Published on: April 25, 2014
Written by: စိုးမင်းထိုက်
လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်က ဧပြီလကုန်ပိုင်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားဖွယ်ရှိကြောင်း အဆိုပါ ကော်မရှင်နှင့် နီးစပ်သူများ၏ ပြောကြားချက်အရ သိရသည်။
ဧပြီလကုန်ပိုင်းတွင် ကော်မရှင်အနေဖြင့် မီဒီယာများသိရှိလိုသည့် အကြောင်းအရာများအား ပြည်သူများ သိရှိနိုင်ရန်အတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း၊ မီဒီယာများမှ သိရှိလိုသည်များကို လွတ်လပ်စွာ မေးမြန်းနိုင်ကြောင်း၊ ကော်မရှင်တွင် သတင်းပြန်ကြားရေးအဖွဲ့ ဖွဲ့စည်းထားကြောင်း၊ အဆိုပါအဖွဲ့မှ ဖြေကြားပေးမည်ဖြစ်ကြောင်း သိရသည်။
လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်အား အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး မတ် ၃ ရက်တွင် ပြည်ထောင်စု လွှတ်တော်၌ ကတိသစ္စာပြုခဲ့ကြသည်။ ကော်မရှင်ဥက္ကဋ္ဌ ဦးမြ၀င်းက ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ အကောင်းဆုံး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် တိုင်ကြားလာသည့် တိုင်စာများအပြင် ကော်မရှင်ကိုယ်တိုင် သိရှိပါက စုံစမ်းမေးမြန်း ပိုင်ခွင့်ရှိကြောင်း၊ အမှန်တရားပေါ်မူတည်ကာ စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း မတ် ၃ ရက်တွင် သတင်းထောက်များ၏ မေးမြန်းမှုများကို လွှတ်တော်၌ ဖြေကြားသည်။
လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်တွင် ပညာရှင်များ ပါဝင်ကြောင်း၊ ပညာရှင်များနှင့် ကျန်သည့်အဖွဲ့များ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ ချမှတ်ထားသည့် ဥပဒေများအတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဘက်လိုက်မှု မရှိနိုင်ကြောင်း၊ အတိုင်းအတာ တစ်ခုအထိ အချိန်ယူရမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောကြားထားသည်။
ကော်မရှင်တွင် ဦးမြ၀င်း(စစ်မှုထမ်း)က ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဦးတင်ဦး(သံအမတ်ကြီး)က အတွင်းရေးမှူးအဖြစ်လည်းကောင်း ဆောင်ရွက်ပြီး အဖွဲ့ဝင်များအဖြစ် ဦးကျော်ကျော် (ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားရေး ၀န်ကြီးဌာန)၊ ဦးစိုးတင့် (ညွှန်ကြားရေးမှူး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး)၊ ဦးသန်းအောင် (ညွှန်ကြားရေးမှူး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး)၊ ဦးမောင်ရှိန်(စစ်မှုထမ်း)၊ ဒေါက်တာတိုက်စံ(ပါမောက္ခ၊ တပ်မတော်နည်းပညာ တက္ကသိုလ်)၊ ဦးနေ၀င်း (သံအမတ်ကြီး)၊ ဒေါ်မြတ်မြတ်စိုး (ညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန)၊ ဦးသင်းမောင် (ညွှန်ကြားရေးမှူး၊ အမျိုးသားစီမံကိန်း နှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန)၊ ဦးဆွန်ဒုတ်ကျင့် (ဒုတိယညွှန်ကြားရေးမှူး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး)၊ ဒေါက်တာ ညီညီထွန်း (တိရစ္ဆာန်ဆေးကုဆရာဝန်၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန)၊ ဦးကျော်မြင့်(စစ်မှုထမ်း)၊ ဒေါ်သန်းသန်းရီ(ညွှန်ကြားရေးမှူး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး)၊ ဦးအောင်လှိုင်စိုး(ညွှန်ကြားရေးမှူး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး) စသည့် အငြိမ်းစားဝန်ထမ်းများ ပါဝင်သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအား ပြဋ္ဌာန်းခဲ့ခြင်း၏ ရည်ရွယ်ချက်မှာ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရန်၊ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရန်၊ အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရန်၊ လာဘ်ပေးလာဘ်ယူမှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးရန်၊ လာဘ်ပေးလာဘ်ယူမှု ကျူးလွန်သူများအား ထိရောက်စွာအရေးယူရန်နှင့် တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများ၌ ပိုမိုပွင့်လင်းမြင်သာမှုရှိပြီး ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက်၍ လူအများသိရှိနေသည်မှာ အစိုးရထိပ်ပိုင်း ပုဂ္ဂိုလ်များသာ အများဆုံးဖြစ်နေသဖြင့် တိုင်ကြားမှုများနှင့် ပတ်သက်၍ အရေးယူရန်ခက်ခဲကြောင်း၊ ထို့ကြောင့် အဆိုပါကော်မရှင်ကို လူထုက ယုံကြည်မှု နည်းပါးနေကြောင်း သိရသည်။
ထို့အပြင် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီသို့ လာဘ်ပေးလာဘ်ယူမှု ကိစ္စရပ်များအား တိုင်ကြားမှုများ ရှိသည့်အတွက် လာဘ်ပေးလာဘ်ယူမှုများ ပျောက်ပျက်သွားအောင် စီမံဆောင်ရွက်ရန် လိုအပ်ကြောင်း ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီက အမျိုးသားလွှတ်တော်တွင် အကြံပြုတိုက်တွန်းမှုများ ရှိခဲ့သည်။
သမ္မတဦးသိန်းစိန်သည် ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၈ ရက်က လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ ကော်မတီကို ပြည်ထောင်စု အစိုးရအဖွဲ့သစ် တာဝန်ယူပြီးနောက် ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်ရေးအတွက် အစိုးရအဖွဲ့အစည်းများအတွင်း အဂတိတရားများ ကင်းရှင်းရေးနှင့် လာဘ်ပေး လာဘ်ယူမှုများ ပပျောက်စေရေးအတွက် ဖွဲ့စည်းခြင်းဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ သမ္မတရုံးဝန်ကြီးဌာန(၁)၀န်ကြီး ဦးသိန်းညွန့်၊ သမ္မတရုံးဝန်ကြီးဌာန(၂)၀န်ကြီး ဦးစိုးမောင်၊ သမ္မတရုံးဝန်ကြီးဌာန(၃)၀န်ကြီး ဦးစိုးသိန်း၊ သမ္မတရုံးဝန်ကြီးဌာန(၅)၀န်ကြီး ဦးတင်နိုင်သိန်း၊ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ နိုင်ငံတော်သမ္မတ၏ ဥပဒေအကြံပေးအဖွဲ့ဝင် ဦးသန်းကျော်တို့ပါဝင်ပြီး အတွင်းရေးမှူးအဖြစ် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းက ဆောင်ရွက်သည်။
မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုသည် လူ့အသိုင်းအ၀ိုင်းအတွင်း ယဉ်ကျေးမှု တစ်ခုသဖွယ် ဖြစ်လာခြင်းသည် နိုင်ငံအတွက် ၀မ်းနည်းစရာ၊ ရင်လေးစရာဖြစ်ကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက နေပြည်တော်ရှိ MICC ၌ ပြုလုပ်ခဲ့သည့် ပွင့်လင်းမြင်သာရေးနှင့် ဖြောင့်မတ်ရေးအလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားထားသည်။
သမ္မတ ဦးသိန်းစိန်ကလည်း ၂၀၁၁ ခုနှစ် မတ် ၃၁ ရက်တွင် ပြုလုပ်ခဲ့သည့် မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနား၌ အစိုးရဌာနများတွင် ဖြစ်ပေါ်နေသည့် လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များကို တိုက်ဖျက်သွားရန် ထည့်သွင်းပြောကြားသည်။ မြန်မာနိုင်ငံသည် အဂတိလိုက်စားမှု အဆိုးရွားဆုံး နိုင်ငံများစာရင်းတွင် ပါဝင်နေကြောင်း နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (Transparency International) ၏ ၂၀၁၃ ခုနှစ် ကမ္ဘာ့အဂတိ လိုက်စားမှုအခြေအနေ အစီရင်ခံစာစစ်တမ်း အရသိရပြီး မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၇၇ နိုင်ငံအနက် ၁၅၇ အဆင့်တွင် ရှိနေသည်။
နေပြည်တော် အားကစားတည်းခိုရေး စခန်းတွင် ဖွင့်လှစ်ထားသော လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်ရုံးကို တွေ့ရစဉ်
Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment