ပရီးမီးယားလိဂ် ပွဲစဉ် (၃၃) ဝက်စ်ဟမ်းနှင့် လီဗာပူးလ် ပွဲစဉ်တွင် ဧည့်သည် လီဗာပူးလ် အသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။
ဝက်စ်ဟမ်းတွင် အေဒရီယန်၊ ရိဒ်၊ နိုလန်၊ တွမ်ကင်စ်၊ အာမီရို၊ ကာရိုးလ်၊ တေလာ၊ နိုဘယ်လ်၊ ဒီမယ်လ်၊ ဒီယာမီ၊ ဒေါင်းနင်းတို့ ပါဝင်ကစားခဲ့သည်။
လီဗာပူးလ်တွင် မစ်ဂ်နိုလတ်၊ ဂျွန်ဆန်၊ ဖလာနာဂန်၊ ဆာခို၊ စကာတယ်လ်၊ ဂျရတ်၊ ဟန်ဒါဆန်၊ ကော်တင်ဟို၊ စတာလင်၊ ဆွာရက်ဇ်၊ စတားရစ်ခ်ျတို့ ပွဲထွက်ပါဝင်ခဲ့သည်။
ပွဲအစ ၄ မိနစ်တွင် ဆွာရက်ဇ်က၂၅ ကိုက်အကွာမှ ကန်သွင်းကာ ဂိုးရရန် ကြိုးပမ်းခဲ့သော်လည်း ၎င်း၏ ကန်သွင်းချက်မှာ ဂိုးဘားပေါ် ကျော်သွားခဲ့သည်။ ၅ မိနစ်တွင် ညာခြမ်းမှ ဒီယာမီ တင်ပေးလိုက်သည့် ဘောလုံးကို စကာတယ်လ် ရှင်းထုတ်နိုင်ခဲ့သည်။ ၂၀ မိနစ်တွင် ဆွာရက်ဇ် ပေးပို့သည့် ဘောလုံးကို စတာလင် ကန်သွင်းသော်လည်း ကန်ချက်ပျော့သွားခဲ့သည်။ ၄၀ မိနစ်တွင် လီဗာပူးလ်အသင်း ပင်နယ်တီ ရရှိခဲ့ပြီး အဆိုပါ ပင်နယ်တီကို ဂျရတ်က ကန်သွင်းကာ အသင်းအတွက် အဖွင့်ဂိုး ရယူပေးခဲ့သည်။ သို့သော်လည်း ၄၅ မိနစ်ပြည့်ပြီး နာကျင်အချိန်ပိုတွင် ဒီမယ်လ်က ဝက်စ်ဟမ်းအတွက် ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့သည်။ အဆိုပါဂိုးတွင် ကာရိုးလ်က မစ်ဂ်နိုလတ်ကို ပြစ်ဒဏ် ကျူးလွန်ခဲ့သော်လည်း ကွင်းလယ်ဒိုင်က ဂိုးအဖြစ် သတ်မှတ်ပေးခဲ့သည်။
ဒုတိယပိုင်းတွင် လီဗာပူးလ်က ဦးဆောင်ဂိုး ရရှိရန် ကြိုးပမ်းခဲ့သော်လည်း ဝက်စ်ဟမ်း ခံစစ်ပိုင်းက အကောင်းဆုံး ရှင်းထုတ် ကာကွယ်နိုင်ခဲ့သည်။ ၆၁ မိနစ်တွင် ညာခြမ်းမှ ဒီယာမီ၏ ဖြတ်တင်ဘောကို ကာရိုးလ် ခေါင်းတိုက်သွင်းရာ တိုင်ထိထွက်ခဲ့သည်။ ၆၇ မိနစ်တွင် ဖလာနာဂန်ကို ဂိုးသမား အေဒရီယန် ဖျက်ထုတ်ပုံ နောက်ကျခဲ့သောကြောင့် ရရှိခဲ့သည့် ပင်နယ်တီကို ဂျရတ်ကပင် အသင်းအတွက် ဒုတိယဂိုး အဖြစ် သွင်းယူခဲ့သည်။ ၈၂ မိနစ်တွင် ဆွာရက်ဇ်၏ ကန်သွင်းချက်မှာ တိုင်ထိထွက်ခဲ့သည်။ နောက်ပိုင်းတွင် လီဗာပူးလ်က အနိုင်ရလဒ်ကို ထိန်းကစားခဲ့ပြီး ပွဲအပြီးတွင် ဝက်စ်ဟမ်းကို ၂-၁ ဂိုးဖြင့် လိုအပ်သည့် အနိုင်သုံးမှတ် ရယူသွားခဲ့သည်။
Ref : http://www.soccermyanmar.com/
Aye Chan Mon# Credit To : Yatanarpon Call Center > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment