0


(ဆောင်းပါးရှင် - ဒေါက်တာအောင်ကိုကို)

စီးဆင်းမှုများ (Flows) ဟုဆိုရာ၌ ကုန်စည်စီးဆင်းမှုများ (Commodity Flows)၊ ငွေကြေးအရင်းအနှီး စီးဆင်းမှုများ (Capital Flows)၊ လုပ်သားစီးဆင်း ရွှေ့ပြောင်းမှုများ (Labor Flows/Mobilities) နည်းပညာ စီးဆင်းမှုများ (Technology Flows/Mobilities) အစရှိသည်တို့ကို ဆိုလိုပြီး လက်ဝယ်ရှိ ပမာဏများ (Stocks) ဟု ဆိုရာတွင်လည်း ယင်းအထက်ပါ ကုန်စည် (Commodities Stock) ငွေကြေးအရင်းအနှီး (Capital Stock)၊ လုပ်သား Labor (Stock) နှင့် နည်းပညာ (Technology Stock) စသည်တို့၏ လက်ဝယ်ရှိ ပမာဏများ (Stocks) ကို စာရေးသူ ဆိုလိုခြင်းဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ (မည်သည့်နိုင်ငံမဆို) တံခါးဖွင့် စီးပွားရေးစနစ် ကျင့်သုံးလျှင် ယင်းအထက်ပါ ကုန်စည် (Commodity) ငွေကြေးအရင်းအနှီး (Capital) ၊ လုပ်သား (Labor) နှင့် နည်းပညာ (Technology) တို့သည် နေ့စဉ် (နေ့စဉ်) အချိန်နှင့်အမျှ ရွေ့လျားစီးဆင်း နေလေ့ရှိသည်။

ယင်းသို့ စီးဆင်းမှုများ (Flows) နိုင်ငံ၏ ဒေသတစ်ခုမှ တစ်ခုသို့ စီးဆင်းမှုများ (Domestic Flows/Mobilities) ရှိသကဲ့သို့ နိုင်ငံများအကြား အပြန်အလှန် စီးဆင်းမှုများ (International Flows/Mobilities) များလည်း ရှိပါသည်။
နေ့စဉ်နှင့်အမျှ (သို့မဟုတ်) ကာလအပိုင်းအခြားအလိုက် ပြောင်းလဲနေသော စီးဆင်းမှုပမာဏသည် လက်ဝယ်ရှိပမာဏ (Stock) ၏ အနိမ့်အမြင့် (အနည်းအများ) ကို ဖြစ်တည်စေနိုင်သကဲ့သို့ ယင်းနိုင်ငံ၏ ပကတိ စီးပွားရေး အခြေအနေများ၏ ညွှန်းကိန်းများ (Index) ဖြစ်သကဲ့သို့ ကိန်းရှင်များ (Variables) လည်း ဖြစ်နေသည်ဆိုသည်ကို တွေ့နိုင်ပေသည်။

ဤတွင် ယင်းစီးဆင်းမှုများကို ကောင်းစွာ နားလည်သဘောပေါက်လာလျှင် ယင်းစီးဆင်းမှုများ၏ လားရာ (Direction) နှင့် အဟုန် (Momentum) တို့ကိုပါ အတိုင်းအတာတစ်ခုအထိ ခန့်မှန်းနိုင်လာပြီး ယင်းစီးဆင်းမှုများကို မည်သို့မည်ပုံ စုစည်းမှု (Integration) ပုံစံနှင့် မည်သို့မည်ပုံ ခွဲဝေမှု (Allocation) ပုံစံ၊ မည်သို့မည်ပုံ ရွှေ့ပြောင်းမှု (Mobilization) ပုံစံစသည်တို့ကိုပါ ဆက်စပ်ခန့်မှန်း ပုံရိပ်ဖော်ရန် လိုအပ်လာပေလိမ့်မည်။

စီးဆင်းမှုများ (Flows) တိုင်းတွင် ယင်းစီးဆင်းမှု အခြေခံအကြောင်းရင်း သဘောတရားများကို သိရှိနားလည်ထားရန် လိုအပ်သကဲ့သို့ ရုတ်ခြည်း (ရုတ်ခြည်း) စီးဆင်းမှု ပမာဏပြောင်းလဲသွားပါက ပြဿနာများ (ပြဿနာများ) နှင့် ရင်ဆိုင်ရတတ်လေ့ ရှိသည်။

ထိုသို့သော အချိန်မျိုးတွင် ကောင်းစွာ ထိန်းကျောင်းနိုင်စွမ်း မရှိလျှင် ဆင့်ကဲဆင့်ကဲ ပြဿနာများ ကြုံတွေ့ရတတ်သည်ဆိုသည်ပင် ဖြစ်သည်။ ထိုစီးဆင်းမှုများ (Flows) နှင့် လက်ဝယ်ရှိ ပမာဏများ (Stocks) ၏ အပြောင်းအလဲ ပမာဏနှင့် နှုန်းထားများမှာ နိုင်ငံ၏ နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်အပေါ်တွင် များစွာ မူတည်ပေသည်။

နိုင်ငံသားတို့သည် မည်သူမဆို နိုင်ငံ၏ နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်တို့၏ ကောင်းကျိုးများကို ခံစားရလေ့ရှိသည့် အားလျော်စွာ ယင်းစီးဆင်းမှုများနှင့် လက်ဝယ်ရှိ ပမာဏများမှတစ်ဆင့် အလုပ်အကိုင် အခြေအနေများနှင့် လူနေမှုအဆင့်အတန်း အခြေအနေများကို ပြောင်းလဲစေခြင်းဟုလည်း ပြောနိုင်ပေလိမ့်မည်။

ယနေ့ ကမ္ဘာကြီးတွင် အမေရိကန်နိုင်ငံ တရုတ်နိုင်ငံအစရှိသော မည်သည့်နိုင်ငံမဆို မိမိတို့၏ ပြည်တွင်း စီးပွားရေးအင်အားကို အင်အားကုန် စွမ်းအားကုန် တည်ဆောက်နေသည်ကို တွေ့မြင်နိုင်ပြီး နိုင်ငံငယ်လေးများမှာလည်း မိမိတို့၏ အင်အားကို အစွမ်းကုန် စုစည်းပြီး မိမိတို့နိုင်ငံများ၏ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် အားကြိုးမာန်တက် လုပ်ဆောင်နေကြသည်ကို တွေ့မြင်နိုင်သည်။

မြန်မာနိုင်ငံအနေဖြင့်လည်း အတိတ်ကာလက အမှားများမှ သင်ခန်းစာရယူကာ မြန်မာနိုင်ငံ၏ အထက်ဖော်ပြပါ။ ကုန်စည် (Commodities) ငွေကြေးအရင်းအနှီး (Capital) ၊ လုပ်သား (Labors) နှင့် နည်းပညာ (Technology) စသည်တို့၏ စီးဆင်း မှုများ (Flows) ရွှေ့ပြောင်းမှုများ (Mobility) တို့၏ သဘောသဘာဝကို ကောင်းစွာ လေ့လာသင့်ပေလိမ့်မည်။

(ပန်းဆိုးတန်းဆိပ်ကမ်းအား ယမန်နှစ်က တွေ့ရစဉ်)

အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/excellencemedia
2

Post a Comment

 
Top