0
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များ တစ်ဖက်နှင့်တစ်ဖက် အပစ်အခတ်ရပ်စဲ ရေးစာချုပ် ချုပ်ဆိုနိုင်ရန် တိုင်းရင်းသားကိုယ်စားလှယ်များနှင့် အစိုးရကိုယ်စားလှယ်တို့ ဧပြီ ၅ ရက်မှ ၈ ရက်အထိ ရန်ကုန်မြို့တွင် ဆွေးနွေးအပြီး နှစ်ရက်အကြာ ဧပြီ ၁၀ ရက်တွင် ကချင်ပြည်နယ်အတွင်း တိုက် ပွဲများ အပြင်းအထန် ပြန်လည်ဖြစ်ပွားခဲ့သည်။



နှစ်ဖက်ခေါင်းဆောင်တို့ ငြိမ်းချမ်းရေးဆွေးနွေးမှုများ အကြိမ်ကြိမ် အလီလီဆွေးနွေးခဲ့ကြကာ နောက်ဆုံး ဆွေးနွေးမှုအပြီး နှစ်ရက်အကြာတွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်းသည် ငြိမ်းချမ်းရေး မျှော်လင့်တောင့် တလျက်ရှိသည့် ပြည်သူလူထု၏ ရင်တွင်းဆန်္ဒများကို ချိုးဖဲ့ဖျက်ဆီးလိုက်သကဲ့သို့ ရှိသည်။



သမ္မတ ဦးသိန်းစိန်က ၂၀၁၁ ခုနှစ် ဒီဇင်ဘာလကတည်းက ထိုးစစ်ဆင်ခြင်းမပြုရန် အစိုးရတပ်သို့ ညွှန် ကြားထားပြီးဖြစ်ရာ နှစ်နှစ်ကျော်ကြာသည်အထိ တိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် ငြိမ်းချမ်းရေးကို အမှန် တကယ် လိုလားကြပါ၏လော ဟူသည့် မေးခွန်းများကို သက်ဆိုင်သူများအားလုံး ဖြေဆိုကြရန် လိုအပ်နေ ပြီဖြစ်သည်။



အချိန်ကုန်၊ လူပန်း၊ လူ့အသက်များ ဆုံးရှုံး၊ ဒေသတွင်းပြည်သူများ ဒုက္ခသည်များအဖြစ် ထွက်ပြေးတိမ်း ရှောင်၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများမလုပ်ကိုင်နိုင်စသည့် အခြေအနေများကို နှစ်ဖက်ခေါင်းဆောင်တို့ ထောက်ချင့် တွေးဆကြရန်လည်း လိုအပ်နေပြီဖြစ်သည်။



တိုက်ပွဲများဖြစ်ပွားခြင်းအကြောင်းရင်း နောက်ခံကို ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက တိုက်ပွဲဖြစ်ပွားရာ ဒေသအတွင်း နှစ်ဖက်တပ်များ နီးနီးကပ်ကပ်ရှိနေရာမှ တိုက်ပွဲများ ပြန်ဖြစ်ပွားခြင်းဟု ယူဆနိုင်သည်။ သို့ဆိုလျှင် ဖြေရှင်းမည့်နည်းလမ်းများ ရှိနေပါသည်။



အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများအတွင်း တပ်များပြန်လည်နေရာချထားရေး အပါအ၀င် နှစ်ဖက် သဘောတူညီမှုများကို မည်သည့်ဘက်က ချိုးဖောက်သည်ကို သိရှိနိုင်ရန် လေ့လာစောင့်ကြည့်ရေးအဖွဲ့များ ထားရှိမည်ဟု သတင်းများပူးတွဲထုတ်ပြန်ခဲ့ကြသည်။ ထိုထုတ်ပြန်ချက်များအတိုင်း တိတိကျကျ ဖော်ဆောင်၊ လုပ်ကိုင်ရန်သာ ရှိပါသည်။



သို့မဟုတ်ပါက ဒေသတွင်း သစ်မှောင်ခိုများကို ဖမ်းဆီးရန် အကြောင်းပြချက်၊ ကုန်သွယ်ရေးလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်နိုင်ရန် အကြောင်းပြချက်များဖြင့် တစ်ဖက်တပ်များက အခြားတစ်ဖက်မှ ထိန်းချုပ်ဒေသ သို့ ရောက်ရှိသွားနိုင်သကဲ့သို့ တိုက်ပွဲများလည်း ဆက်လက်ဖြစ်ပွားနေဦးမည်သာဖြစ်သည်။



တိုက်ပွဲများအတွင်း အဓိက ဆုံးရှုံးနစ်နာသူများအဖြစ် ဒေသတွင်း ပြည်သူလူထုဟု ရှုမြင်နိုင်ပြီး သုံးနှစ်နီးပါး ကြာမြင့်ပြီဖြစ်သည့် ဒေသတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ထောင်ပေါင်းများစွာ သော စစ်ပြေးဒုက္ခသည်များ အရေးကိုလည်း ထည့်သွင်းတွက်ချက်ရန် လိုအပ်သည်။



ဇာတိချက်မြှုပ်ဒေသ၊ နေအိမ်များ၊ နှစ်လကြာရှည် လုပ်ကိုင်စားသောက်လာသည့် လုပ်ငန်းခွင်ကိုပစ်လျက် အသက်ဘေးကင်းလုံခြုံသည်ဟု ယူဆရသည့် အနေအထိုင် အစားအသောက် ဆင်းရဲသော ဒုက္ခသည် စခန်းသို့ သွားရောက်နေထိုင်ကြရသည့် ဒုက္ခသည်များ၊ နှစ်ဖက်စလုံးမှ မဆုံးရှုံးသင့်ဘဲ ကျဆုံးသွားကြသည့် နိုင်ငံ့သားကောင်းများအတွက် တိုက်ပွဲများရပ်ကြရန် တိုက်တွန်းအပ်ပါသည်။

Aye Chan Mon# Credit To : Mizzima - News in Burmese > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top