0

မိတ္ထီလာ၊ ဒီဇင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နှင့် ပျော်ဘွယ်မြို့ တို့ကို ဖြတ်သန်း ဖောက်လုပ်မည့် အာရှအာဆီယံ လမ်းမကြီး အမှတ် -၁ (AH-1) နယ်မြေတွင် ဝင်ရောက် ကျူးကျော် နေထိုင်သူများကို ဒီဇင်ဘာလ ၂ ရက်နေ့မှ စတင်ကာ ရက်ပေါင်း ၆၀ အတွင်း ဖယ်ရှားပေးရန် ပျော်ဘွယ်မြို့နယ် ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းက ထုတ်ပြန်လိုက်ကြောင်း အဆိုပါဌာနမှ ဦးစီးအရာရှိ ဦးမြင့်သန်းက ပြောကြားသည်။

ပျော်ဘွယ်မြို့နယ် အတွင်းရှိ မိုင်တိုင် အမှတ် ၃၀၈/၂ မှ မိတ္ထီလာမြို့နယ် အတွင်းရှိ မိုင်တိုင်အမှတ် ၃၂၈/၇ ကြားရှိ အာရှအာဆီယံ လမ်းမကြီး အမှတ် - ၁ ၏ လမ်းဘေးဝဲယာ တစ်လျှောက်တွင် ပေကုန်း၊ ဆားတောင်၊ ညောင်နွယ် (တောင်/မြောက်) ဝက်လက်၊ ရွာသာ၊ ဆားတောင်၊ သာယာကုန်း၊ ယင်းတော်မြို့မ၊ ဖွဲသင်း၊ ဝါးရင်းတုတ်၊ ထန်းတောကြီး၊ ကုန်းသာရွာများ ရှိကြောင်း၊ ယင်းရွာများရှိ လမ်းနယ် အတွင်းသို့ ကျူးကျော် ဆောက်လုပ်ထားသော အဆောက်အအုံနှင့် ခြံစည်းရိုးများကို လမ်းနယ်မှ ကင်းလွတ်ရာသို့ ရက် ၆၀ အတွင်း ရွှေ့ပြောင်းရန် အမိန့်ထုတ် ညွှန်ကြားလိုက်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“လမ်းချဲ့မယ့်အထဲမှာ ပါတော့လည်း ဖယ်ပေးရမှာပေါ့။ အရင်တုန်းက လမ်းဘေးတွေမှာ နေရာကောင်းတယ် ဆိုပြီး ဝယ်ထားတဲ့ သူတွေမှာတော့ နစ်နာမှုတွေ ရှိပါတယ်။ ဒါကြောင့် အကုန်ဖယ်ပေးရမယ့် လူတွေကတော့နေရာ အစားပြန်ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သက်ဆိုင်ရာကို အသနားခံစာ တင်ကြဖို့ ပြင်ဆင်နေကြတယ်” ဟု ယင်းတော်ရွာမမှ ဦးလှသန်းအောင်က ဆိုသည်။

မိတ္ထီလာမြို့နှင့် ပျော်ဘွယ်မြို့ကြားရှိ မန္တလေး အမြန်လမ်းမကြီး (လမ်းဟောင်း) ဘေးတစ်ဖက် တစ်ချက်ရှိ ကျေးရွာမြေနှင့် ယာမြေများ၊ အထူးသဖြင့် မိတ္ထီလာမြို့ အထွက်နှင့် ပျော်ဘွယ်မြို့အထွက် နေရာ များကို မြေဈေးများစတင် လှုပ်ခတ်ခဲ့သော ၂၀၁၀ ပြည့်နှစ်မှ စ၍ စီးပွားရေး လုပ်ငန်းရှင်များက အလားအလာ ကောင်းသော မြေနေရာအဖြစ် ရင်းနှီးမြှုပ်နှံကာ အပြိုင်အဆိုင် ဝယ်ယူခဲ့သဖြင့် ဈေးနှုန်းများ အဆမတန် တက်သွားကြောင်း၊ ယခုရက်ပိုင်းတွင် ယင်းနေရာများ၌ မြေအရောင်းအဝယ် အားလုံး ရပ်ဆိုင်းနေကြောင်း မိတ္ထီလာမြို့ရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင် ဦးရဲမင်းသူက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်းရှိ လမ်းများကို ပြည်ထောင်စုလမ်း ပေ ၁၀၀ မြို့ရွာ နယ်နမိတ်အတွင်း၊ ပြည်ထောင်စုလမ်း ပေ ၁၅၀ မြို့ ရွာနယ်နိမိတ် ပြင်ပဧရိယာ၊ အာရှနှင့် အာဆီယံလမ်းမကြီး ပေ ၃၀၀၊ အဝေးပြေး ကွန်ကရစ် လမ်းမကြီးများ ပေ ၄၀၀ အဖြစ် အကျယ်အဝန်း သတ်မှတ်ထားကြောင်း ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်းထံမှ စုံစမ်းသိရှိရသည်။
#Aye Chan Mon မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်

Credit To :The Voice Weekly

Post a Comment

 
Top