မန်ချက်စတာယူနိုက်တက်မှ စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားသည့် ဟွမ်မာတာက ဖိအားများနှင့် ကြုံတွေ့နေရသည့် ဒေးဗစ်မိုယက်စ်ဘက်မှ ကာကွယ် ပြောကြားခဲ့ပြီး အသင်း မန်နေဂျာဘက်မှ အသင်းသား အားလုံး အပြည့်အဝ ထောက်ခံလျက်ရှိကြောင်း ဆိုခဲ့သည်။
ပရီးမီးယားလိဂ် ချန်ပီယံသည် ယခုနှစ် ဘောလုံးရာသီတွင် ဆုဖလားကို ကာကွယ်နိုင်စွမ်း မရှိခဲ့ဘဲ ၅ ပွဲသာ ကစားရန် ကျန်ရှိတော့သည့် အချိန်တွင် အဆင့် ၇ နေရာ၌ ရပ်တည်လျက်ရှိပြီး ချန်ပီယံလိဂ် ဝင်ခွင့်ကိုလည်း လွဲချော်ဖွယ် ရှိနေသည်။
သို့သော်လည်း ဇန်နဝါရီလက ချယ်ဆီးမှ အိုးထရတ်ဖို့ဒ်သို့ ပြောင်းရွှေ့ခဲ့သည့် မာတာက ယူနိုက်တက်တွင် ကြုံတွေ့နေရသည့် ပြဿနာများ အတွက် မိုယက်စ် တစ်ဦးတည်းကိုသာ အပြစ်မတင်သင့်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့ စည်းလုံးဖို့လိုပါတယ်။ အခုအချိန်က တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် အပြစ်တင်နေရမယ့် အချိန် မဟုတ်ပါဘူး။ အခုအချိန်က စုစုစည်းစည်းနဲ့ ရှိရမယ့် အချိန်ပါ။ မန်နေဂျာ၊ သူ့ရဲ့ ဝန်ထမ်းတွေအပြင် ကစားသမားတွေနဲ့ အသင်းဘုတ်အဖွဲ့ဝင် အားလုံး စည်းလုံးရမယ့် အချိန်ပါ။ ကျွန်တော်တို့ မန်နေဂျာကို ယုံကြည်မှုရှိဖို့ လိုပါတယ်။ ကစားသမားတွေကလည်း ကိုယ့်ကိုယ်ကို တိုးတက်မှု ရှိဖို့ လိုပါတယ်။ ဒါဟာ မန်နေဂျာနဲ့ မဆိုင်သလို နည်းစနစ်နဲ့လည်း မဆိုင်ပါဘူး။ ကျွန်တော်တို့ အားလုံးနဲ့ သက်ဆိုင်ပါတယ်” ဟု မာတာက ဆိုခဲ့သည်။
ဆက်လက်ပြီး “စပိန်ကလပ်မှာ ဒီလိုအခြေအနေမျိုးနဲ့ ကြုံတွေ့ခဲ့မယ်ဆိုရင် မန်နေဂျာရဲ့ အနောက်မှာ အသင်းရော ကစားသမားတွေပါ။ ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ တောင့်တင်းတဲ့ အသင်းတစ်သင်း ဖြစ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ဖို့ လိုပေမယ့် ဒါကို အတူတကွ ဆောင်ရွက်ဖို့ လိုပါတယ်” ဟု မာတာက ပြောကြားခဲ့သည်။
ထို့အပြင် မိမိ ယူနိုက်တက်သို့ ပြောင်းရွှေ့စဉ်က အပြောင်းအရွှေ့ ဈေးကွက်တွင် သိသာထင်ရှားသည့် လှုပ်ရှားမှုများကို ပြုလုပ်ပြီး အသင်းကို ပြန်လည်တည်ဆောက်မည်ဟု ဆွေးနွေးခဲ့ကြကြောင်း မာတာက ဖွင့်ဟခဲ့သည်။
“ကျွန်တော် အသင်းကို ပြောင်းရွှေ့တုန်းက ဘုတ်အဖွဲ့ရော မန်နေဂျာနဲ့ပါ လာမယ့်နှစ် ဘောလုံးရာသီ အတွက် ဆွေးနွေးခဲ့ကြပါတယ်။ သူတို့ကိုယ်တိုင်ကလည်း သင့်တော်တဲ့ ကစားသမား ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။ အခုအချိန်က အပြောင်းအလဲ ကာလဆိုတာကို ကျွန်တော်တို့ သိရှိထားပါတယ်။ နွေရာသီမှာတော့ ကျွန်တော်တို့ ကစားသမားအချို့ ခေါ်ယူနိုင်ပါလိမ့်မယ်။ ထိပ်တန်းကစားသမားတွေကို ခေါ်ယူနိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ ယူနိုက်တက်က ဆုဖလားတိုင်းကို တိုက်ပွဲဝင်ပြီး ရယူနိုင်တဲ့ အသင်းပါ။ ကျွန်တော် ငယ်စဉ်ကတည်းက ယူနိုက်တက်ဟာ အရာရာကို တိုက်ပွဲဝင်ပြီး ရယူနိုင်ခဲ့တာကြောင့် အခုအချိန်မှာလည်း သူတို့ ဆုဖလားတွေကို ပြန်လည် ရယူနိုင်ပါလိမ့်မယ်” ဟု မာတာက ပြောကြားသွားခဲ့သည်။
Ref: Goal
Aye Chan Mon# Credit To : Soccer Myanmar> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment