Written by မင်းထက်စံ
စီးပွားရေးမြို့တော် ရန်ကုန်၏ မြို့လယ်ဖြစ်သော အနော်ရထာလမ်းမကြီး ဘေးတွင် ကားများ အစီအရီ ရပ်ထားသည်။ပလက်ဖောင်းပေါ်တွင် ဈေးရောင်းနေသည့် ဈေးသည်များ၏ အသံတို့မှာလည်း တစ်ယောက်တစ်ပေါက် အော်ဟစ်ဆူညံ နေကြသည်။
အဆိုပါလမ်းပေါ်တွင် ကားတစ်စီး ရပ်လိုက်ပြီး ဝတ်စုံဆင်တူ ဝတ်ထားသည့် ကုမ္ပဏီဝန်ထမ်း အမျိုးသမီးနှစ်ဦးက ကားပေါ်မှ ဆင်းလာကာ ကားအတွင်းရှိ ပစ္စည်းများကို ဆွဲယူနေသည်။ ထိုသို့ ကား ရပ်လိုက်စဉ် ခဏတာအချိန်မှာပင် နောက်ကား များက ဟွန်းကို တပွမ်ပွမ်တီးကြသည်။ ထိုအမျိုးသမီးနှစ်ဦး ထဲမှ ၂၈ နှစ်ခန့်အရွယ် အမျိုးသမီးက နောက် ၁၅ မိနစ်နေရင် ဒီမှာ လာကြိုပေးပါ" ဟု ယာဉ်မောင်းကို ပြောလိုက်သည်။
ယင်းမြင်ကွင်းသည် အနော်ရထာ လမ်းမကြီးပေါ် ဈေးဆိုင်ခန်း ဖွင့်ထားသူများ၊ အထပ်မြင့်တိုက် များတွင် နေထိုင်သူတို့၏ ကားများ ကားပါကင် နေရာယူထားသည့် အတွက် ထိုနေရာသို့ လာရောက်သူများ ကားရပ်ရန်နေရာ မရှိဘဲ လမ်းမကြီးပေါ် ခဏတာရပ်သော်လည်း နောက်ကားများ က ဟွန်းတီးနေကြခြင်း ဖြစ်သည်။
ရန်ကုန်မြို့တွင် အနော်ရထာလမ်း ကဲ့သို့ အထင်ကရ လမ်းမကြီးသာ မဟုတ်ဘဲ လမ်းကြားများ၊ ရပ်ကွက်များတွင်လည်း ကားရပ်ရန် ပါကင်ရှာရခြင်းအတွက် အချိန် အတော်ပေးနေကြရသည်။
မြို့လယ်ရှိ အထပ်မြင့်အဆောက် အအုံတို့တွင် မြေညီထပ် နေထိုင်သူတို့သည် မျက်နှာစာတွင် ကားရပ်ရန်နေရာ ကားပါကင် (Parking) ကို အပိုင်ယူထားကြသည်။ အချို့ဆိုလျှင် ကားရပ်ရန်နေရာကို ဝါးလုံး တား၍ ယာဉ်မရပ်ရ ဆိုင်းဘုတ်ကို ထောင်ထားသည်။ ရပ်ကွက်ထဲတွင်လည်း အိမ်ရှေ့ကားမရပ်ရ ဆိုသည့် စာတန်းများကို စာလုံးကြီးများဖြင့် ရေးသားထားသည်။
မြေညီထပ်နှင့် အပေါ်ထပ်တွင် နေထိုင်သူတို့ ကားရပ်ရန် နေရာလုပြီး စကားများ ရန်ဖြစ်ကြသည်များကို မကြာခဏ တွေ့ ရသည်။ ထိုသို့ ဖြစ်နေသည်မှာ ယခုမှမဟုတ် နှစ်နဲ့ချီနေပြီ ဖြစ်သည်။ အစိုးရသစ် တက်လာပြီး ကားများ ဒလဟော တင်သွင်းခွင့်ပြုလိုက်ပြီးသည့် နောက်ပိုင်းတွင် ကားပါကင် ပြဿနာသည် အခြေအနေ ပိုမိုဆိုးရွားလာသည်။
နိုင်ငံခြားသတင်းဌာနတွင် အလုပ် လုပ်ကိုင်နေသူ တစ်ဦးက "မြို့ထဲလာရင် ကားရပ်ဖို့နေရာ တော်တော်ရှာရတယ်" ဟု ညည်းတွား ပြောဆိုဖူးသည်။
ထိုကဲ့သို့ ကားပါကင် မလုံလောက် မှုကြောင့် လမ်းပေါ်တွင် ကားများဆင့် ရပ်လိုက်သည့်အတွက် ယာဉ်ကြောပိတ်ဆို့မှု များ ဖြစ်ပေါ်လျက်ရှိနေသည် ကိုလည်း တွေ့ရသည်။
မဟာဗန္ဓုလလမ်း ပေါ်တွင် အအေးဆိုင် ဖွင့်ထားသူတစ်ဦးက "ဆိုင်ရှေ့မှာ ကားရပ် ခိုင်းလိုက်ပြန်ရင်လည်း ကိုယ့်ကားရောက် လာတဲ့အချိန် နေရာမရှိဘူး။ ဒါကြောင့် ကားရပ်ဖို့ နေရာဦးထားရတယ်" ဟု နေရာ ယူထားရခြင်းကို ရှင်းပြသည်။
အချို့သော ဆိုင်ရှင်၊ အိမ်ရှင်များ သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွင် ကားပါကင်အတွက် နှစ်စဉ် ကြေး အခွန်ဆောင်ထားပြီး ဖြစ်သော်လည်း အချို့မှာမူ အခွန်ဆောင်ထားခြင်း မရှိပေ။
စည်ပင်သာယာရေး ကော်မတီမှ အရာရှိတစ်ဦးက "တခြားကားတွေကို ရပ်ခွင့် မပေးဘဲ နေရာတွေ ပိတ်ထားတာဟာ မလုပ်သင့်ဘူး။ တခြားကားတွေအတွက် ဖယ်ပေးရမယ်" ဟု ဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တစ်နှစ်စာ ကားပါကင်အတွက် တစ်စတုရန်းပေလျှင် ၈၀၀ ကျပ်နှုန်းဖြင့် ကောက်ခံလျက် ရှိကြောင်း ယင်းကော်မတီ ၏ ထုတ်ပြန်ချက်များ အရ သိရသည်။
ကားပါကင်များ ရပ်နားနိုင်ရန် အတွက် သီရိမင်္ဂလာဈေးဟောင်း၊ ပြည်လမ်းနှင့် ရှင်စောပုလမ်းထောင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မြေနေရာ၊ မင်းရဲကျော်စွာလမ်း အစရှိသော နေရာများတွင် ယာဉ်ရပ်နား စခန်းများ ဖွင့်လှစ်ခဲ့ပြီး ကားရပ်နားနိုင်သည့် နေရာများလည်း ဆောက်လုပ်လျက် ရှိသည်။
ရန်ကုန်မြို့တော် ယာဉ်ကြောပိတ်ဆို့ မှုများ မဖြစ်ပေါ်စေရန် အတွက် ခြောက်လမ်းသွား ကားလမ်းမကြီး အပါအဝင် ယာဉ်မရပ်ရသည့် လမ်းပေါင်း၂၆ခုကို ထုတ်ပြန်ခဲ့သည်။ သို့သော် ယာဉ်မောင်းသူ အများစုမှာ လိုက်နာခြင်း မရှိသကဲ့သို့ အရေးယူမှုမှာလည်း အားနည်းခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက "တခြားနိုင်ငံတွေလို အထပ်မြင့် ပါတဲ့ ကားပါကင်ဆောက်ဖို့ ဆွေးနွေးတာ ရှိတယ်။ ခုအများဆုံးဒုက္ခ တွေ့နေရတာ ယာဉ်ကြောပိတ်ဆို့မှုပဲ" ဟု စက်တင်ဘာလ အတွင်းက ပြောဆိုထားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပန်းဆိုးတန်းလမ်းတွင် အထပ် ၁၅ ထပ်ရှိသော ကားပါကင်အဆောက် အအုံကို တည်ဆောက်မည်ဖြစ်ပြီး ကားစီးရေ တစ်ရာကျော် ထားနိုင်မည်ဟု ဆိုထားသည်။
အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း နှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်း အစရှိသော လမ်းမကြီးများတွင် ကားပါကင်ထိုးနိုင်ရန် ပလက်ဖောင်းများကို မြို့တော်စည်ပင်က ပြင်ဆင်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း ဈေးသစ် လဟာပြင်ဈေးနေရာ တွင်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ရွှေတောင်ကုမ္ပဏီတို့ ပူးပေါင်း၍ အကျိုးတူ တည်ဆောက်သော Twin Tower သည် အထပ် ၃၂ ထပ်နှင့် ၂၄ ထပ် အဆောက်အအုံ တို့ဖြစ်ပြီး ကားပါကင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီ က ပြောဆိုထားသည်။
ထိုအဆောက်အအုံ စီမံကိန်းကာလသည် လေးနှစ်ဖြစ်သည့်အတွက် ကားပါကင် အသုံးပြုနိုင်ရန် စောင့်ဆိုင်းရဦးမည်။
ထိုအဆောက်အအုံများ ပြီးဆုံးသွားပါက လည်း ရန်ကုန်မြို့တော်အတွင်း ကားပါကင် ပြဿနာ ပြေလည်နိုင်ပြီလောဟု မေးခွန်း ထုတ်စရာ ဖြစ်လာသည်။
မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် မတိုင်မီ က ယာဉ်အစီးရေ ၂ ဒသမ ၄ သန်းရှိပြီး ရန်ကုန်မြို့တော်တွင် အစီးရေ သုံးသိန်းခန့် ရှိခဲ့သည်။ ကားတင်သွင်းခွင့် မူဝါဒများ လျှော့ချပြီးသည့် နောက်ပိုင်း ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့မှ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့အထိ နှစ်သိန်းတစ်သောင်းခွဲကျော် ခွင့်ပြုခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာန စာရင်းများအရ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အရာရှိတစ်ဦးကမူ "ယာဉ်ကြော ပိတ်ဆို့တာကို လတ်တလောဖြေရှင်းဖို့ မလွယ်သေးဘူး" ဟု မှတ်ချက်ပေးသည်။
ရန်ကုန်မြို့တော်၏ ညနေခင်း ဆည်းဆာချိန်တွင် ကားများတရွေ့ရွေ့နှင့် ဥဒဟို သွားလာနေကြသည်။ ကားဟွန်းများကလည်း တပွမ်ပွမ် မြည်ဟီးနေသည်။ မဟာဗန္ဓုလလမ်းပေါ်တွင် ကားပါကင်များ ပြည့်နေသည့် အတွက် တက္ကစီကားများက လမ်းမပေါ်တွင် ပိတ်ရပ်ထားသည်။ ဈေးသည် များကလည်း တတိယလမ်းမပေါ်တွင် ခင်းရောင်းနေကြသည်။ ယာဉ်ကြောပေးထားသည့် လမ်းသည် ယာဉ်သုံးစီးစာ သွားနိုင်သော်လည်း ယာဉ်တစ်စီးသာ သွား၍ရသည်။
၃၁ လမ်းသို့ လာရောက်သည့် လုပ်ငန်းရှင်တစ်ဦးက အောက်ပါအတိုင်း ပြောကြားသည်။ "ကားပါကင်ထိုးဖို့ နေရာမရှိလို့ ဒရိုင်ဘာကို ပတ်မောင်းခိုင်းနေရတယ်"ဟူ၍ ဖြစ်သည်။
မင်းထက်စံ
အေးချမ်းမွန် Credit To > The Voice Weekly< Thankhttps://www.facebook.com/excellencemedia
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.