0


Created on Sunday, 01 December 2013 19:00 

နိုင်ငံရေး ဆွေးနွေးပွဲတွင် တိုင်းရင်းသားများ တောင်းဆိုမည့် အချက်များကို ကြိုတွက်ထားပြီးဖြစ်ကာ အာဏာခွဲဝေရေးတွင် တိုင်းရင်းသားများ ကိုယ့်ပြည်နယ် ကိုယ်အုပ်ချုပ်နိုင်ရန် အာဏာပြန်အပ်မည်ဟု သမ္မတရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နိုဝင်ဘာ ၃၀ ရက်က ပြောကြားသည်။

ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမတွင် ပြုလုပ်သော "တည်ငြိမ်အေးချမ်းသည့် နိုင်ငံတော် တည်ဆောက်ရေးတွင် လူထုအခြေပြု အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ" ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်နှင့် ရှေ့ဆက်ဆောင်ရွက်မည့် အခြေအနေများကို အရပ်ဘက် လူမှုအဖွဲ့အစည်းများအား ရှင်းပြစဉ် ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက "နိုင်ငံရေး ဆွေးနွေးပွဲမှာ သူတို့ (တိုင်းရင်းသားတွေ)ဘာကို တောင်းဆိုမလဲ။ ကျွန်တော်တို့တွေ ကြိုပြီးတွက်ထား ပြီးသား။ ကျွန်တော်တို့က ဒီတိုင်းရင်းသားတွေနဲ့ အကြိမ်နှစ်ရာလောက် တွေ့ထားပြီးသား" ဟု ဆိုသည်။ တိုင်းရင်းသားများ လိုလားသည့် အချက်များမှာ တန်းတူညီတူ အခွင့်အရေး ရရှိရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဋ္ဌာန်းခွင့် ရရှိရေးတို့ ဖြစ်ကြောင်း၊ အဆိုပါ အချက်နှစ်ချက်ကို ပေါင်းလိုက်ပါက ဖက်ဒရယ်ပင် ဖြစ်ကြောင်း၊ ဖက်ဒရယ်ကို သွားမည်ဟု သမ္မတကြီးကလည်း ကြေညာထားပြီးဖြစ်ကြောင်း၊ ဖက်ဒရယ်ကို လုပ်ဆောင်ရာတွင် အာဏာခွဲဝေရေးနှင့် သယံဇာတ ခွဲဝေရေးကို ဆွေးနွေးကြရမည်ဖြစ်ကြောင်း ၀န်ကြီးဦးအောင်မင်းက ပြောကြားသည်။

"အာဏာခွဲဝေရေးမှာ ကျွန်တော်တို့က ဘယ်လောက်အထိ စဉ်းစားထားလဲဆိုရင် ကချင်ပြည်နယ်ကို ကချင်ပြည်နယ်သားတွေ အုပ်ချုပ်ရမယ်။ ရှမ်းပြည်နယ်ကို ရှမ်းပြည်နယ်သားတွေ အုပ်ချုပ်ရမယ်။ အကုန်လုံး အာဏာတွေ အားလုံးကို သူတို့ကို ပြန်အပ်ရမယ်။ အဲဒီလို အပ်တဲ့အခါမှာလည်း သူတို့က ဥပဒေနဲ့အညီ သူတို့ပြန် အုပ်ချုပ်ရမယ်။ ဒါဘာမှ မခက်ဘူး။ ဒါတွေအကုန်လုံးက စဉ်းစားထားပြီးသား" ဟု ၎င်းကဆိုသည်။

အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top