Published on: April 17, 2014
Written by: ဝေယံဖြိုးဦး၊ ငြိမ်းဇော်လင်း
အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၉ ရက်မှစ၍ သွားရောက်ခဲ့သော ဂျာမနီနှင့် ပြင်သစ်နိုင်ငံခရီးစဉ်မှ ဧပြီ ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
ခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် ထောက်ခံသူများက လေဆိပ်သို့ လာရောက်ကြိုဆိုခဲ့ကြသည်။
“ခရီးစဉ် အောင်မြင်ပါတယ်။ နည်းနည်းတော့ ပင်ပန်းတာပေါ့” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြောကြားသည်။
ခရီးစဉ်အတွင်း ဂျာမနီနိုင်ငံ၌ ဒေါ်အောင်ဆန်းစုကြည်သည် ၀န်ကြီးချုပ်မာကယ်၊ သမ္မတ ဂျိုအာချင်ဂေါက်တို့နှင့် သီးခြားစီတွေ့ဆုံခဲ့ပြီး လွှတ်တော်သို့လည်း သွားရောက်လေ့လာခဲ့သည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်အတွင်း ၀ီလီဘရန့်ဆုကို ဂျာမနီနိုင်ငံတွင် ဧပြီ ၁၁ ရက်က လက်ခံရယူခဲ့သည်။
အဆိုပါဆုကို ဂျာမနီနိုင်ငံ၏ ဆိုရှယ်ဒီမိုကရက်တို့က ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ဆိုရှယ်ဒီမိုကရက်တစ်ပါတီမှ နိုင်ငံရေးသမားဟောင်း Egon Bahr နှင့် SPD ခေါင်းဆောင် Sigmar Gabriel တို့က ပေးအပ်ခဲ့၍ ဒေါ်အောင်ဆန်းစုကြည်သည် လွတ်လပ်မှုအတွက် တိုက်ပွဲဝင်သူများအား စိတ်ဓာတ်ခွန်အားပေးသူနှင့် စံပြပုဂ္ဂိုလ် တစ်ဦးဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါဆုသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုကို အထောက်အပံ့ပေးသော ပုဂ္ဂိုလ်များကို ပေးအပ်သောဆုလည်း ဖြစ်သည်။
ဧပြီ ၁၅ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်းဒ်တို့ တွေ့ဆုံဆွေးနွေးပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ရုံးတာဝန်ခံ ဒေါက်တာတင်မာအောင်တို့ လိုက်ပါသွားခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်း ဥရောပနိုင်ငံများသို့ အများဆုံးသွားရောက်ခဲ့ပြီး ဧပြီ ၁၂ ရက်တွင် ဂျပန်နိုင်ငံသို့လည်းကောင်း၊ စက်တင်ဘာ ၉ ရက်တွင် ပိုလန်၊ ဟန်ဂေရီနှင့် ချက်နိုင်ငံများသို့လည်းကောင်း၊ အောက်တိုဘာ ၁၈ ရက်တွင် ဥရောပငါးနိုင်ငံ ခရီးစဉ်အဖြစ် ဘယ်လ်ဂျီယံ၊ လူဇင်ဘတ်၊ ပြင်သစ်၊ ဗြိတိန်၊ အီတလီ ခရီးစဉ်ကိုလည်းကောင်း၊ နိုဝင်ဘာ ၂၆ ရက်တွင် သြစတြေးလျနိုင်ငံသို့လည်းကောင်း၊ ဒီဇင်ဘာ ၁၀ ရက်တွင် ကာတာနိုင်ငံသို့လည်းကောင်း အသီးသီး သွားရောက်ခဲ့သည်။
ဂျာမနီနှင့် ပြင်သစ်နိုင်ငံခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)
Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment