0


(ဆောင်းပါးရှင် - ၀င်းနိုင်ထွန်း)

လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုသည် ကမ္ဘာတွင် အကြီးမားဆုံး စီးပွားရေးလုပ်ငန်းကြီးတစ်ခု ဖြစ်လာနေသည်။ ထိုတရားမ၀င် ရောင်းဝယ်ဖောက်ကားမှုတွင် အမျိုးသားနှင့် အမျိုးသမီးတို့ လိမ်ညာလှည့်ဖြားခံနေရဆဲ၊ နောက်ကွယ်မှ ကြိုးကိုင် ခြယ်လှယ်ခံနေရဆဲ၊ ပြန်ပေးဆွဲခံနေရဆဲ၊ သွေးဆောင်ဖြားယောင်း ခံနေရဆဲပင် ဖြစ်သည်။ ထိုအခြေအနေများမှတစ်ဆင့် လူကုန်ကူးခံရသည့် အနေအထားသို့ ရောက်ရှိသွားကြရသည်။ နိုင်ငံတကာ အားကစားပွဲများ ကျင်းပသည့် နောက်ကွယ်အပါအ၀င် နည်းလမ်းအမျိုးမျိုးဖြင့် ခေတ်သစ် ကျွန်စနစ်အဖြစ် ရောက်ရှိကြရသည်ဟု ယူဆချက်များ ပေါ်ထွက်လာခဲ့သည်။

အာဖရိကနိုင်ငံများ၏ အားကစားပွဲများတွင် လူကုန်ကူးမှုနှင့် လူမှောင်ခိုမှု ဖြစ်စဉ်များ၏ စိုးရိမ်ဖွယ်ရာအဆင့်သို့ ရောက်ရှိလာခဲ့သည်။ ရာဇ၀တ်မှု ကျူးလွန်သည့် ဂိုဏ်းများသည် အားကစားပွဲများကို အသုံးချကာ ပြစ်မှုကျူးလွန်ကြလေ့ရှိသည်။ ယောက်ျားလေးများနှင့် မိန်းကလေးများကို ကောင်းမွန်သည့် ဘ၀အခြေအနေသို့ ရောက်ရမည်ဆိုသည့် ကတိစကားများဖြင့် အခြားနိုင်ငံ အများအပြားသို့ သွေးဆောင်ဖြားယောင်း ခေါ်ဆောင်သွားလေ့ရှိကြသည်ဟု ယူဆချက်များ ပေါ်ထွက်လာခဲ့သည်။

ထိုလူကုန်ကူးခံရသူများသည် လူ့တန်ဖိုး နိမ့်ကျသည့် အခြေအနေမျိုး(သို့)မျှော်လင့်ချက်ကင်းမဲ့သည့် အခြေအနေမျိုးများသို့ ရောက်ရှိသွားကြမည် ဖြစ်သည်။

နိုင်ငံတကာ အားကစားပွဲများတွင် လူကုန်ကူးမှုဖြစ်စဉ်များ မြင့်တက်နိုင်သည်။အဘယ်ကြောင့်ဆိုသော် အချိန်တိုအတွင်း ပြည့်တန်ဆာလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် အခြားသော အလုပ်သမားလိုအပ်ချက် တောင်းဆိုမှု များသောကြောင့် ဖြစ်သည်။ လက်ခံကျင်းပသည့် နိုင်ငံအတွင်းသို့ ခရီးသွားဧည့်သည်အဖြစ် အလွယ်တကူ ၀င်နိုင်သည့်သူများက လူပုဂ္ဂိုလ်တစ်ဦးချင်းစီကို လျှို့ဝှက်စွာ မသိမသာ လူကုန်ကူးမှုများကို ကျူးလွန်သွားနိုင်သည်။ သို့သော်သိသာသည့် အထောက်အထားများ မရှိခဲ့သေးပေ။ ယူဆချက်ခန့်မှန်းချက်များသာ ဖြစ်သည်။

ဂရိနိုင်ငံ အေသင်မြို့တွင် ကျင်းပခဲ့သည့် ၂၀၀၄ ခုနှစ် အိုလံပစ်ပွဲတော်သည် လူကုန်ကူးမှုနှင့် ဆက်စပ်မှုရှိသည့် ပထမဆုံးသော နိုင်ငံတကာ အားကစားပြိုင်ပွဲတစ်ခု ဖြစ်ခဲ့သည်ဟု နိုင်ငံတကာ လေ့လာသုံးသပ်သူများက မှတ်ချက်ပြုကြသည်။ အထူးသဖြင့် ဂျာမနီနိုင်ငံ ၂၀၀၆ ခုနှစ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ ကမ္ဘာ့ဘောလုံး ပြိုင်ပွဲကျင်းပသည့် ကာလ၀န်းကျင်တွင် စိုးရိမ်စရာတစ်ခု ဖြစ်လာခဲ့သည်။ ထိုအချိန်က ဂျာမနီနိုင်ငံအနေဖြင့် လူကုန်ကူးမှု ပြဿနာ တစ်ရှိန်ထိုး မြင့်တက်လာနေသောကြောင့် နိုင်ငံအဆင့်မှာရော နိုင်ငံတကာအဆင့်မှာပါ သတိပြုလာခဲ့ကြရသည်။

ဥရောပကမ္ဘာ့ဖလား ဘောလုံးပွဲကာလအတွင်း ဂျာမနီနိုင်ငံတွင်းသို့ အဓမ္မပြည့်တန်ဆာအဖြစ် ခိုင်းစေရန် အမျိုးသမီးပေါင်း ၄၀,၀၀၀ လူကုန်ကူးခံခဲ့ရသည်ဟု သတင်းများကြောင့် မီဒီယာများနှင့် အဖွဲ့အစည်းများက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုအတွက် လူကုန်ကူးမှုကို အဓိကထား အာရုံစိုက်လာကြသည်။ သို့သော် ထိုခန့်မှန်းအရေအတွက်သည် အခြေအမြစ် ခိုင်ခိုင်မာမာမရှိဟု ဆိုကြသည်။

ဂျာမနီနိုင်ငံရှိ အစိုးရ မဟုတ်သော လူမှုရေး အဖွဲ့အစည်းများက လူထုနှင့် လူကုန်ကူးခံရသူများအတွက် အရေးပေါ် တယ်လီဖုန်းနံပါတ်များနှင့် အသိပညာပေး လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြသည်။ ဂျာမနီနိုင်ငံ အစိုးရသည် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် ပြီးပြည့်စုံသည့် လုပ်ငန်းအစီအမံ ရေးဆွဲရာတွင် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုကို အဓိကထားထည့် သွင်းစဉ်းစားခဲ့သည်။

ဥရောပကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကာလအတွင်း နိုင်ငံအဆင့်နှင့် နိုင်ငံတကာအဆင့် လိင်ကုန်ကူးမှုဆိုင်ရာ ကြိုတင်ကာကွယ်ရေး ကြိုးပမ်းအားထုတ်မှုတို့ကို လူကုန်ကူးမှု တိုက်ဖျက်သည့် အေဂျင်စီများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အခြား အထူးအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ခဲ့ကြရသည်။

ထိုသို့ ဆောင်ရွက်ကြရာတွင် ပြည်နယ်အလိုက် ဥပဒေအကာအကွယ်ပေး အေဂျင်စီအချင်းချင်း သတင်းဖလှယ်ခြင်း၊ ရဲတပ်ဖွဲ့ဝင်များကို ပြည့်တန်ဆာတန်းများတွင် အင်အားပိုမို ချထားခြင်း၊ ရဲတပ်ဖွဲ့ဝင်များမှ စစ်ဆေးခြင်း၊၀င်ရောက်စီးနင်းခြင်းတို့ တိုးမြှင့်ပြုလုပ်ကြခြင်း၊ ဟိုတယ်များတွင် လူကုန်ကူးမှု ပညာပေးမှုများ တိုးမြှင့်ပြုလုပ်ကြခြင်း၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဥပဒေ အကျိုးဆောင်များအဖွဲ့တို့ ပိုမိုပူးပေါင်း ဆောင်ရွက်ခြင်းတို့ ပါဝင်ကြသည်။

ထိုသို့ ဆောင်ရွက်ခဲ့ကြသောကြောင့် ၂၀၀၆ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပသည့် အိမ်ရှင်နိုင်ငံတွင် လူကုန်ကူးခံရသူဦးရေ မြင့်တက်လာခြင်းမရှိဘဲ သိသိသာသာ လူကုန်ကူးမှု မဖြစ်ပွားအောင် ကူညီဆောင်ရွက် သကဲ့သို့ ဖြစ်စေခဲ့သည်။

အလားတူ တောင်အာဖရိကနိုင်ငံ၊ ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ မကျင်းပမီနှင့် ကျင်းပစဉ်အတွင်း လူကုန်ကူးမှု ကြိုတင်ကာကွယ်မှုများကို အစိုးရ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် မီဒီယာများက အထူးဂရုပြု ဆောင်ရွက်ကြသည်။

တောင်အာဖရိကနိုင်ငံမှ လူကုန်ကူးခံရသူများသည် လိင်လုပ်သားအဖြစ် လည်းကောင်း၊ အိမ်ဖော်အဖြစ် လည်းကောင်း၊ လမ်းဘေးဈေးသည်အဖြစ် လည်းကောင်း၊ မုန့်ဖုတ်သမားအဖြစ် လည်းကောင်း၊ တောင်းရမ်းစားသူအဖြစ် လည်းကောင်း၊ ရာဇ၀တ်မှုများတွင် လည်းကောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများတွင် လည်းကောင်း၊ လက်နက်မှောင်ခိုမှုနှင့် မူးယစ်ဆေးဝါး မှောင်ခိုမှုတွင် လည်းကောင်း စသည့်လုပ်ငန်း အသီးသီးတွင် အသုံးချခံနေကြရသည်။
ထိုပုံစံမျိုးများ ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲကျင်းပစဉ် ကာလတွင် ဖြစ်ပွားလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသော်လည်း ထိုဘောလုံးပြိုင်ပွဲများနှင့် ဆက်စပ်သည့် လူကုန်ကူးမှုဖြစ်ပွားမှုနှင့် စပ်လျဉ်းပြီး ဖြစ်ပွားခဲ့သည်ဟု စာရင်းဇယားများအရ မတွေ့ခဲ့ရသော်လည်း လူကုန်ကူးမှု အသိပညာပေးမှုများကို နိုင်ငံအဆင့်၊ နိုင်ငံတကာအဆင့်ထိ တိုးမြှင့်လုပ်ဆောင်ခဲ့ကြသည်။

The Global Alliance Against Traffic in Women (GAATW) ၏ အစီရင်ခံစာတွင် လိင်လုပ်ငန်းများကို ဆန့်ကျင်သည့်သူများက အမျိုးသားအများစုသည် အိုလံပစ်ပွဲများ၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှ ကျင်းပသော ကမ္ဘာ့ဘောလုံးပွဲများနှင့် အမေရိကန်နိုင်ငံတွင် ကျင်းပသည့် Super Bowl ပြိုင်ပွဲများသို့ သွားရောက် အားပေးကြသည့်အတွက် လိင်ဖျော်ဖြေမှုအတွက် တောင်းဆိုမှု အဆမတန် ပိုမိုမြင့်တက်စေကာ အမျိုးသမီး လူကုန်ကူးခံရမှု ဖြစ်စေသည်ဟု ယူဆထားကြောင်း ဖော်ပြထားသည်။

သို့သော် ထိုသို့ထင်မြင်ယူဆချက်နှင့် အမှန်တကယ် တွေ့ရှိနေရသည့် လူကုန်ကူးမှုအမှုများသည် အညမညအားဖြင့် ဆက်နွှယ်နေမှု မရှိသည်ကို တွေ့ရသည်။ကောလာဟလများနှင့် ဝေဖန်မှုများသာ ဖြစ်သည်ဟု ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ(တောင်အာဖရိက)၊ ၂၀၀၄ ခုနှစ် အိုလံပစ်ပြိုင်ပွဲ(ဂရိ) နှင့် Super Bowl ပြိုင်ပွဲအများအပြားက ဥပမာပြုကာ ပြန်လည်ချေပထားကြသည်။

မီဒီယာများ၊ နိုင်ငံရေး အစဉ်အလာရှိသူများနှင့် ဥပဒေဘက်တော်သားများက စေ့စေ့စပ်စပ် စိစစ်နေသည့်တိုင် ကြီးကျယ်သည့် အားကစားပြိုင်ပွဲများတွင် ပြည့်တန်ဆာလုပ်ငန်းများအတွက် လူကုန်ကူးမှု ပိုမိုတိုးပွားဖြစ်ထွန်းသည်ဟု စွပ်စွဲချက်များအတွက် အထောက်အထား မတွေ့ကြရသေးပေ။

The Global Alliance Against Traffic in Women (GAATW) သည် ကုလသမဂ္ဂ အေဂျင်စီများ၊ အစိုးရအဖွဲ့အစည်းများ၊ ပညာရှင်များ၊ သုတေသနပညာရှင်များ၊ လူကုန်ကူးမှု တိုက်ဖျက်သည့် အေဂျင်စီများ၊ လိင်လုပ်သား အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်အဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သည့် လူမှုရေး အဖွဲ့ အစည်းများနှင့် မီဒီယာများ၏ စာတမ်းများ၊ စာပေများကို ပြန်လည်သုံးသပ်မှု ပြုလုပ်ခဲ့သည်။ နောက်ဆုံး ကောက်ချက်ချသည်မှာ တစ်စိတ်တစ်ဒေသအားဖြင့် လိင်လုပ်ငန်းများ တည်တံ့ခိုင်မြဲစေသည်ဟု ဖော်ပြထားသည်။

