ကောလာဟလ (Rumour) ကို လူတစ်ဦးမှ တစ်ဦးသို့ ပျံ့နှံ့သွားသော အတည်မပြုနိုင်သည့် အကြောင်းအရာ သို့မဟုတ် ရှင်းပြချက် တစ်ရပ်အဖြစ် ရှုမြင်ကြသည်။ သို့သော် ၁၉၉၈ ခုနှစ်တွင် Pendleton ၏ ကောလာဟလများကို သုတေသန ပြုမှုအရ လူမှုဗေဒ၊ စိတ်ပညာနှင့် ဆက်သွယ်ရေး လေ့လာချက်များတွင် ကောလာဟလကို အဓိပ္ပာယ် သတ်မှတ်ရာ၌ များစွာကွဲလွဲချက်များ ရှိနေကြောင်း သိရသည်။
လူမှုသိပ္ပံ ပညာရပ်တွင် ကောလာဟလဟူသည် တိကျသော အဓိပ္ပာယ် ဖွင့်ဆိုချက် မရှိသည့် စိတ်ကူးထည် တစ်ခုမျှသာ ဖြစ်သည်။ သို့သော် သီအိုရီ အများစုက ကောလာဟလများတွင် မှန်မမှန်ကို လျင်မြန်စွာ သို့မဟုတ် ဘယ်တော့မှ အတည်ပြု၍ မရသော ဖော်ပြချက်တစ်မျိုး ပါဝင်နေကြောင်းကိုမူ သဘောတူကြသည်။ ပညာရှင် အချို့က ကောလာဟလများကို ၀ါဒဖြန့်ချိရေးအဖြစ် အမျိုးအမည် သတ်မှတ်ကြသည်။ ၀ါဒဖြန့်ချိရေးနှင့် ပတ်သက်၍ အစောဆုံးအဖြစ် ၁၉၂၇ ခုနှစ်တွင် လေ့လာမှုများ ပြုလုပ်ခဲ့သူ ဟာရိုးလက်စ်ဝဲလ်က ၀ါဒဖြန့်ချိရေးဟူသည် အရေးပါသော သင်္ကေတ အမှတ်သညာများကို အသုံးပြုကာ ထင်မြင်ချက်များကို ထိန်းချုပ်ခြင်း သို့မဟုတ် ပို၍ခိုင်မာစွာနှင့် တိကျမှု ပို၍နည်းပါးစွာ ပြောဆိုခြင်းမျှသာ ဖြစ်သည်ဟု ဆိုသည်။ ၀ါဒဖြန့်ချိရေး၌ အဖြစ်အပျက် အကြောင်းအရာများ၊ သတင်းအစီရင်ခံမှုများ၊ ကောလာဟလများ၊ ဓာတ်ပုံများနှင့် အခြားလူမှု ဆက်သွယ်ရေး ပုံသဏ္ဌာန်များကို အသုံးပြုသည်ဟု ဆိုသည်။
ကောလာဟလများကို လူမှုမီဒီယာများက ပိုမိုလျင်မြန်စွာနှင့် ပုံသဏ္ဌာန် မကျစွာ ဖြန့်ချိပေးသည်။ လူတစ်ဦးတစ်ယောက် အနေဖြင့် သတင်းတစ်ရပ် သို့မဟုတ် အမြင်တစ်ရပ်ကို မှန်မမှန်၊ ကောင်းမကောင်း၊ တော်၏မတော်၏ သိရှိခြင်း မရှိဘဲ အွန်လိုင်း၌ တွေ့ရှိရသည့်အခါ တစ်ဆင့်ဖြန့်ချိ လိုက်တတ်သည်။ ကောလာဟလများနှင့် သတင်းမှားများ ဖြန့်ချိခြင်းသည် ရှေးခေတ်ကတည်းက ရှိခဲ့သည့် နည်းလမ်းတစ်ရပ် ဖြစ်သည်။ ယခုကဲ့သို့ အင်တာနက် ခေတ်စားလာပြီး လူမှုမီဒီယာများ တွင်ကျယ်လာချိန်တွင် လူမှုမီဒီယာများသည် ကောလာဟလများ အကြီးအကျယ် ထုတ်လုပ်ဖြန့်ချိရာ စက်ရုံကြီးများ ဖြစ်လာတော့သည်။ အွန်လိုင်းတွင် အီလက်ထရွန်နစ် နည်းအရ ကောလာဟလများကို ကိုင်တွယ်၊ ထိန်းချုပ်၊ ဖြန့်ချိ၊ စောင့်ကြည့်မှုများက နိုင်ငံရေး ကစားကွက်များ ဖြစ်လာပြီး နိုင်ငံရေး အခင်းအကျင်းများကို ပြောင်းလဲစေနိုင်သည်။
လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်ကို တက်ကြွစွာ ကာကွယ်လာခဲ့သူ အချို့ပင်လျှင် ဆိုးရွားသော သတင်းအချက်အလက်များ Twitter၊ YouTube နှင့် Facebook တို့မှတစ်ဆင့် လျင်မြန်စွာ၊ ဝေးလံစွာနှင့် ထိရောက်စွာ ပျံ့နှံ့နေမှုသည် ဒီမိုကရေစီ လုပ်ငန်းစဉ်များကို ပုံပျက်ရွဲ့စောင်း သွားစေနိုင်သည်ဟု စိုးရိမ်မှုများ ဖြစ်ပေါ်လာခဲ့သည်။ ဥပမာအားဖြင့် စနစ်တကျ ထုဆစ်ပုံဖော်ထားသော မုသားတစ်ရပ်က ရွေးကောက်ပွဲ မတိုင်မီ တစ်ပတ်အတွင်း ထွက်ပေါ်လာခဲ့လျှင် ယင်းကရွေးကောက်ပွဲ ရလဒ်အပေါ် အကြီးအကျယ် သက်ရောက်မှု ရှိနိုင်သည်ဟု ဆိုကြသည်။
လူသားဆန်သည့် လူတိုင်းသည် လွတ်လပ်မှုကို မြတ်နိုးပြီး ဆင်ဆာလုပ်ခြင်းကို အမှန်တကယ်၌ မည်သူမျှ ကြိုက်နှစ်သက်နိုင်လိမ့်မည် မဟုတ်ပါ။ သို့သော် ဆိုးရွားသော ကောလာဟလများ ဒလဟော စီးဆင်းပျံ့နှံ့ နေမှုကလည်း စိုးရိမ်ဖွယ်ရာပင်။ ထို့ကြောင့် ကျွန်တော်တို့ ပြည်သူများ အနေဖြင့် ဇာတ်ဆန်သည့် အဖြစ်အပျက်များအပေါ် တိမ်းမူးညွတ်နူးလွယ်ခြင်း မရှိဘဲ ဝေဖန်ပိုင်းခြား စဉ်းစားတွေးခေါ်တတ်သည့် အသိဥာဏ်များ ရင့်သန်လာအောင် ပျိုးထောင်တည်ဆောက် ရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
ဒီဇင်ဘာလ ၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်
#emg_editorials
အေးချမ်းမွန် Credit To >Eleven Media Group
Thank https://www.facebook.com/excellencemedia
Post a Comment