0


Published on: April 3, 2014
Written by: ကျော်ဇင်ဝင်း

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် (၆) ရပ်ကွက်ရှိ ယခု တော်ဝင်ချယ်ရီအိမ်ရာ တည်ရှိသည့် သမိုင်းကွင်းအမှတ်(၂၄)၊ ဦးပိုင်မြေကွက် အမှတ်(၁၂)တွင် နေထိုင်ခဲ့ကြသူများက အဆိုပါ မြေနေရာအား ပြန်လည်ရရှိရေးအတွက် အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ အမှတ်(၅၄) နေအိမ်ရှေ့သို့ ဧပြီ ၃ ရက် မွန်းလွဲပိုင်းတွင် သွားရောက်အကူအညီ တောင်းခံခဲ့သည်။

ထိုသို့ သွားရောက်အကူအညီ တောင်းခံရာတွင် လူဦးရေ ၅၀ ခန့် ပါဝင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း လာရောက်အကူအညီတောင်းခံသူများအား လက်ခံတွေ့ဆုံခဲ့သည်။

ယင်းသို့ တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါမြေသိမ်းခံရမှုနှင့် ပတ်သက်၍ သူမ၏ ဥပဒေပညာရှင်များနှင့် ဆွေးနွေးကာ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

“အန်တီက ကယ်နိုင်မယ်လို့ မပြောချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မလုပ်နိုင်ဘဲနဲ့ လုပ်မယ်လို့ပြောတာက ဒါတစ်ကယ်တော့ လှည့်ဖြားတာပဲ။ လုပ်လို့ရရင်တော့ လုပ်ချင်တာပေါ့။ ဒါပေမဲ့ လွယ်လွယ်လေးနဲ့ လုပ်ပေးပါမယ်ပြောပြီး မလုပ်ပေးနိုင်လို့ရှိရင် အလကားမျှော်လင့်ချက်တွေနဲ့ မျှော်တလင့်လင့် ဖြစ်နေမယ်။ ဒီဟာကို ဥပဒေအရ ကြည့်မယ်။ ကြည့်ပြီးတော့ အခြေအနေဘယ်လိုရှိလဲဆိုတာ ကြည့်မယ်။ ဒါကြောင့်မို့လို့ စာရင်းလေးတော့ ပေးစေချင်တယ်။ ဘယ်သူတွေ ဘယ်နေရာမှာ ရောက်နေလဲဆိုတာ။ အဲဒီတော့မှ တတ်နိုင်တဲ့ဘက်က ကူညီဖို့လိုရင် ကူညီလို့ရအောင်ပေါ့။ ဘယ်သူတွေ ဘယ်မှာရှိမှန်း မသိဘဲနဲ့တော့ ဘာမှလုပ်ပေးလို့ မရဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အဆိုပါ မြေနေရာမှာ ဂရိတ်နိုင်းကုမ္ပဏီ ပိုင်ရှင်ဦးအိုက်လင်းက ၂၀၀၄ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်း စာရွက်စာတမ်းအတုများ ပြုလုပ်၍ သိမ်းယူခြင်းဖြစ်ကာ အိမ်ရာဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး သိမ်းယူစဉ်က မြေနေရာအကျယ်အ၀န်းပေါ်မူတည်ပြောင်းရွှေ့ကြေးများ ပေးခဲ့ရာတွင် မပြောင်းရွှေ့ခဲ့သူအချို့မှာ တရားရင်ဆိုင်ရကာ ထောင်ချခံရမှုများ ရှိခဲ့သဖြင့် အများစုမှာ တရားရင်ဆိုင်ရမည်ကို ကြောက်ရွံ့၍ ပြောင်းရွှေ့ကြေးအား လက်ခံပြောင်းရွှေ့ခဲ့ကြပြီး ယခုမှသာ ပြန်လည်တောင်းဆိုခြင်းဖြစ်ကြောင်းနှင့် ယင်းမြေနေရာသည် ဘိုးဘွားပိုင်မြေဖြစ်ကြောင်း မြေသိမ်းခံရသူတွင် ပါဝင်သူ ဦးလူအေး၏ ပြောကြားချက်အရ သိရသည်။

