Published on: April 17, 2014
Written by: အောင်သူငြိမ်း(မကွေး)
မကွေးတိုင်း မင်းဘူးခရိုင်အတွင်း ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်မှစ၍ ၇၂ ရက်ကြာ ကျင်းပခဲ့သည့် ရွှေစက်တော်ပွဲတော်အား မြန်မာနှစ်ဆန်းတစ်ရက်နေ့က ပိတ်ပွဲကျင်းပပြီးခဲ့သည့်တိုင် အနယ်နယ်အရပ်ရပ်မှ
လာရောက်သော ဘုရားဖူးများဖြင့် စည်ကားခဲ့ကြောင်း ပွဲတော်အတွင်း ဈေးသည်များထံမှ သိရသည်။
ပိတ်ပွဲနေ့က အောက်စက်တော်ရာ တည်ရှိရာနေရာမှ ခြေတော်ရာအား သံအုပ်ဆောင်းဖြင့် ပြန်လည်ဖုံးအုပ်ထားခဲ့ပြီး အထက်စက်တော်ရာ စေတီကိုမူ ပွဲတော်မကျင်းပသည့် အချိန်များတွင်ပင် ဖူးမြော်နိုင်ကြောင်း ပွဲတော်ရာသီ မဟုတ်ပါက ရွှေစက်တော်သို့ ပုသိမ်-မုံရွာ လမ်းမှတစ်ဆင့် ရှစ်မိုင်လမ်းခွဲမှ သွားရောက်နိုင်ကြောင်း ဂေါပကအဖွဲ့ဝင်များထံမှ သိရသည်။
“ဘုရားဖူးတွေက ပွဲတော်ချိန်မဟုတ်လည်း လာကြတာရှိတယ်။ အခုနှစ် ပွဲတော်ချိန်မှာလည်း စံချိန်တင် စည်ကားခဲ့ပေမယ့် ပွဲတော်တွင်းလုပ်ငန်းတွေမှာ ဂေါပကအဖွဲ့ သတ်မှတ်နှုန်းတွေထက် ပိုကောက်လို့ ဝေဖန်ခံရတာတွေ အများကြီးရှိခဲ့တယ်။ ဒါပေမဲ့ ထိရောက်တဲ့ အရေးယူမှု တစ်ခါမှမရှိခဲ့တော့ လုပ်ငန်းလုပ်ကိုင်ခွင့် ရသူတွေရဲ့နောက်မှာ အာဏာပိုင်တွေ ရှိနေတယ်လို့ ယုံကြည်တယ်” ဟု ရွှေစက်တော်ပွဲတော်အတွင်း နှစ်စဉ်ဈေးရောင်းသူတစ်ဦးက ဆိုသည်။
ယခုနှစ် ရွှေစက်တော်ဘုရားပွဲတွင် ယာဉ်တိမ်းမှောက်မှု၊ မီးလောင်မှုများကြောင့် ဘုရားဖူးလာသူများ ထိတ်လန့်မှုများ ကြုံတွေခဲ့ရသော်လည်း တက္ကသိုလ်ဝင်တန်းစာမေးပွဲပြီး နောက်ပိုင်းတွင် ရန်ကုန်မှလိုင်းကားဖြင့် လာရောက်သူများ၊ အနယ်နယ်အရပ်ရပ်မှ အငှားကား၊ ကိုယ်ပိုင်ကားများဖြင့် လာရောက်ကြသူများ နေ့စဉ်သိန်းနှင့်ချီ၍ လာရောက်ခဲ့ကြကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်စဉ်မှာ ရွှေစက်တော်ဘုရားပွဲတော်မှ ဘုရားဖူးပြန်လာသည့် ယာဉ်တစ်စီး မင်းဘူး-ငဖဲကားလမ်း ဇီးအိုင်ကျေးရွာအနီး မိုင်တိုင်အမှတ် ၁၁/၄ ၌ မတ် ၁၅ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်က တိမ်းမှောက်၍ လူသုံးဦးသေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ရွှေစက်တော်သို့သွားရာ အဆိုပါလမ်း မိုင်တိုင်အမှတ် ၁၅ ၀န်းကျင်တွင် ယခုနှစ် ပွဲတော်မကျင်းပမီက ငါးရက်အတွင်း ယာဉ်တိုက်မှုသုံးမှု ဖြစ်ပွားခဲ့၍ လူနှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
ထို့ပြင် ရွှေစက်တော်ဘုရားတွင် မတ် ၁၉ ရက် နံနက် ၂ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ပြီး တည်းခိုဆောင်ပေါင်း ၁၆ လုံးရှိသည့် နမ္မဒါအဆင့်မြင့် ဧည့်ရိပ်သာဝင်းရှိ တဲကျောင်းအတွဲငါးတွဲနှင့် လုံးချင်းတည်းခိုဆောင်များ အပါအ၀င် အဆောက်အအုံ ၁၄ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း သိရသည်။
သို့သော် ပွဲတော်ကာလအတွင်း ဘုရားဖူးကားများ ရက်ဆက်ပြည့်လျှံသည်အထိ လာရောက်သူဘုရားဖူး ပရိသတ် စံချိန်တင် များပြားခဲ့ကြောင်း သိရှိရသည်။
ရွှေစက်တော် ဘုရားပွဲတော်အတွင်းရှိ တဲကျောင်းများနှင့် လာရောက်ကြသော ဘုရားဖူးယာဉ်များအား တွေ့ရစဉ်
Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment