Written by စိန်ကျော်လှိုင်
ထိုင်းအိမ်စောင့်အစိုးရ ၀န်ကြီးချုပ် ယင်လက်ကို ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၁၁ ရက်) နောက်ဆုံးထားပြီး ရာထူးကဆင်းပေးဖို့ ဆန္ဒပြခေါင်းဆောင် ဆူထက်က ရာဇသံပေးထားပါတယ်။ အင်္ဂါနေ့ အစောပိုင်းမှာ ၀န်ကြီးချုပ် ယင်လက်က အောက်လွှတ်တော်ကို ဖျက်သိမ်းပြီး နှစ်လအတွင်း ရွေးကောက်ပွဲလုပ်ဖို့ ကတိပေးပါတယ်။ ဒါပေမဲ့ ထိုင်းအစိုးရယူထားတဲ့ အာဏာကို ပီဒီအာစီခေါ်ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကော်မတီက အာဏာပြန်သိမ်းတယ်လို့ ပီဒီအာစီအတွင်းရေးမှူးလည်းဖြစ်တဲ့ ဆူထက်က တိုင်းပြည်ကို ကြေညာပါတယ်။
စိတ်ဝင်စားဖို့ကောင်းတာက ဆူထက် ရဲ့ကြေညာချက်ဖြစ်ပါတယ်။ သူ့အဆိုအရ " ထိုင်းအစိုးရဟာ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခဲ့သလို တရားဥပဒေစိုးမိုးရေးနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးကိုပါချိုးဖောက်ခဲ့လို့ အစိုးရကိုပေးထားတဲ့ အာဏာကို ပြည်သူတွေက ပြန်သိမ်းယူခွင့်ရှိတယ် " ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းအခြေခံဥပဒေပါ အချုပ်အခြာအာဏာကို ထိုင်းပြည်သူတွေသာ ပိုင်ဆိုင်သည်ဆိုတဲ့ အခြေခံဥပဒေပုဒ်မ ၃ ကို ပီဒီအာစီအဖွဲ့က ကျင့်သုံး မယ် လို့ဆိုပါတယ်။
ထိုင်းဘာသာနဲ့ ပရာချာဖိဝပ်လို့ခေါ် တဲ့ ထိုင်းဆန္ဒပြလှုပ်ရှားမှုဟာ ပြည်သူ့တော်လှန်ရေးဖြစ်တယ်။ ပီဒီအာစီအဖွဲ့က ပြန်သိမ်းမယ့် အချုပ်အခြာအာဏာဟာ လက်နက်ကိုင် အာဏာသိမ်းပြီးရလာတဲ့ အချုပ်အခြာ အာဏာနဲ့တူတယ်လို့ ဆူထက်က နှိုင်းပြပါတယ်။ ဆိုလိုတဲ့သဘောက တိုင်းပြည်အာဏာကို လက်နက်နဲ့သိမ်းယူလို့ရသလို လူထုအားနဲ့လည်း ပြန်သိမ်းနိုင်တယ်လို့ ဆန္ဒပြခေါင်းဆောင်လည်းဖြစ် ဒီမိုကရက်ပါတီ အမတ်ဟောင်းလည်းဖြစ်တဲ့ ဆူထက်က ထိုင်းပြည်သူတွေကို ရှင်းပြတာဖြစ်ပါတယ်။
အစိုးရအာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ လူထုအားနဲ့ ပြန်ယူတယ်ဆိုတာ ထိုင်းနိုင်ငံရေးလောကမှာ အရင်ကမရှိခဲ့တဲ့ အတွက် ပီဒီအာစီခေါ် ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကော်မတီရဲ့ ကြေညာချက်အပေါ် ထိုင်းနိုင်ငံရေးသမားတွေကြား၊ ထိုင်းပညာရှင်တွေကြား အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။
တနင်္ဂနွေနေ့ကမှ ဒီမိုကရက်ပါတီအမတ်အဖြစ်က နုတ်ထွက်ခဲ့တဲ့ ၀ီရပ်ကလျာသီရိ ကတော့ အောက်လွှတ်တော် ဖျက်ပေးရုံနဲ့ မလုံလောက်ဘူး။ ယင်လက်ရဲ့ အိမ်စောင့်အစိုးရတစ်ဖွဲ့လုံး နုတ်ထွက်ရမယ်။ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေလည်း နုတ်ထွက်ရမယ်။ ဘုရင့်ထောက်ခံမှု ရအောင် အထက်လွှတ်တော် ဥက္ကဋ္ဌက ကြားနေ ၀န်ကြီးချုပ်တစ်ဦး ခန့်ဖို့လျာထားရမယ်။ ပြည်သူကခန့်ထားတဲ့ အိမ်စောင့်အစိုးရသစ်က နောက်ကျင်းပမယ့် ရွေးကောက်ပွဲသစ်အတွက် လုပ်ကိုင်ရင်း ပြုပြင်ပြောင်းလဲရေးအတွက် လိုတဲ့ဥပဒေတွေပြင်ပေးရင်း အနည်းဆုံး ခြောက်လကနေ တစ်နှစ်ထိ တာဝန်ယူရမယ်လို့ ပြောပါတယ်။ ဒါ့ပြင် ပြည်သူတွေကနေ ၀န်ကြီးချုပ်သစ်တစ်ဦးခန့်ပြီး အစိုးရသစ်ဖွဲ့ရမယ်။ ပြီးရင် ဥပဒေပြုကိစ္စတွေဆောင်ရွက်ဖို့ ပြည်သူ့ ကောင်စီတစ်ခု ဖွဲ့ရမယ်လို့ ဆန္ဒပြခေါင်းဆောင် ဆူထက်က တနင်္လာနေ့ ညကကြေညာပါတယ်။
ဆူထက်တို့ရဲ့ လူထုနည်းနဲ့ အာဏာသိမ်းရေး စီမံချက်သာ အောင်မြင်ခဲ့ရင် ထိုင်းနိုင်ငံရေးလောကမှာ ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်သွားနိုင်သလို အခြေခံဥပဒေအပေါ် အငြင်းပွားနေတဲ့ မြန်မာနိုင်ငံလို အိမ်နီးချင်းနိုင်ငံတွေအတွက်လည်း နိုင်ငံရေးဂယက်ရိုက်သွားနိင်ပါတယ်။ ဥပမာ-မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေ ၂၀၀၈ မှာလည်း နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာဟာ နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည် လို့ ပုဒ်မ ၄ မှာ ပြဋ္ဌာန်းထားပါတယ်။ သဘောကတော့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို တစ်နိုင်ငံလုံးရှိ မြန်မာပြည်သူတွေသာ ပိုင်ဆိုင်သည်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
အချုပ်အခြာအာဏာကို ထိုင်းပြည်သူတွေသာ ပိုင်ဆိုင်သည်ဆိုတဲ့ အချက်ကို ဆူထက်ခေါင်းဆောင်တဲ့ ဆန္ဒပြသူတွေက လက်တွေ့ကျကျ အကောင်အထည်ဖော်တော့မှာမို့ ထိုင်းနိုင်ငံရေး ဘာဆက်ဖြစ်မလဲဆိုတာ ခါတိုင်းထက် တွက်ရခက်လာပါတယ်။
အိမ်စောင့် အစိုးရ၀န်ကြီးချုပ်က အောက်လွှတ်တော်ဖျက်ပြီး နှစ်လအတွင်း ရွေးကောက်ပွဲလုပ်ပေးမယ်လို့ ကတိပေးတာကို ဆူထက်နဲ့ ဆန္ဒပြထိုင်းပြည်သူတွေ ဘာကြောင့် လက်မခံရသလဲဆိုတာ စဉ်းစားထိုက်ပါတယ်။ ထိုင်းပြည်သူတွေရဲ့ အကျပ် အတည်းက ရွေးကောက်ပွဲသာကျင်းပမယ် ဆိုရင် ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ပါတီ ကသာ အမြဲနိုင်နေမှာဖြစ်တဲ့အချက် ဖြစ်ပါ တယ်။
ထိုင်းနိုင်ငံရေးအတွက် အကြီးမားဆုံး အနှောင့်အယှက်က သက်ဆင်ရဲ့ ကြီးမားတဲ့ ကြွယ်ဝချမ်းသာမှုဖြစ်ပါတယ်။ သူ့ချမ်းသာမှုက ပြည်ပကနေတောင် ထိုင်းဘုရင်ရဲ့ ပလ္လင်ကို ကိုင်လှုပ်နိုင်စွမ်းရှိပါတယ်။ မဲဝယ်တဲ့နေရာမှာ သူ့လောက်ငွေသုံးနိုင်တာမရှိ။ ထိုင်းမှာ ရွေးကောက်ပွဲလုပ်နေသမျှ သက်ဆင်ပါတီ တစ်ခုတည်းကချည်း နိုင်နေမှာဖြစ်တယ်။ ထိုင်းနိုင်ငံရေးမှာ သက်ဆင်ပါတီကို ပြိုင်နိုင်တဲ့ပါတီ မပေါ်သေးပါ။ ဒီမှာတင် ၂၀၀၆ ခုနှစ် ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီနဲ့ တခြားပါတီတချို့ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တယ်။ ပြိုင်ဘက်မရှိ တစ်ဖက်သတ် အနိုင်ရသွားတဲ့ သက်ဆင်ရဲ့ အဲဒီအချိန် ထိုင်းရပ်ထိုင်းပါတီကို ဒီမိုကရေစီနည်းလမ်းမကျဘူးလို့ ဘုရင်က ထောက်ပြပြီး မကြာမီ ထိုင်းစစ်တပ်က အာဏာသိမ်းပါတယ်။ သက်ဆင်လည်း ပြည်ပကို ထွက်ပြေးရပါတယ်။
သက်ဆင်ဘက်က သူ့ပါတီဟာ ရွေးကောက်ပွဲနဲ့ တက်လာတာမို့ ဒီမိုကရေစီ နည်းလမ်းကျတယ်လို့ နိုင်ငံတကာကို ရှင်းလင်းတယ်။ ဒါမှန်ပါတယ်။ ခက်တာက ထိုင်းမှာ ရွေးကောက်ပွဲလုပ်နေသမျှ သူ့ပါတီချည်းပဲ နိုင်နေမှာကို လူတိုင်းသိနေတဲ့ အချက်ဖြစ်တယ်။ ဒါကြောင့် ရွေးကောက်ပွဲ ဆိုတာ ထိုင်းနိုင်ငံအတွက် ဒီမိုကရေစီနည်းလမ်း ကျရဲ့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ တစ်ခါရွေးကောက်ပွဲနည်း နဲ့မဟုတ်ဘဲ ပြည်သူ့ကောင်စီကို အာဏာ အပ်ပါလို့ ဆန္ဒပြသူတွေ တောင်းဆိုနေတာကလည်း အခြေခံဥပဒေနဲ့ မညီပါလို့ ထိုင်းပညာရှင်တချို့က ထောက်ပြတယ်။ တချို့ပညာရှင်တွေကလည်း ဆန္ဒပြသူတွေ တောင်းဆိုတာကို ထောက်ခံပါတယ်။
ဒါကြောင့် ရွေးကောက်ပွဲလုပ်ဖို့ ကြေညာတဲ့အတွက် ထိုင်းအိမ်စောင့် အစိုးရ၀န်ကြီးချုပ် ယင်လက်ကို ချီးကျူးစရာမလိုပါ။ ယင်လက်ဘက်ကလည်း ပြည်သူကတောင်းဆိုလို့ ပြည်သူ့အကျိုးအတွက် အောက်လွှတ်တော် ဖျက်ပြီး ရွေးကောက်ပွဲကျင်းပဖို့ ကြေညာတာမဟုတ်ဘဲ ပြန်နိုင်မှာသေချာလို့ နှစ်လ အတွင်း ရွေးကောက်ပွဲလုပ်ဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ယင်လက်ရဲ့ပါတီကလည်း လာမယ့်ရွေးကောက်ပွဲမှာ ယင်လက်ကို နံပါတ်တစ် ပါတီခေါင်းဆောင်အဖြစ် လျာထားတဲ့အတွက်နိုင်ရင် နောက်တစ်ခါ ယင်လက်ပဲ ၀န်ကြီးချုပ်ဖြစ်မှာပါ။
ဆန္ဒပြသူတွေဘက်က ကြည့်တော့လည်း ယင်လက်ရာထူးကထွက်ပြီး အောက်လွှတ်တော်ဖျက်ရုံနဲ့ ထိုင်းနိုင်ငံရေး မပြေလည်နိုင်။ သက်ဆင်ရဲ့ သြဇာလွှမ်းမိုးမှု စနစ်ကြီးကိုပါ အမြစ်ပြတ်အောင် နုတ်ပစ်နိုင်မှ အောင်ပွဲရမယ်လို့ ခံယူထားပါတယ်။ တကယ် လက်တွေ့ကျကျ အောင်မြင်နိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
၂၀၁၃ ဒီဇင်ဘာ ၁၀ ရက်တွင် ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်အနီးတွင် ဆန္ဒပြနေသူများ
#Aye Chan Mon မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
Credit To :Eleven Media Group
Post a Comment