သို့ရာတွင် ဂရိတ်နိုင်းကုမ္ပဏီဘက်ကမူ အဆိုပါမြေနေရာအား သိမ်းဆည်းခဲ့ခြင်း မဟုတ်ဘဲ အစိုးရထံမှ လေလံအောင်မြင်ခဲ့ခြင်းဖြစ်ပြီး တစ်အိမ်လျှင် မြေနေရာ အကျယ်အ၀န်းပေါ်မူတည်၍ ပြောင်းရွှေ့ကြေးအဖြစ် အနည်းဆုံးငွေကျပ် ၁၀ သိန်းမှ သိန်း ၁၅၀ အထိ ပေးလျော်ခဲ့ကြောင်းနှင့် ပြောင်းရွှေ့ခံရသည့် အိမ်ခြေမှာ ၂၉၃ အိမ် တွင် ၁၈၈ အိမ်မှာ ပြောင်းရွှေ့ကြေးအား လက်ခံခဲ့ပြီး ငါးအိမ်မှ ပြောင်းရွှေ့ကြေး လက်မခံကြောင်း၊ အဆိုပါ ငွေကြေးလက်မခံခဲ့သူများမှ ဦးဆောင်၍ ယခုကဲ့သို့ ဆန္ဒပြနေခြင်းဖြစ်ကြောင်း ဂရိတ်နိုင်းဆောက်လုပ်ရေး ကုမ္ပဏီ မန်နေဂျာ ဦးနေ၀င်းဦးက ပြောကြားသည်။

ဦးနေ၀င်းဦးက “ကျွန်တော်တို့ တရားဝင်ညှိနှိုင်းပြီးတော့ ပေးသင့်ပေးထိုက်တာတွေလည်း ပေးထားပြီးသားပေါ့နော်။ အဲဒီ အနေအထားတစ်ခုမှာ သူတို့တောင်းဆိုနေတာကို ကျွန်တော်တို့ ပြန်ပေးဖို့အကြောင်းတော့ မရှိဘူးခင်ဗျ”ဟု ပြောကြားသည်။

“ကျွန်တော်တို့ကတော့ မျှော်လင့်ထားတယ်။ မရရအောင် လုပ်သွားမှာပဲ။ မျှော်လင့်တယ်ဆိုတာ သဘောက ကျွန်တော်တို့မြေပဲ။ ဒီခရိုနီက ၂၀၀၆ ခုနှစ် ကတည်းက ခုချိန်ထိအောင် ဟိုတုန်းကတော့ စစ်ဗိုလ်ချုပ်တွေနဲ့ ပေါင်းပေါ့ဗျာ။ ကျွန်တော်ဆိုရင် ဒီကိစ္စနဲ့ ထောင်ထဲရောက်တာ လေးခါရှိပါပြီ။ ဒါလည်း လုပ်တော့လုပ်နေတာပဲ။ သို့သော်လည်း ဒီဘက် ပွင့်လင်းမြင်သာတဲ့ ဒီဘက်ပိုင်းမှာတော့ ဟိုဘက်နဲ့စာရင်တော့ နည်းနည်းလေး တော်လာတာပေါ့။ ဒေါ်စုတို့လိုလူမျိုး သိသွားပြီဆိုတော့ ဒီကိစ္စပိုပြီးတော့ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်တာပေါ့ဗျာ”ဟု မြေသိမ်းခံရပြီး ပြောင်းရွှေ့ခံခဲ့ရသူ ဦးလူအေးက ပြောကြားသည်။

ယင်းမြေသိမ်းခံရသူများသည် ယခင်က မြေနေရာပြန်လည်ရရှိရေးအတွက် နှစ်ကြိမ်တိုင် ဆန္ဒပြခဲ့ကြပြီး သက်ဆိုင်ရာက ညှိနှိုင်းဖြေရှင်းပေးခြင်း မရှိသည့်အတွက် တတိယအကြိမ်မြောက်အဖြစ် မတ် ၂၅ ရက်က ထပ်မံဆန္ဒပြခဲ့ကြသည့်အပြင် တော်ဝင်ချယ်ရီအိမ်ရာရှေ့၌ သပိတ်စခန်း ဖွင့်လှစ်ခဲ့ကာ တောင်းဆိုမှုများ ပြုလုပ်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ထံသို့ သွားရောက်အကူအညီ တောင်းခံမှုပြုသည့် ဧပြီ ၃ ရက် နံနက်ပိုင်း၌ပင် သပိတ်စခန်းအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်အစည်းအဝေးများ ကျင်းပနေစဉ်ကာလများတွင် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် လွိုင်ကော်လမ်း၊ အိမ်အမှတ်(၆၃၃၂) ရှိ နှင်းဆီစံအိမ်၌ နေထိုင်လျက်ရှိကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မရမ်းကုန်း (၆) ရပ်ကွက် မြေသိမ်းခံ ပြည်သူများအား နေအိမ်ပြင်ပရှေ့သို့ထွက်၍ လက်ခံတွေ့ဆုံစဉ် (ဓာတ်ပုံ- ကျော်ဇင်ဝင်း)

Aye Chan Mon# Credit To :Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်

Post a Comment

 
Top