နှစ်ရှည်ထောင်ဒဏ် ကျခံနေရသော ထောက်လှမ်းရေးများ ဇန်နဝါရီ ပထမပတ်အတွင်း လွတ်မြောက်မည်
ရန်ကုန်၊ ဒီဇင်ဘာ ၃၁
နိုင်ငံတော် ပုန်ကန်မှု၊ အဂတိ လိုက်စားမှု စသည့် ပုဒ်မများဖြင့် နှစ်ရှည် ထောင်ဒဏ် ကျခံနေရသော ထောက်လှမ်းရေး တပ်ဖွဲ့ အရာရှိဟောင်းများ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ပထမပတ် အတွင်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်း ချမ်းသာခွင့် ပြုမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
နှစ်ရှည်ထောင်ဒဏ် ကျခံနေရသော ထောက်လှမ်းရေးတပ်ဖွဲ့ အရာရှိဟောင်း ၂၂ ဦး ရှိပြီး နိုင်ငံတော်သမ္မတက လူသားချင်း စာနာထောက်ထားမှုဖြင့် လွတ်ငြိမ်း ချမ်းသာခွင့်ပြုရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
အဆိုပါ ထောက်လှမ်းရေး များကို လက်ကျန် နိုင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီမှ နိုင်ငံရေး အကျဉ်းသားများအဖြစ် သတ်မှတ်ခြင်း မပြုသော်လည်း လူသားချင်း စာနာမှုဖြင့် လွှတ်ပေးရန် နိုင်ငံတော်သမ္မတထံ တင်ပြ ထားကြောင်း အဆိုပါ ကော်မတီဝင် ဦးရဲအောင်က ပြောကြားသည်။
“နိုင်ငံရေး အကျဉ်းသားလို မဟုတ်ဘဲ အခြားပုံစံ တစ်ခုခုနဲ့ လွှတ်ပေးနိုင်ဖို့ကို တင်ပြထားတာ ရှိပါတယ်။ လွှတ်တာကတော့ သမ္မတပဲ ဆုံးဖြတ်မှာပါ” ဟု ၎င်းကဆိုသည်။
အဆိုပါ အကျဉ်းချခံ ထားရသော ထောက်လှမ်းရေးများကို နိုင်ငံရေး အကျဉ်းသားများအဖြစ် သတ်မှတ်ပေးရန်အတွက် ဝိုင်းဝန်း ကန့်ကွက်မှုများ ရှိသောကြောင့် နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ရန် မဖြစ်နိုင်ကြောင်း လက်ကျန် နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီက ထုတ်ပြန်ထားသည်။
တပ်မတော် ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်က အကျဉ်းထောင်များအတွင်း အကျဉ်းကျ ခံနေရသော ထောက်လှမ်းရေးများ လွတ်မြောက်ရေးအတွက် နိုင်ငံတော်သမ္မတထံသို့ တင်ပြထားကြောင်း နိုဝင်ဘာလ ပထမပတ်အတွင်း ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးတွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ကြည်က ပြောကြားထားသည်။
၂၀၀၄ ခုနှစ်တွင် ထောက်လှမ်းရေး အကြီးအကဲ ဦးခင်ညွန့် အပါအဝင် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များကို ဖမ်းဆီးခဲ့ပြီးနောက် တပ်မတော် ထောက်လှမ်းရေး အဖွဲ့ကို ဖျက်သိမ်းကာ ထောက်လှမ်း အရာရှိများကို ထောင်ဒဏ်နှစ် ၆၀ ကျော်နှင့်အထက် ပြစ်ဒဏ် ချမှတ်ခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းတွင် နိုင်ငံတော် ပုန်ကန်မှုဖြင့် နှစ်ရှည် ထောင်ဒဏ် ချခံနေရသော ဗိုလ်ချုပ်ကြီးဟောင်း နေဝင်း၏ မြေးနှစ်ဦးကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့သည်။
Aye Chan Mon# Credit To : The Voice Weekly> ပြန်လည် မျဝေခြင်း ဖြစ်ပါသည်
Post a Comment