0
ကွယ်လွန်သူ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလားအတွက် အမှတ်ရ ချီးကျူးဂုဏ်ပြုပွဲကို ဂျိုဟန်နတ်စ်ဘတ်မြို့က FNB အားကစား ဝင်းကြီးထဲမှာ စတင် ကျင်းပနေပြီဖြစ်ရာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ တခြား ကမ္ဘာ့ခေါင်းဆောင်တွေ တက်ရောက်ပြီး မစ္စတာ မန်ဒဲလားအတွက် ချီကျူး ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။

အမေရိကန် သမ္မတ အိုဘားမားက မစ္စတာ မန်ဒဲလားဟာ တခြား ဘယ်သူနဲ့မှ မတူတဲ့ သမိုင်းမှာ ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်ကြောင်း ပြောကြားသွားပါတယ်။ မစ္စတာ မန်ဒဲလားအတွက် ချီးကျူးဂုဏ်ပြုပွဲကို တခြား နိုင်ငံ့ခေါင်းဆောင်တွေကို ဖိတ်ကြားပြီး အတူမျှဝေ ဆောင်ရွက်တဲ့အတွက် တောင်အာဖရိကနိုင်ငံကို ကျေးဇူး တင်ကြောင်းလည်း မစ္စတာ အိုဘားမားက ပြောပါတယ်။

မစ္စတာ မန်ဒဲလားဟာ ၂၀ ရာစုအတွက် ကြီးကျယ် မြင့်မြတ်တဲ့ နောက်ဆုံး လွတ်မြောက်ရေး ခေါင်းဆောင်တစ်ဦး ဖြစ်တယ်လို့လည်း အိုဘားမားက ပြောပါတယ်။ ကမ္ဘာပ်ါမှာ ရှိတဲ့ မညီမျှမှု၊ ဆင်းရဲမွဲတေမှုနဲ့ လူမျိုးရေး ခွဲခြားဆက်ဆံမှုတွေကို တိုက်ဖျက်ရာမှာ နယ်လ်ဆင် မန်ဒဲလားရဲ့ ဆောင်ရွက်ချက်တွေကို အတုယူကြဖို့ မစ္စတာ အိုဘားမားက တိုက်တွန်းသွားပါတယ်။

မစ္စတာ အိုဘားမားဟာ စကားပြောဖို့ စင်မြင့်ပေါ်ကိုအသွား ကျူးဘား သမ္မတ ရာအူး ကက်စထရိုကို လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။ နှစ် ၅၀ ကျော်ကြာ အဆင်မပြေ ဖြစ်နေကြတဲ့ အမေရိကန်နဲ့ ကျူးဘား နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး အခုလို လက်ဆွဲနှုတ်ဆက်တာဟာ ဘယ်သူမှ ထင်မှတ်မထားကြတဲ့ ကိစ္စဖြစ်ပါတယ်။

မိုးတွေ သည်းထန်စွာ ရွာနေတဲ့ကြားက ကျင်းပနေတဲ့ ဒီ အမှတ်ရ အခမ်းအနားမှာ ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ မန်ဒဲလား မိသားစုနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ အမှတ်ရ ချီးကျူး ပြောကြားချက်တွေကို လာရောက် နားထောင်ခဲ့ကြပါတယ်။

မစ္စတာ မန်ဒဲလားဟာ နှိမ့်ချတတ်တဲ့ လူတစ်ဦးဖြစ်ပြီး အမျိုးသား အမျိုးသမီး တန်းတူညီမျှမှုကိုလည်း လိုလားသူ ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး သန်ဒူဇိုလို မန်ဒဲလားက ဖော်ပြပြောဆိုပါတယ်။

မစ္စတာ ဘန်ကီမွန်းကတော့ တောင်အာဖရိကဟာ သူရဲကောင်းတစ်ဦးကို ဆုံးရှုံးခဲ့ရပြီး ကမ္ဘာကြီးကတော့ ချစ်လှစွာသော ရှေ့ဆောင်လမ်းပြ မိတ်ဆွေကောင်းတစ်ဦးကို ဆုံးရှုံးခဲ့ရတယ်လို့ ပြောပါတယ်။
#Aye #Chan #Mon မှ ပြန်လည်မျဝေပါသည်

Credit To:BBC Burmese
1

Post a Comment

 
Top