အဘယ့်ကြောင့်ဆိုသော် ထိုယူဆချက်သည် ရန်ပုံငွေရရန် လှုံ့ဆော်သည့် ဗျူဟာတစ်ရပ်အဖြစ် လည်းကောင်း၊ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ပိုမိုဂရုပြုလာစေမည့် နည်းလမ်းအဖြစ်လည်းကောင်း တစ်စုံတစ်ရာသို့ ကျူးလွန်နိုင်ပုံရသည့်အဖြစ် လည်းကောင်း၊ ပြည့်တန်ဆာလုပ်ငန်း ပပျောက်လိုသည့် လူမှုဝန်းကျင်မှ ထိုအယူအဆကို လက်ခံနေသယောင်ယောင်အဖြစ် လည်းကောင်း၊ အသုံးဝင်နေသည်ဟု ထိုအစီရင်ခံစာက ဖော်ပြထားသည်။
၂၀၁၀ ပြည့်နှစ် တောင်အာဖရိက ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ မကျင်းပမီက the South Africa Central Drug Authority (CDA) က ကြိုတင် ဟောကိန်းထုတ်ရာတွင် ထိုပြိုင်ပွဲကြောင့် လူကုန်ကူးခံထားရသူ လိင်လုပ်သားများ ပြည်ပမှ ၄၀,၀၀၀ ခန့် တင်သွင်းရမည်ဟု ဟောကိန်းထုတ်ခဲ့သည်။ သို့သော် ပြိုင်ပွဲများ ပြီးဆုံးသည့်အခါ the South Africa Department of Justice and Constitutional Development က မည်သည့်လိင်မှုနှင့် ပတ်သက်သည့် အမှုအခင်းများ မရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်ဟု The Global Alliance Against Traffic in Women (GAATW) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

United Nations Population Fund (UNFPA) နှင့် Sex Work Education and Advocacy Taskforce ( SWEAT) တို့၏ လေ့လာချက်အရ ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ဘောလုံးပြိုင်ပွဲ ကျင်းပစဉ်အတွင်း လိင်လုပ်ငန်းများ သိသိသာသာ ပြောင်းလဲကာ တိုးပွားသည်ကို မတွေ့ရှိရကြောင်း၊ ရရှိထားသည့် အချက်အလက် အရေအတွက်များသည်လည်း လိင်လုပ်ငန်းအတွက် လိုအပ်ချက် တောင်းဆိုချက်နှင့် ဖြည့်ဆည်းပေးမှု၊ လက်ရှိအနေအထားတို့မှာ ပြောင်းလဲမှုမရှိသည့် အနေအထားတွင်သာ ရှိသည်ကို တွေ့ကြရသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၏ အဆိုအရ တစ်ကမ္ဘာလုံးတွင် လူဦးရေအနည်းဆုံး ၁၂ ဒသမ ၃ သန်းသည် အဓမ္မအလုပ်ခိုင်းစေခြင်း ခံနေကြရသည်ဟု ဆိုသည်။ထိုသူတို့မှာကြွေးမြီနှောင်ဖွဲ့ခံနေရခြင်း၊ ခေတ်သစ်ကျွန်ပြု ခံနေရခြင်း၊ လူကုန်ကူးခံနေရခြင်းနှင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ပြည့်တန်ဆာပြု ခံနေရခြင်းတို့နှင့် ကြုံတွေ့နေရခြင်း ဖြစ်သည်။

နိုင်ငံတကာပြိုင်ပွဲများ မကျင်းပမီနှင့် ကျင်းပစဉ်အတွင်း လူကုန်ကူးမှု ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်ခြင်းသည် ဂုဏ်သိက္ခာရှိသည့် အားကစားပြိုင်ပွဲများ ကျင်းပမှုအတွက် အရေးပါသည့် ကဏ္ဍတစ်ခုဖြစ်သည်ဟု သုတေသနစာတမ်းများက သုံးသပ်မှု ပြုထားကြသည်။ ထိုသို့ဆောင်ရွက်ရမှုကြောင့် လူမှုအသိုင်းအ၀ိုင်းအကြား ပူးပေါင်းဆောင်ရွက်ကြရသည့် အခွင့်အလမ်းတစ်ခုအဖြစ် မှတ်ယူလုပ်ဆောင်နိုင်ပေသည်။

အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top