အလုပ်ထုတ်ပယ်ခံရသည့် တော်ဝင်သစ်အချောထည် စက်ရုံမှ အလုပ်သမား ၂၀၀ ကျော်သည် အလုပ်ရှင်ထံမှ အလုပ်ထုတ်နစ်နာကြေး ကျပ်သိန်းတစ်ထောင်ကျော်ရရန် ကျန်ရှိနေသေးကြောင်း အလုပ်သမားများ၏ရှေ့နေ ကိုအောင်သူရိန်ထွန်းက ပြောကြားသည်။
ယင်းအလုပ်သမားများအတွက် ခုံသမာဓိကောင်စီမှ အမိန့်ချမှတ်ထားသည့်အတိုင်း ကြားကာလနစ်နာကြေး ၁၃ ရက်စာကို အလုပ်ရှင်ထံမှ ပြီးခဲ့သည့် အပတ်အတွင်း ရရှိခဲ့ပြီး ဖြစ်သော်လည်း အလုပ်ထုတ်နစ်နာကြေးကို အလုပ်ရှင်ထံမှ ယခုအချိန်အထိ ပေးလျော်ခြင်း မရှိသေးကြောင်း သိရသည်။
“ခုံသမာဓိကောင်စီက ချမှတ်ထားတဲ့ ကြားကာလနစ်နာကြေး၊ အလုပ်ထုတ်နစ်နာကြေး ပေးရမယ့်အထဲမှာ အခုကြားကာလ နစ်နာကြေး ၁၃ ရက်စာကိုပဲ ရသေးတယ်။ အလုပ်ထုတ်နစ်နာကြေးကို မပေးသေးတဲ့အတွက် အလုပ်သမားတွေက ကျေ နပ်မှုမရှိဘူး။ အလုပ်ထုတ်နစ်နာကြေးက ကျပ်သိန်းတစ်ထောင်နဲ့အထက် ရမှာပါ။ ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အလုပ်ရှင်အနေနဲ့ အစကတည်းက မလိုက်နာခဲ့တဲ့အတွက် အလုပ်ထုတ်နစ်နာကြေးကို အတိုးနဲ့တွက်ပြီး ပေးရမှာပါ” ဟု ရှေ့နေကိုအောင်သူရိန်ထွန်းက ပြောကြားသည်။
“ကြားကာလနစ်နာကြေး ၁၃ ရက်စာကို အလုပ်ရှင်က အလုပ်သမား ၁၈၀ ယောက်စာပဲပေးတယ်။ တကယ်အလုပ်ထုတ်ခံရတာက အလုပ်သမား ၂၂၀ ဦးပါ။ ဒါကို ၀န်ကြီးဌာနကလည်း အလုပ်ရှင်ရဲ့ စာရင်းကိုပဲ အတည်ယူတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
တော်ဝင်သစ်အချောထည် စက်ရုံမှ အလုပ်ထုတ်ပယ်ခံရသည့် အလုပ်သမားများ အနေဖြင့် ယခုကိစ္စနှင့် ပတ်သက်ကာ ဇန်န၀ါရီ ၁ ရက်တွင် လှိုင်သာယာမြို့နယ်၊ တိုင်ရီအလုပ်သမား သမဂ္ဂရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၂ ခုနှစ်အတွင်း ဒီဇင်ဘာလအတွင်းက စက်ရုံအတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများ၊ အလုပ်သမား အခွင့်အရေး ဆန္ဒထုတ်ဖော် တောင်းဆိုမှုများကြောင့် တော်ဝင်သစ်အချောထည် စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား ၂၀၀ ကျော်မှ အလုပ်ထုတ်ပယ်ခံခဲ့ရပြီး အလုပ်သမား တစ်ရာနီးပါးမှာ ယခုအချိန်ထိ အလုပ်မရသးဘဲ အလုပ်လက်မဲ့ ဖြစ်နေကြောင်း၊ အလုပ်သမား ၁၄ ဦးမှာ ပဋိပက္ခများနှင့် ပတ်သက်၍ အလုပ်ရှင် စွဲဆိုထားသည့် အမှုများကို ရင်ဆိုင်နေရကြောင်းလည်း သိရသည်။
(တော်ဝင်စက်ရုံ အလုပ်သမားအချို့အား စမ်းချောင်းမြို့နယ် တရားရုံးရှေ့တွင် တွေ့ရစဉ် )
Aye Chan Mon# Credit To : Eleven Media Group > ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.