0

Created on Monday, 09 December 2013 21:25


ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့သို့သွားရာ မိုးကောင်း(ပါဟုတ်)-ဖားကန့်လမ်းပိုင်းခင်းရန် ကျပ်သန်းပေါင်း ၃၆၀၀ ကို ဖားကန့်ဒေသရှိ ကုမ္ပဏီလုပ်ကွက်များမှ လုပ်ကွက်တစ်ကွက်လျှင် ပထမအဆင့်အနေဖြင့် ကျပ် ၃၃ သိန်း ထည့်ဝင်ကြရန် ဒီဇင်ဘာ ၇ ရက်က မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် ကျောက်မျက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်သူ လုပ်ငန်းရှင်များက ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖားကန့်ဒေသတွင် တစ်ဧကပတ်လည် လုပ်ကွက်ပေါင်း ၁၅၀၀၀ ကျော်ရှိပြီး ကုမ္ပဏီပေါင်း ၅၈၀ ကျော် လုပ်ကိုင်နေကြသည်။လမ်းပိုင်းတည်ဆောက်ရန်အတွက် လုပ်ကွက်တစ်ခုကို ကျပ်သိန်းတစ်ရာ ပျှမ်းမျှသတ်မှတ်ပြီး ပထမဆုံးအနေဖြင့် ကျပ် ၃၃ သိန်းကို ဇန်န၀ါရီ ၁၅ ရက်တွင် နောက်ဆုံပေးသွင်းရန် အတည်ပြုခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက" နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံတဲ့အခါ ကချင်ပြည်နယ် ၀န်ကြီးချုပ်အနေနဲ့ အချက်နှစ်ချက် တင်ပြတောင်းခံခဲ့ပါတယ်။ ပထမအချက်က လျှပ်စစ်ဓါတ်အား တစ်ယူနစ်ဈေးနှုန်းဟာ ဖားကန့်မြို့က အကြီးဆုံး ဖြစ်ကြောင်း၊ တစ်ယူနစ်ကို တစ်ထောင်ကျပ် ပေးနေရတာ ၆ နှစ်ဝန်းကျင်ရှိပြီ ဖြစ်ကြောင်း၊ ကာမိုင်းမြို့ကို ၃၃ ကေဗွီဓာတ်အားလိုင်းအားနဲ့ ၆၆ ကေဗွီ ဓာတ်အားလိုင်းတွေဆွဲဖို့ တင်ပြခဲ့ပါတယ်။ နောက်တစ်ချက်က တစ်နိုင်ငံလုံး လာရောက်မှီခိုရှာစားနေတဲ့ ဖားကန့်ဒေသလမ်းပိုင်းကို ဆောင်ရွက်ဖို့ တင်ပြခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံတော်ဘတ်ဂျက် မလုံလောက်တဲ့အတွက် ကျောက်စိမ်းလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တင်ပြခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော်မှာ ဘတ်ဂျက်ရှိရင်တော့ ပြည်နယ်အစိုးရအနေနဲ့ ခေါင်းခံစရာမလိုပါဘူး။ ငွေရတာနဲ့ အကောင်အထည် ဖော်သွားမှာပါ။ နိုင်ငံတော်က ဘတ်ဂျက်ချပေးတာက ပြင်ဖို့အတွက်ပဲ ရှိပါတယ်။ လမ်းအရမ်းကောင်းအောင် လုပ်ဖို့အတွက် အခုလိုဆွေးနွေးတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား တော်တော်များများဟာ ဖားကန့်မရောက်ဖူးတဲ့သူ မရှိသလောက်ပါ။ ဒီလမ်းလုပ်ငန်းဟာ ဆင်းရဲမွဲတေမှု လျှော့ချရေး ကဏ္ဍအနေနဲ့လည်းပါမှာ ဖြစ်ပါတယ်"ဟု ပြောကြားသည်။

လုပ်ငန်းရှင်များအနေဖြင့် ငွေပမာဏကို စိစစ်ရန်၊ ကျောက်စိမ်းလုပ်ကွက်များ လျင်မြန်စွာ ပြန်လည်တူးဖေါ်နိုင်ရန်၊ လမ်းတံတားများ ရေရှည်ခံနိုင်ရေးအတွက် မည်သည့် လမ်းခင်းနည်းစနစ်ကို အသုံးပြုရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် ဖားကန့်ဒေသသို့ သွားရန် လမ်းနှစ်သွယ်ရှိပြီး မိုးညှင်း-ဟိုပင်-အင်းတော်ကြီး-ဝေခါ-ဖားကန့်လမ်းပိုင်းမှာ မိုးရာသီတွင် အသုံးပြု၍မရဘဲ ဆောင်းရာသီနှောင်းပိုင်းနှင့် နွေဦးရာသီတွင်သာ အသုံးပြုနိုင်သည်။
ရာသီမရွေး အသုံးပြုနေသော မြစ်ကြီးနား-မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းပိုင်းမှာလည်း ယခုအချိန်တွင် ဆိုးဝါးစွာ ပျက်စီးနေမှုကြောင့် အခက်အခဲ ဖြစ်နေကြောင်း ပို့ဆောင်ရေးလုပ်ငန်းရှင်များက ပြောကြားသည်။ ယခုနှစ်တွင် ဖားကန့်ဒေသ၌ ဒေသခံ အိမ်ထောင်စုပေါင်း ၄၄၂၆၀ ဦးရှိပြီး ရွှေ့ပြောင်းလုပ်သားပေါင်း ၁၃၁၃၀၈ ဦးရှိကြောင်း လူဦးရေအားလုံး၏ ၈၅ ရာခိုင်နှုန်းမှာ ကျောက်စိမ်းလုပ်ငန်းပေါ်တွင် မှီခိုနေကြောင်း အစိုးရ စာရင်းဇယားများအရ သိရသည်။

မိုးကောင်း (ပါဟုတ်)-ဖားကန့်လမ်းပိုင်းတစ်နေရာအား ပြီးခဲ့သောမိုးရာသီအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ - ထွန်းလင်းအောင်)

အေးချမ်းမွန် Credit To > Eleven Media Group< Thankhttps://www.facebook.com/excellencemedia
3

Post a Comment

 
Top