သတင်းယူခွင့် ပိတ်ပင်တားဆီးမှုများကို ဟန့်တားနိုင်ရန် မီဒီယာအဖွဲ့အစည်းများ အစည်းအဝေး ထိုင်မည်
နန်းလွင်နှင်းပွင့် | သောကြာနေ့၊ ဧပြီလ ၁၈ရက်၊ ၂၀၁၄ခုနှစ်။
ရန်ကုန်၊ မဇ္ဈိမ။ ။ မီဒီယာဥပဒေပါ အချက်အလက်များကို ဆန့်ကျင်ကာ သတင်းမီဒီယာများအား သတင်းရယူမှု ပိတ်ပင်သည့် အနေအထားများကို ဥပဒေ နှင့်အညီ ဟန့်တားမှုများလုပ်ရန် မီဒီယာ အဖွဲ့အစည်းများ စုပေါင်း၍ ဧပြီ ၁၉ ရက်တွင် အစည်းအဝေးထိုင်မည်ဟု ဒီမိုကရက်တစ်မြန်မာ့အသံ သတင်းဌာန (DVB)မှ မြန်မာပိုင်းတာဝန်ခံ ဦးတိုးဇော်လတ်က မဇ္ဈိမကို ပြောသည်။
“ အခု သတင်းထောက်တွေကို သတင်းယူခွင့် ပိတ်ပင်ပြီး တရားစွဲဆိုမှုတွေပါ လုပ်တယ်၊ ဒါက ထွက်ရှိပြီးတဲ့ မီဒီယာဥပဒေနဲ့ မညီဘူး၊ ထွက်ပြီးတဲ့အချိန်မှာ တရားဝင်နေပြီ၊ ဒါကို မလိုက်နာတာ အစိုးရ ၀န်ထမ်းတွေ၊ အဲ့တော့ မလိုက်နာရင် ဘယ်လို အရေးယူမလဲဆိုတာကို တစ်ဖက်ကနေ တရားဥပဒေ ပညာရှင်ဆိုင်ရာတွေနဲ့ ပြောမယ်၊ တစ်ဖက်ကလည်း လှုပ်ရှားမှုတွေ အစည်းအဝေးတွေ လုပ်မယ်" ဟု ဦးတိုးဇော်လတ်က ဆိုသည်။
မီဒီယာအဖွဲ့အစည်းများဖြစ်သည့် မြန်မာဂျာနယ်လစ်ကွန်ယက်၊ မြန်မာဂျာနယ်လစ်အဖွဲ့ အစရှိသည့် မီဒီယာနှင့် ပတ်သတ်သည့် အဖွဲ့များစုစည်းပြီး အစည်းအဝေးပြုလုပ်ကာ သတင်းလွတ်လပ်ခွင့်၊ သတင်းရယူခွင့် ပိတ်ပင်နေမှုများအား တားဆီးနိုင်ရန် ဆောင်ရွက်မည်ဟု ဆိုသည်။ ဆောင်ရွက်ရာတွင် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ သတင်းထောက်များ အပေါ် သက်ရောက်မှု ရှိစေရန်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် အခြား နယ်မြို့များတွင်လည်း အကောင်အထည်ဖော်မည်ဟု ပြောသည်။
DVB သတင်းထောက် ကိုဇော်ဖေကိုလည်း ယခုလ ၇ရက်တွင် မကွေးမြို့နယ် တရားရုံးက လွတ်လပ်စွာ သတင်းရယူခွင့်ကို ထိခိုက်စေသည့် ပုဒ်မများဖြင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့သေးသည်။
ကိုဇော်ဖေသည် ၂၀၁၂ ခုနှစ်၊ သြဂုတ်လတွင်း မကွေးခရိုင်ပညာရေးရုံးသို့ ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့သည့် အစီအစဉ်အကြောင်း သိလိုသည်များကို မေးမြန်းရန် ကြိုးစားရာမှ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၈၊ ၀တ္တရား နှောင့်ယှက်မှု ပုဒ်မ ၃၅၃ တို့ဖြင့် တရားစွဲဆို ထောင်ချခံခဲ့ရခြင်း ဖြစ်သည်။
ကိုတိုးဇော်လတ်က “အယူခံဝင်ဖို့ ကျွန်တော်တို့ မြို့နယ်တရားရုံးကို တင်ထားတယ်၊ ဥပဒေလမ်းကြောင်း အရဆိုရင် သုံးပတ်စောင့်ရမယ်၊ အဲ့နောက်မှ တိကျတဲ့အဖြေသိရမယ်၊ အခုတော့ ကိုဇော်ဖေက သရက်ထောင်မှာပဲ" ဟု ရှင်းပြသည်။
မီဒီယာသမားများ စုပေါင်းကာ မီဒီယာ ဖိနှိပ်မှု လွတ်မြောက်ရေး ကန့်ကွက်စာများ သတင်းစာတွင် ထည့်သွင်း၍ လည်းကောင်း၊ မီဒီယာ အဖွဲ့အစည်းများမှလည်း သတင်းသမားအား မတရားသည့် လုပ်ရပ်များ မပြုမူရန်၊ ပြစ်ဒဏ် တစ်ခုခုချမှတ်မည်ဆိုပါကလည်း မီဒီယာ ဥပဒေ ထွက်ရှိပြီးသားဖြစ်သဖြင့် ထိုဥပဒေဖြင့်သာ ပြစ်မှုနှင့်ပြစ်ဒဏ်များ ချမှတ်ရန် ပြောဆိုသည်။
သတင်းမီဒီယာ အဖွဲ့အစည်းများနှင့်  သတင်းသမားများမှ ကိုဇော်ဖေ ထောင်ဒဏ်ချမှတ်ခံရမှုကို ကန့်ကွက်မှုများ၊ မေတ္တာရပ်ခံမှုများ၊ ဆုတောင်းမှုများ၊ ပြုလုပ်ကြပြီး နေပြည်တော်သို့ သွားရောက် တောင်းဆို ပြောဆိုရန် စီစဉ်ထားမှုများလည်း ရှိသည်။
ကိုဇော်ဖေ လွတ်မြောက်ရေးအတွက် DVB ၀ိုင်းတော်သားများက ဦးဆောင်ကာ သတင်းမီဒီယာ သမားများနှင့် မြန်မာနှစ်ကူး နှစ်ဆန်းတစ်ရက်နေ့တွင် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားတွင် ငါးများလွှတ်ကာ ဆုတောင်းမှုများပြုလုပ်ခဲ့သည်။
Aye Chan Mon# Credit To : Mizzima - News in Burmese > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment