သေချာတာ တစ်ခုရှိပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ တစ်ခုခုလုပ်ရမယ် ဆိုတာပါပဲ။
အဲဒီအချိန်မှာ ကျွန်တော်တို့ အကောင်းဆုံးလို့ သိထားတဲ့ အရာကို လုပ်ရမှာပါပဲ။
ဒါကို အမှန်မဟုတ်သေးဘူးလို့ သိလာတဲ့အချိန်တွေမှာ ကျွန်တော်တို့ ထပ်ထပ်ပြီး ပြင်ဆင်သွားရမှာပါပဲ။
ဖရန်ကလင် ဒီရုစဗဲ့
မည်သည့်နိုင်ငံ၊ မည်သည့်နေရာ၌မဆို မှားယွင်းသော စနစ်တစ်ခု၏ အောက်၌ မှားယွင်းသော မူဝါဒများကြောင့် ဖြစ်ပေါ်လာသည့် မှားယွင်းမှုများ ရှိနေတတ်မြဲပင် ဖြစ်သည်။ အမှားကို မှားမှန်းသိပါက အမှန်ပြင်ရမည် ဟူသည်မှာ အပြောလွယ်သလောက် အလုပ်ခက်သည့် ကိစ္စဖြစ်သည်။ အချို့သော အမှားများသည် ၎င်းတို့ နေရာယူထားသည်မှာ ကာလရှည်ကြာလွန်းအားကြီးသောကြောင့် အသားကျနေပြီး ဖြေရှင်းရန်မဆိုထားနှင့် မှားယွင်းသည်ဟု ဆုံးဖြတ်ရန်ပင် ခက်လှသည်။
မူဝါဒမှားယွင်းခြင်းကြောင့် လုပ်ငန်းစဉ်များ မှားယွင်းမှုက မြင်သာထင်သာရှိကာ ပြင်ဆင်ရန် လွယ်ကူနိုင်သေးသော်လည်း ရေရာခိုင်မာသည့် မူဝါဒမရှိဘဲ ရေတိုကိုသာ ကြည့်ခဲ့သည့် မူဝါဒများကြောင့် ဖြစ်ပေါ်လာပြီး ကာလကြာရှည်စွာ အသားကျနေသော အမှားများသည် နာတာရှည်ရောဂါကဲ့သို့ဖြစ်ကာ ကုသရန် ခက်ခဲလာလိမ့်မည်။
ဥပမာအားဖြင့် မြန်မာနိုင်ငံအနှံ့ လယ်ယာမြေပိုင်ဆိုင်မှု ပြဿနာများ၊ ဘိုးဘွားပိုင်မြေ အငြင်းပွားမှုမှသည် ယခုနောက်ပိုင်းတွင် စီမံကိန်းများကြောင့် ဖြစ်ပွားလာသည့် မြေယာပြဿနာများ၊ မြို့ပြဆိုင်ရာ မြေယာပိုင်ဆိုင်မှု ပြဿနာများက ဖြေရှင်းအဖြေရှာရခက်သည့် ပုစ္ဆာများသဖွယ် ဖြစ်နေသည်။ မြေယာပြဿနာများနှင့် ပတ်သက်၍ တည်ဆဲဥပဒေများ စည်းမျဉ်းစည်းကမ်းများက စစ်မှန်သော အဖြေအတွက် အာမခံချက် ပေးနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။ ထို့အပြင် တရားဥပဒေကလည်း အမှန်တရားအတွက် လုံလောက်သော ယုံကြည်မှု ဖန်တီးပေးနိုင်ခြင်း မရှိပေ။ ထိုအခါ ၀ိဝါဒကွဲပြားစရာ ပြဿနာများ၊ မတရား ဖိနှိပ်ခံရမှုများက ထိခိုက်ခံစားရသူများအတွက် နာကျင်မှုမှသည် နာကြည်းမှုများအဖြစ် ပြောင်းလဲကာ နောက်ဆုံးတွင် ပေါက်ကွဲ ပွင့်အန်ထွက်မှုများအထိ ဖြစ်လာသည်။ မိမိတို့၏ အမှန်တရားအတွက် အားကိုးရာမဲ့လာသောအခါ အကြောက်တရား ဆိုသည်မှာလည်း မရှိတော့ဘဲ မိမိတို့၏ အမှန်တရားအတွက် ကိုယ်တိုင်ရှာဖွေရန် အားထုတ်လာကြသည်။ ထိုအခါ ညင်သာသော ဆွေးနွေးညှိနှိုင်းမှုမျိုးဖြင့် မပြေလည်နိုင်ပါက ဆန္ဒပြခြင်း၊ ပြင်းထန်စွာ တောင်းဆိုခြင်းများဖြင့် အာဏာပိုင် အဖွဲ့အစည်းများနှင့် ထိပ်တိုက်တိုးမှုများအဖြစ် ပဋိပက္ခများသဖွယ် ဖြစ်သွားသည်။ လက်ပံတောင်းအရေး၊ မိကျောင်းကန် သပိတ်စခန်း ဖြစ်စဉ်များသည် ဤသဘောတရားအတိုင်း ပေါ်ပေါက်လာသော ဖြစ်စဉ်များဟု မှတ်ယူနိုင်ပါသည်။
ဒီမိုကရေစီစနစ် ပီပြင်ရန် ရုန်းကန်နေရသည့် မြန်မာနိုင်ငံတွင် နေရာများစွာတို့၌ အကျအန နေရာယူထားနှင့်ပြီးဖြစ်သော အသားကျနေသည့် အမှားများအပါအ၀င် ပြုပြင်ပြောင်းလဲရန် လိုသည်များက များပြားလွန်းလှသည်။ မည်သို့ပင်ဆိုစေကာမူ အမှားအများစုအတွက် တရားခံမှာ ခိုင်မာတိကျသော မူဝါဒမရှိခြင်းပင် ဖြစ်သည်။ ယင်းအမှားကို မပြင်နိုင်ပါက အမှားအပေါ် အမှားဆင့်ကာ အမှားများ ထပ်ထပ်တိုးပွားလာဖို့ပင် ရှိတော့သည်။ ထို့ကြောင့် နေရာတိုင်းတွင် တိကျသော မူဝါဒများ ချမှတ်လျက် မူဝါဒအတိုင်း တစ်ပြေးညီတည်း အခိုင်အမာလုပ်ဆောင်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
#emg_editorials
ဒီဇင်ဘာလ ၈ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်
အေးချမ်းမွန် Credit To >Eleven Media Group < Thankhttps://www.facebook.com/excellencemedia
Post a Comment