပြီလ ၁၄ ရက်နေ့တွင် တစ်ဦး ထပ်မံသေဆုံးသွားကြောင်း မန္တလေးပြည်သူ့ဆေးရုံကြီးထံမှ စုံစမ်းသိရှိရသည်။

“ထောင်ထဲမှာ အနာတရဖြစ်ရင် သုံးဖို့အတွက် အရက်ပျံ ဆောင်ထားတာ နေမှာ။ ထောင်ထဲမှာ မသုံးရဘူးလေ။ အဲ့ဒီတော့ ဘေးကို လွှင့်ပစ်ရင်လည်း အနံ့ထွက်မှာ စိုးလို့ဆိုပြီး အရက်ပျံနဲ့ လျက်ဆား ရောသောက်တယ်၊ ရင်ထဲမှာ ပူလာလို့ အချိုရည်သောက်တာ မူးဝေအော့အန်ပြီး ဆေးရုံရောက်လာတာ၊ အချိုရည်ကိုလည်း ဓာတ်ခွဲ စစ်ဆေးနေတယ်။ ကျန်တဲ့သူတွေကတော့ သက်သာတယ်။ ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက် ကုသနေဆဲပဲ” ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ အကျဉ်းထောင်ထဲတွင် လျက်ဆားနှင့် အရက်ပျံ ရောသောက်မှုကြောင့် မောင်ကိန်းရွှေဆိုင် လက်နက်ကိုင် ဓားပြတိုက်မှုဖြင့် အမှုရင်ဆိုင်နေသည့် ဦးအားရှန်၊ မူးယစ်ဆေးဝါး အမှုဖြင့် ထောင် ၁၀ နှစ် ကျခံနေရသည့် ကျော်ဝင်းလှိုင်တို့သည် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး လူကုန်ကူးမှုဖြင့် ထောင်ဒဏ် ၁၂ နှစ် ကျခံနေသည့် ဦးစိုးနိုင်သည် ဧပြီလ ၁၄ ရက်နေ့တွင် အစာအိမ် အဆိပ်သင့် ရောဂါဖြင့် ထပ်မံ သေဆုံးသွားခဲ့ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“အရက်ပြန်က သောက်လို့ မရဘူး၊ နည်းနည်းလေး သောက်ရင်တော့ ဘာမှမဖြစ်ဘူး၊ များသွားရင် သေတယ်၊ သောက်တဲ့ ပမာဏပေါ်မှာ မူတည်တယ်၊ တချို့လည်း လျက်ဆားနဲ့ ရောသောက်တာတွေ ရှိတယ်” ဟု မန္တလေးကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးမှ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ဆိုသည်။

အဆိုပါ သေမှုသေခင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေအမှတ် ၂ ရဲတပ်ဖွဲ့စခန်းနှင့် ချမ်းအေးသာစံမြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းတို့တွင် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။

Aye Chan Mon# Credit To : The Voice Weekly > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top