မန္တလေး၊ ဒီဇင်ဘာ ၇
မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေဈေးထက် မြင့်တက်နေသဖြင့် မြန်မာဘက်သို့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဘက်မှ ၉၉ ဒသမ ၉၉ ရွှေများ စီးဆင်းမှု များပြားလျက် ရှိကြောင်း မန္တလေးမြို့တော်ရှိ ရွှေ လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ၉၉ ဒသမ ၉၉ ရွှေများသည် ကမ္ဘာ့ရွှေဈေး ကျဆင်းပြီး မြန်မာရွှေဈေး တက်နေချိန်တွင် ဈေးကွက် အတွင်းသို့ အဝင်များပြီး မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေဈေးထက် ကျနေလျှင် မြန်မာ့ရွှေမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်သို့ စီးဆင်းမှု ရှိကြောင်း အောင်သမာဓိ ရွှေဆိုင် ရွှေ အရောင်းအဝယ်နှင့် ဈေးကွက် မန်နေဂျာ ဦးမော်က ပြောကြားသည်။
“ဒီလိုရွှေတွေကို အများစု အရောင်းအဝယ် လုပ်ကြတာတော့ ကုန်သည်တွေပါပဲ။ ကုန်သည်တွေက နယ်စပ်မှာ မြန်မာ့ရွှေဈေးဟာ ကမ္ဘာ့ရွှေဈေးထက် မြင့်နေတယ်ဆိုရင် ၉၉ ဒသမ ၉၉ ရွှေတွေကို သယ်လာတယ်။ မြန်မာ့ရွှေဈေးက ကမ္ဘာ့ရွှေဈေးထက် နိမ့်နေတယ်ဆိုရင် မြန်မာဘက်က ရွှေတွေကို ပြန်သယ်တယ်။ ပမာဏ ဘယ်လောက်ဝင်တယ် ဆိုတာတော့ ပြောလို့မရဘူး။ အများစုက ကုန်သည်တွေပဲ လုပ်ကြတယ်” ဟု ဦးမော်က ဆိုသည်။
၉၉ ဒသမ ၉၉ ရွှေသည် မြန်မာ့ရွှေ ထက် အရည်အသွေး ပိုမိုကောင်းမွန်လျက် ရှိပြီး မြန်မာ့ရွှေ အရည်အသွေးသည် ၉၉ ဒသမ ၉၅ သာရှိကြောင်း ၎င်းကဆိုသည်။
၉၉ ဒသမ ၉၉ ရွှေများ၏ အရွယ်အစားနှင့် ပုံစံမှာ လက်ကိုင်ဖုန်းကဲ့သို့ ဖြစ်ပြီး တစ်ကီလို အလေးချိန် ရှိသည့်အတွက် ကီလိုပြားဟု ခေါ်ကာ ရွှေဈေး အရောင်းအဝယ် အတက်အကျကို စောင့်ကြည့်သည့် ကုန်သည်များသာ စုဆောင်းသည့် အနေနှင့် အသုံးပြုကြကြောင်း မန္တလေးမြို့ရှိ ရွှေကုန်သည် တစ်ဦးဖြစ်သူ ဦးခင်မောင်ထွန်းက ပြောကြားသည်။
“ဒီရွှေတွေ ရောက်လာတဲ့ အတွက်ကြောင့် မြန်မာ့ရွှေဈေးကွက်မှာ ဘာမှထိခိုက်စရာ မရှိပါဘူး၊ အဲဒီရွှေကို စုဆောင်းတဲ့ သူတွေပဲ သုံးတာများတယ်။ ဒါပေမဲ့ တချို့ ရွှေဆိုင်တွေလည်း အထည်လုပ်ကြတယ်” ဟု ၎င်းကဆိုသည်။
မြန်မာ့ရွှေဈေးသည် ကမ္ဘာ့ရွှေဈေးထက် မြင့်တက် နေသော် လည်း ပြည်တွင်း ရွှေဈေးကွက်မှာ ကျဆင်းနေသည့်အတွက် မန္တလေးမြို့ရှိ ရွှေအရောင်းအဝယ်မှာ အေးနေကြောင်း မန္တလေးမြို့ရှိ ရွှေအရောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။
“ရွှေဈေးကလည်း ကျတော့ အရောင်းအဝယ် မကောင်းဘူး။ ဈေးကျတာတောင်မှ အဝယ်မရှိဘူး။ တော်တော်လေးကို အရောင်းအဝယ် ပါးနေတယ်” ဟု ချမ်းအေးသာစံမြို့နယ် လမ်း ၃၀ ရှိ အောင်ရွှေဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
ပြည်တွင်း ရွှေဈေးသည် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၇၆၀,၀၀၀ မှ ဒီဇင်ဘာလ ၆ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၅,၀၀၀၀ ကျပ်အထိ ဈေးကျခဲ့ကြောင်း ရွှေဆိုင်များထံ စုံစမ်းသိရှိရသည်။
အေးချမ်းမွန် Credit To >The Voice Weekly < Thankhttps://www.facebook.com/
Post a Comment