Sunday, 08 December 2013
မြောက်ကိုရီးယား နိုင်ငံတွင် လွန်ခဲ့သော အောက်တိုဘာလ ကတည်းက ဖမ်းဆီး ထိန်းသိမ်းထားသော အမေရိကန် စစ်ပြန်ကြီး တစ်ဦးဖြစ်သူ မာရေးလ်နယူးမန်းအား မြောက်ကိုရီးယား အစိုးရက ပြန်လွှတ်ပေးခဲ့ပြီး ၎င်း၏ မိခင်နိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း သိရသည်။
နယူးမန်းသည် ၁၉၅ဝ-၁၉၅၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ကိုရီးယား စစ်ပွဲအတွင်း ပြစ်မှုများကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံ တောင်းပန်ပြီးနောက် ၎င်းအား လူသားချင်း စာနာထောက်ထားမှု တစ်ရပ်အနေဖြင့် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း KCNA သတင်းဌာနမှ ထုတ်ဖော်ပြောကြားခဲ့သည်။
အသက် ၈၅ နှစ်အရွယ်ရှိ နယူးမန်းသည် မြောက်ကိုရီးယား နိုင်ငံသို့ ခရီးသွားဧည့်သည်တစ်ဦးအဖြစ် ရောက်ရှိနေစဉ် အတွင်း မြောက်ကိုရီးယားအား ဆန့်ကျင်ခဲ့သည် ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရခြင်းဖြစ်သည်။
နယူးမန်း ပြန်လည်လွတ်မြောက် လာသည့်အတွက် ဝမ်းမြောက်မိကြောင်း၊ ၎င်းအားပြန်လွှတ်ပေးသည့် မြောက်ကိုရီးယား အစိုးရကို ကျေးဇူးတင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
နယူးမန်းသည် ကိုရီးယားစစ်ပွဲ အတွင်းက မြောက်ကိုရီးယား စစ်သားများနှင့် ပြည်သူများကို သတ်ဖြတ်ရန် စေခိုင်းခဲ့သူတစ်ဦး ဖြစ်ကြောင်း KCNA သတင်းဌာနက ပြီးခဲ့သည့် သီတင်းပတ်တွင် ဖော်ပြခဲ့သည်။
ယခုအခါ ၎င်းသည် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ရောက်ရှိနေပြီး မိခင်နိုင်ငံသို့ ပြန်လွှတ်သည့် လမ်းကြောင်းပေါ် တွင် ရောက်ရှိနေပြီ ဖြစ်သည့် အတွက် ပျော်ရွှင်မိကြောင်း၊ ဇနီးဖြစ်သူကိုလည်း အလွန်တွေ့ချင်နေပြီ ဖြစ်ကြောင်း၊ မိမိအား ပြန်လွှတ်ပေးသည့် မြောက်ကိုရီးယား အစိုးရ၏ စေတနာကို ကျေးဇူးတင်ရှိကြောင်း နယူးမန်းက ပြောကြား ခဲ့သည်ဟု သိရသည်။
မြ၀တီ

Post a Comment