တောင်ငူ၊ ဧပြီ ၂၀
မြန်မာနိုင်ငံရှိ မြစ်ကြီးလေးစင်းတွင် ပါဝင်သော စစ်တောင်းမြစ်ရေမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း စံချိန်တင် ကျဆင်းလျက် ရှိကြောင်း တောင်ငူခရိုင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ရုံးထံမှ စုံစမ်းသိရှိရသည်။
“မနှစ်က ဧပြီလ ၂၀ ရက်နေ့မှာ စစ်တောင်းမြစ်ရေက ၁၅၇ စင်တီမီတာ ရှိခဲ့ပေမယ့် အခုနှစ် ဧပြီလ ဒုတိယပတ်က စပြီး ကျလာတဲ့ မြစ်ရေက ဧပြီ ၂၀ ရက် မနက်မှာ ၁၃၇ စင်တီမီတာပဲ ရှိနေတယ်။ ဒါဟာ ခရိုင်မိုး/ဇလရုံး ဖွင့်လှစ်ကတည်းက ပထမဦးဆုံးအကြိမ်ပါ”ဟု တောင်ငူခရိုင် မိုးလေဝသဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်က ဆိုသည်။
၁၉၆၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော တောင်ငူခရိုင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မှတ်တမ်းများအရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် နှစ်ပေါင်း ၅၀ ကျော် ကာလအတွင်း ယခုကဲ့သို့ ဆိုးဝါးစွာ ကျဆင်းခြင်း မရှိခဲ့ကြောင်း၊ အနည်းဆုံး တောင်ငူမြို့၏ စစ်တောင်းမြစ် စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာအောက် ၄၅၀ ထက်ပို၍ ကျဆင်းခဲ့ခြင်း မရှိကြောင်းနှင့် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ခန့် ၁၉၈၄ ခုနှစ် မတ်လတွင် စံချိန်တင် ကျဆင်းခဲ့သော စစ်တောင်းမြစ်ရေသည်ပင် စင်တီမီတာ ၁၄၈ စင်တီမီတာသာ ရှိခဲ့ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
“ငယ်ငယ်က စစ်တောင်းမြစ်ထဲမှာ နွေဆို ရေကျတယ် ဆိုတာတောင် မြစ်ထဲမှာ လူဖြတ်ကူးလို့ ရတဲ့နှစ်က နည်းတယ်။ အခုဆိုရင် စစ်တောင်းတံတား (တောင်ငူ) နားမှာ သောင်ပြင်က တစ်မျှော်တစ်ခေါ်ကြီး ရှိနေတဲ့အပြင် မြစ်ဟိုဖက်ကမ်းကို လမ်းလျှောက်ကူးရင်တောင် ရနေပြီ” ဟု တောင်ငူမြို့အမှတ် ၂၃ ရပ်ကွက်နေ ဦးဆံရှည်က ဆိုသည်။
ယခင်က မသိမသာ ခံစားခဲ့ရသော ရာသီဥတု ပြောင်းလည်းမှုကို သိသိသာသာ ခံစားလာရပြီး မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသ၊ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသနှင့် မြောက်ဖက် ရှမ်းကုန်းမြင့်ဒေသ၏ မိုးရေချိန်သည် လွန်ခဲ့သော နှစ်ပေါင်း၂၀ အချိန်မှာကဲ့သို့ တူညီခြင်း မရှိသော်လည်း ရွာသွန်းမြဲ မိုးရေချိန်ကို ပြည့်မီသည်အထိ ရွာသွန်းခဲ့ပြီး ယခုအခါ မိုးရွာသွန်းသည့် ပုံသဏ္ဌာန် မတူညီရုံမျှမက ရေကို ထိန်းသိမ်းနိုင်သော အနေအထားလည်း မတူညီတော့ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာနတွင် နှစ်ပေါင်း ၄၀ ကျော် တာဝန် ထမ်းဆောင်လာသည့် မိုး/ဇလ ဝန်ထမ်းဟောင်းတစ်ဦးက သုံးသပ်ပြောဆိုသည်။
ယင်းကဲ့သို့ စစ်တောင်းမြစ်ရေ စံချိန်တင် ကျဆင်းလာခြင်းသည် မြစ်အထက်ပိုင်း ဒေသများတွင် သစ်ပင်တောအုပ်များ ပြုန်းတီးလာသဖြင့် အပူချိန် မြင့်တက်လာပြီး စစ်တောင်းမြစ်ကို အဓိက ထောက်ပံ့ပေးနေသော ချောင်း၊ မြောင်း လက်တက်များသည် မိမိရေကို မထိန်းနိုင်ဖြစ်ကာ ရေခမ်းခြောက်ပြီး မြစ်ကို ရေပေးဝေခြင်း မရှိတော့သည့်အတွက် စစ်တောင်းမြစ်ကမ်းပါး တစ်လျှောက်ရှိ ပဲခူးရိုးမကို ထိန်းသိမ်း စောင့်ရှောက်ပေးရန် တာဝန်ရှိသူများမှ စီမံဆောင်ရွက်ပေးရန် လိုအပ်ကြောင်း တောင်ငူခရိုင် မိုးလေဝသနှင့်ဇလဗေဒ ဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်က ထောက်ပြ ပြောဆိုသည်။
တောင်ငူခရိုင် တောင်ငူ၊ ထန်းတပင်၊ ရေတာရှည်၊ အုတ်တွင်း မြို့နယ်များတွင် ယမန်နှစ် အောက်တိုဘာ နောက်ဆုံးပတ်တွင် စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာအထက် ၁၁၄ စင်တီမီတာ ကျော်လွန်ရောက်ရှိခဲ့ကာ နှစ်ပေါင်း ၄၀ နီးပါးအတွင်း အဆိုးရွားဆုံး ရေဘေးဒုက္ခနှင့် ကြုံတွေ့ခဲ့ရပြီး ရေဘေးကယ်ဆယ်ရေး စခန်း ၅၀ ကျော်၊ အိမ်ထောင်စု ၃၀၀၀ နီးပါး၊ လူဦးရေ စုစုပေါင်း ၄၀,၀၀၀ ကျော်အား လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများမှ ကူညီ ထောက်ပံ့ပေးခဲ့ရကြောင်း တောင်ငူမြို့ခံများက ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး ပျဉ်းမနားမြို့နယ် ရှမ်းကုန်းမြင့်ဒေသမှ မြစ်ဖျားခံ စီးဆင်းလာသော စစ်တောင်းမြစ်သည် မိုင် ၂၀၀ ကျော် ရှည်လျားပြီး ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်နှင့် ပဲခူးခရိုင် စစ်တောင်းမြစ်ဝှမ်း ဒေသကြီးအတွင်း အိမ်ထောင်စုပေါင်း ၂၀၀,၀၀၀ ကျော် လူဦးရေပေါင်း ၁၅ သိန်းခန့် စပါးစိုက် ဧကပေါင်း၂၀၀,၀၀၀ နီးပါးကို အကျိုးပြုနေကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်များအရ စုံစမ်းသိရှိရသည်။
Aye Chan Mon# Credit To : The Voice Weekly > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment