0


Created on Tuesday, 03 December 2013 23:20 

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ပေးပို့လာသော စာများကို ဒီဇင်ဘာ ၁၅ ရက် နောက်ပိုင်းတွင် အမျိုးအစား ခွဲမည်ဟု ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ဒီဇင်ဘာ ၃ ရက်တွင် ပြောကြားသည်။

လက်ရှိအချိန်တွင် ကော်မတီသို့ ပြည်သူများထံမှ အကြံပြုစာ ၃၀၀ ကျော် ရောက်ရှိနေပြီဖြစ်ကြောင်း၊ မိမိတို့၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ အကြံဥာဏ် တောင်းခံသည့် အချိန်ကို ဒီဇင်ဘာ ၃၁ ရက်တွင် နောက်ဆုံးထား လက်ခံသွားမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၃၁ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းသွားမည်ဟု သိရသည်။

"လက်ရှိ အချိန်မှာက ကော်မတီကို အကြံပြုစာတွေ တောက်လျှောက်ရောက်နေတဲ့အတွက် အကြံပြုစာတွေကို အမျိုးအစားခွဲလို့ မရသေးဘူး ဖြစ်နေတယ်။ ခန့်မှန်းခြေ နောက်ဆုံး ဒီဇင်ဘာ ၁၅ လောက် ဆိုရင်တော့ တဖြည်းဖြည်း လက်စသတ်ဖို့ ဆောင်ရွက်ပါမယ်။ ဒီဇင်ဘာ ၁၅ နဲ့ ဒီဇင်ဘာ ၃၀ ကြားထဲမှာ အပြီးသတ် အမျိုးအစား ခွဲနိုင်ဖို့ ဆောင်ရွက်ပါမယ်။ အမျိုးအစား ခွဲခြားတဲ့ အခါမှာ ရောက်လာတဲ့ အကြံပြုစာတွေ အနက်က ဘယ်ပုဒ်မက ပြင်ဆင်ဖို့ အကြံပြုတာ အများဆုံး ဖြစ်တယ်၊ ဘယ်အချက်ကို အများဆုံး ပြည်သူတွေက ပြင်ဆင်လိုတယ် ဆိုတာတွေ အသေးစိတ် စိစစ်သွားမှာပါ" ဟု ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးအေးမောက်က ပြောကြားသည်။
ဒီဇင်ဘာ ၁၅ နဲ့ ဒီဇင်ဘာ ၃၀ ကြားထဲမှာ အပြီးသတ် အမျိုးအစား ခွဲနိုင်ဖို့ ဆောင်ရွက်ပါမယ်။ အမျိုးအစား ခွဲခြားတဲ့ အခါမှာ ရောက်လာတဲ့ အကြံပြုစာတွေ အနက်က ဘယ်ပုဒ်မက ပြင်ဆင်ဖို့ အကြံပြုတာ အများဆုံး ဖြစ်တယ်၊ ဘယ်အချက်ကို အများဆုံး ပြည်သူတွေက ပြင်ဆင်လိုတယ် ဆိုတာတွေ အသေးစိတ် စိစစ်သွားမှာပါ . . . . .

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြင်ဆင်လိုသည့် အချက် ၁၀၀ ကျော်ရှိကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားထားသည်။

လက်ရှိ အာဏာရ ပြည်ခိုင်ဖြိုးပါတီနှင့် လွှတ်တော်အတွင်းရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် အစီရင်ခံစာကို တင်သွင်းသွားရန်ရှိပြီး လက်ရှိအချိန်တွင် ၎င်းအဖွဲ့အစည်း နှစ်ခု၏ အစီရင်ခံစာသည် ကော်မတီသို့ ရောက်ရှိလာခြင်း မရှိသေးကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Group
Thank https://www.facebook.com/excellencemedia

Post a Comment

 
Top