0

ဝင်းကိုကိုလတ်|အင်္ဂါနေ့၊ ဒီဇင်ဘာ ၁၀ ရက်၊ ၂၀၁၃ ခုနှစ်

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်သော Myanmar People Forum သို့ တက်ရောက်ရန် သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်တို့ကို ဖိတ်ကြားထားသည်ဟု ပွဲဖြစ်မြောက်ရေးစီစဉ်သူ ဦးကျော်လင်းဦးက ပြောသည်။

ရန်ကုန်မြို့၊ အမ်စီစီခန်းမတွင် ဒီဇင်ဘာ ၂၈၊ ၂၉ နှင့် ၃၀ ရက်များတွင် ကျင်းပမည့် Myanmar People Forum သို့ တက်ရောက်ရန် နိုဝင်ဘာလ ၃၀ ရက်တွင် သမ္မတဦးသိန်းစိန်၊ ဒီဇင်ဘာလ ၃ ရက်တွင် ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ဒီဇင်ဘာလ ၇ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖိတ်ကြားစာများ ပေးပို့ခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်ကတော့၂၈ ရက်က ပါတီ၊ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတော့ရှိတယ်။ တက်ရောက်ပေးဖို့ ကြိုးစားပေးပါမယ် ပြောပါတယ်”ဟု ဦးကျော်လင်းဦးက ပြောသည်။

ဒီဇင်ဘာလ ၉ ရက် အဆိုပါသုံးဦးလုံးမှ တစ်စုံတစ်ရာ အကြောင်းပြန်ကြားချက် မရရှိသေးသော်လည်း တက်ရောက်မည်ဟု ယုံကြည်မျှော်လင့်သည်ဟု ဦးကျော်လင်းဦးက ပြောသည်။

အဆိုပါဖိတ်ကြားမှုအား အကြီးအကဲသုံးဦးစလုံးမှ လက်ခံ၍တက်ရောက်ပါက ကြီးသုံးကြီး၏ ပထမဦးဆုံး အကြိမ်တွေ့ဆုံပွဲတစ်ရပ်ဖြစ်လာမည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တောင်းဆိုထားသည့် လေး ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို အထောက်အကူပြုနိုင်ဖွယ် ရှိသည်ဟုလည်း ဦးကျော်လင်းဦးက ပြော သည်။

“ကြီးသုံးကြီးရဲ့ တွေ့ဆုံပွဲကတစ်ဆင့် ကြီးလေးကြီးတွေ့ဆုံပွဲကို အထောက်အကူပြုနိုင်ရင် အများကြီး ကောင်းပါမယ်”ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံပြင်ဆင်ခြင်းနှင့် ပတ်သက်၍ နိုဝင်ဘာလ၂၃ ရက်က သမ္မတ၊ လွှတ် တော်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးလိုသည်ဟု မေတ္တာရပ် ခံချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံထားသည့် လေးပွင့်ဆိုင် ဆွေးနွေးလိုခြင်းကို ဇန်န၀ါရီလ ၃၁ ရက် နောက်ဆုံးထား တင်ရမည့် အဖွဲ့ဝင် ၁၀၉ ဦးပါ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ ထွက်ပေါ်လာသည်အထိ စောင့်ဆိုင်းရန် သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့က သဘော ထားရှိသည်ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲ ထွဋ်က နိုဝင်ဘာလက မဇ္ဈိမကို ပြောကြားထားသည်။

အဆိုပါဖိုရမ်သို့ အရပ်ဘက် လူ့အဖွဲ့အစည်းများမှ လူဦးရေ ၃၅၀ ခန့်အထိ တက်ရောက်ရန် မျှော်မှန်း ထားပြီး ဒီဇင်ဘာလ ၂၈ ရက်တွင် ယင်းတို့သုံးဦးမှ အဖွင့်မိန့်ခွန်းများ ပြောကြားရန် စီစဉ်ထားသည်။ ဖိုရမ် တွင် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ တရားမျှတရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို ဆွေးနွေးကြမည်ဖြစ်သည်။
##Aye Chan Mon #မှ ပြန်လည်မျဝေပါသည်

Credit To:Mizzima - News in Burmese

Post a Comment

 
Top