0


ရန်ကုန်၊ ဧပြီ ၂၀

မြန်မာနိုင်ငံတွင် နေ့အပူချိန်များ မြင့်တက်နေသည့်အတူ ခရမ်းလွန်ရောင်ခြည် ကျရောက်မှု အညွှန်းကိန်းများမှာလည်း ဒေသအအချို့၌ ဧပြီလအတွင်း အန္တရာယ်ရှိအဆင့်ထက် ကျော်လွန်ရောက်ရှိနေကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

၂၀၁၁ ခုနှစ်မှ စတင်၍ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ မြင့်မားလာနေသည့် မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် လက်ရှိ ဖြစ်ပေါ်နေသည့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း တန်ဖိုးများသည် အမြင့်ဆုံးတန်ဖိုး (အန္တရာယ်ရှိ လွန်ကဲအဆင့်) အထက် ရောက်ရှိနေပြီး ဆက်လက်၍လည်း အညွှန်းကိန်းများ မြင့်တက်နိုင်သေးကြောင်း ၎င်းက ပြောဆိုသည်။

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အမြင့်ဆုံး ကျရောက်သည့် ဒေသများမှာ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်တို့ ဖြစ်ပြီး အညွှန်းကိန်းတန်ဖိုး (UV Index) ၁၃ မှ ၁၄ ဒသမ ၃ အဆင့်အထိ ရှိကြောင်း ဦးထွန်းလွင်က ဆက်လက် ပြောကြားသည်။

“မိုးရွာမယ် ဆိုရင်တော့ အညွှန်းကိန်း တန်ဖိုးတွေ ပြန်ကျသွားနိုင်ပေမယ့် မုတ်သုံလေဦး အားမကောင်းလို့ မရွာနိုင်သေးတဲ့အခါ လောလောဆယ်တော့ လွန်ကဲအဆင့်ထက် ကျော်လွန်နေဦးမှာပဲ” ဟု ၎င်းက ခန့်မှန်းပြောဆိုသည်။

နေ့အပူချိန်များသည် ဂန့်ဂေါမြို့တွင် ၄၄ ဒီဂရီစင်တီဂရိတ်၊ ကလေးဝမြို့၊ ချောက်မြို့နှင့် ပြည်မြို့တို့တွင် ၄၃ ဒီဂရီစင်တီဂရိတ် အထိ မြင့်တက်နေပြီး ဧပြီလ ၂၂ ရက်နေ့အထိ မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် နေ့အပူချိန်များ အနည်းငယ် တိုးလာမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဧပြီလ ၂၀ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ထားသည်။

ပြင်းအားမြင့် ခရမ်းလွန်ရောင်ခြည် အဆင့် ၈ အထက်ကို အချိန်ကြာမြင့်စွာ ကျရောက်ခံရပါက နေလောင်ခြင်း၊ မျက်စိတိမ်စွဲခြင်း၊ အရေပြား အိုမင်းရင့်ရော်ခြင်းနှင့် အရေပြားကင်ဆာ စသည့်ရောဂါများ ဖြစ်ပွားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) နှင့် ကျန်းမာရေး ဝန်ကြီးဌာနက သတိပေးချက်များ ထုတ်ပြန်ထားသည်။

Aye Chan Mon# Credit To : The Voice Weekly > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
3

Post a Comment

 
Top