0


ကျွန်မတို့မြန်မာလူ့အဖွဲ့အစည်းက မိန်းကလေးတစ်ယောက်အတွက် ဒီနေ့ခေတ်မှာ အတော်အသင့်ပဲ လုံခြုံမှုပေးနိုင်ပါတယ်။ ဟိုစဉ်တုန်းက မိန်းကလေးတွေ စီးပွားရေးအတွက် အပြင်ထွက် အလုပ်မလုပ်ရခင်ကခေတ်နဲ့စာရင်တော့ ဒီခေတ်မှာ မိန်းကလေးတွေ လွတ်လပ်စွာ သွားလာ အလုပ်လုပ်ကြတယ်။ လွတ်လပ်မှုနဲ့အတူ အန္တရာယ်ကလည်း တွဲလျက်ပါလာတာပေါ့။ အဲဒီအန္တရာယ်တွေထဲမှာ စိတ်ဓာတ်ညံ့ဖျင်းတဲ့၊ ထိန်းချုပ်မှုစွမ်းအားမရှိတဲ့ ယောက်ျားတချို့ရဲ့အန္တရာယ်လည်းပါတယ်။

မိန်းကလေးတစ်ယောက်က အိမ်နဲ့အလုပ်အကြား လမ်းခုလတ်မှာမှ အန္တရာယ်ရှိတာမဟုတ်ဘူး။ လုပ်ငန်းခွင်မှာလည်း အန္တရာယ်ရှိတာပဲ။ စက်ရုံတစ်ခုခုရဲ့ အလုပ်သမပဲဖြစ်ဖြစ်၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်က နေ့စားအလုပ်သမပဲဖြစ်ဖြစ် ဘေးမှာတွဲလုပ်နေရတဲ့ ယောက်ျားတွေရဲ့ စိတ်နေစိတ်ထား၊ ကျင့်ဝတ်စောင့်ထိန်းမှု မစောင့်ထိန်းမှုတွေပေါ်မှာမူတည်ပြီး အန္တရာယ်သေးသေးကနေ ကြီးကြီးအထိရှိတယ်လို့ ကျွန်မခံစားရတယ်။

ရှေးခေတ်က မြန်မာလူ့အဖွဲ့အစည်းမှာ ကိုယ့်မိဘမောင်ဘွားသာမက အနီးအနားက လူရိုသေရှင်ရိုသေ လူကြီးသူမတွေကလည်း မိန်းကလေးရဲ့လုံခြုံမှုအတွက် တစ်နည်းတစ်ဖုံ အထောက်အကူပေးတယ်။ အမြင်မတော်တာကို ဆုံးမ ဆွေးနွေး သတိပေးလို့ရတဲ့ အခြေအနေကိုး။ အခုခေတ်မှာတော့ အဲဒီအဖြစ်မျိုး တော်တော်ရှားသွားပြီ။ ဒီတော့ မိန်းကလေးဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်စောင့်ရှောက်မှပဲ ရတဲ့ အခြေအနေဖြစ်လာတယ်။ ရဲစခန်းတွေရှိတယ်။ ရပ်ကွက်ရုံးတွေ ရှိတယ်။ ဒါပေမဲ့ ဘယ်သူမှ မသိလိုက်ဘဲ ပြစ်မှုတွေဖြစ်သွားကြပြီး မိန်းကလေးတွေ အန္တရာယ်တွေ့ကြရပါတယ်။ ဖြစ်ပြီးသွားရင် ဒီအမှုမှာ တရားခံကို မိတာမမိတာကနောက်ထား၊ မဖြစ်ခင်မှာ ကာကွယ်နိုင်ဖို့က ပိုပြီးအရေးကြီးတယ်။ အဲဒီလိုကာကွယ်ဖို့ဆိုရင် ရပ်ကွက်က တာဝန်သိပြည်သူတွေက ဘယ်လိုကူညီနိုင်မလဲ။ ပြည်သူ့ရဲတွေက ဘယ်လိုကူညီနိုင်မှာလဲ။ မှောင်ရိပ်ခိုသူတွေကို ရဲက ကင်းလှည့်ရင်း စောင့်ကြည့်အကဲခတ်ပေးနေရင်ရမလား။ ခက်တာက မသင်္ကာစရာ လူဆိုတာကလည်း နဖူးပေါ်စာကပ်ပြီးလာတာမဟုတ်။ ခေါင်းမှာ ချိုပေါက်ပြီးလာတာမဟုတ်။ သူလိုကိုယ်လိုပဲ သူလည်း အန္တရာယ်ပြုသူ ဖြစ်နိုင်တယ်။ ကိုယ်လည်း အန္တရာယ်ပြုသူဖြစ်နိုင်တယ်ဆိုတာမျိုးပဲ။

မိန်းကလေး အလုပ်အပြန်နောက်ကျရင် အိမ်တိုင်ရာရောက် ဖယ်ရီနဲ့ပို့ပေးတဲ့အလုပ်မျိုးဆိုရင် အန္တရာယ်နည်းပါတယ်။ ဒါပေမဲ့ မိသားစုစားဝတ်နေရေးအတွက် ၀င်ငွေက သိပ်လိုနေတဲ့အခါ မိန်းကလေးအနေနဲ့ ချေးများလို့မရဘူး။ အလုပ်ရှင်တွေကလည်း မိန်းကလေးအန္တရာယ်မဖြစ်အောင် ၀ိုင်းစဉ်းစားဆောင်ရွက်ပေးဖို့အထိ အသိစိတ်၊ တာဝန်ယူစိတ်ရှိချင်မှရှိမယ်။ လိုမယ်လို့လည်း တွေးချင်မှတွေးမိမယ်။ သမီးမိန်းကလေး အလုပ်ကနေအိမ်ပြန်နောက်ကျရင် ဖခင်တို့၊ ဦးလေးတို့က လမ်းထိပ်ထွက်ကြိုပေးတာမျိုးလုပ်နိုင်ရင် ကောင်းတယ်။ တချို့ကျတော့ အဲဒီလို အားကိုးရမယ့်ယောက်ျား ဆွေမျိုးသားချင်း မရှိနိုင်ဘူးလေ။

အေးချမ်းပါစေ မိန်းကလေးရေ
ဂျူး

Eternal Light Magazine
December 2013

Aye Chan Mon# မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်

Credit To :Eternal Light Magazine
https://www.facebook.com/excellencemedia
14

Post a Comment

 
Top