ကလေးလျှပ်စစ်မီး တစ်ယူနစ်ကျပ် ၄၉၀ ပေးရေး နိုင်ငံရေးပါတီ အမည်သုံး၍ စည်းရုံးဟုဆို
ကလေး၊ ဒီဇင်ဘာ ၁၁
ကလေးမြို့သို့ ထွန်းသွင် ကုမ္ပဏီက တစ်ယူနစ်လျှင် ၄၉၀ ကျပ်ဖြင့် ၂၄ နာရီ လျှပ်စစ်မီး ပေးနိုင်ရန်အတွက် ဒီဇင်ဘာလ ၁၁ ရက်နေ့က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးရုံးရှိ နေရဉ္ဖရာ ခန်းမတွင် ဒေသခံများ၏ ဆန္ဒသဘောထား ကောက်ယူရာတွင် NLD ပါတီနှင့် ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းတို့၏ အမည်များ သုံးစွဲခဲ့ကြောင်း အဆိုပါ ပွဲတက်ရောက်သူများထံမှ သိရသည်။
“သူတို့ ဒီမှာ လျှပ်စစ်မီးပေးမယ့် ကိစ္စကို ကုမ္ပဏီ ဥက္ကဋ္ဌက သူနိုင်ငံရေး လုပ်ခဲ့တာတွေ၊ NLD တို့၊ ၈၈ တို့နဲ့ တွေ့ခဲ့တာတွေ ပြောပြီး သူတို့က ဒီကိစ္စကို သဘောတူတယ် ဆိုတဲ့အကြောင်း ပြောတယ်။ တကယ်တမ်းက ဒီမြို့ကို မီးပေးဖို့က ဒီဒေသခံတွေနဲ့ပဲ သက်ဆိုင်တာပါ။ ဘယ်ပါတီ၊ အဖွဲ့အစည်း ကမှ သဘောတူပြီးတော့ လုပ်လို့ မရပါဘူး” ဟု ပွဲတက်ရောက်ခဲ့သူ တစ်ဦးက ပြောကြားသည်။
မိမိအနေနှင့် ၁၃၇၄ ခုနှစ်၊ ၁၃၇၆ ခုနှစ် အလုပ်သမား အရေးအခင်း၊ ဦးသန့် အရေးအခင်း၊ မှိုင်းရာပြည့် အရေးအခင်း စသည်တို့တွင် ဦးဆောင် ပါဝင်လှုပ်ရှားခဲ့သူ ဖြစ်ကြောင်း၊ ကလေးဝ ဓာတ်အားပေး စီမံကိန်းနှင့် ပတ်သက်၍ ၈၈ အဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ထံသို့လည်း မိမိတို့ ကုမ္ပဏီ ဝက်ဘ်ဆိုက်မှတစ်ဆင့် စာပေးပို့ခဲ့ကြောင်း ထွန်းသွင် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောဆို သည်။
“ကျွန်တော့် အကျိုးစီးပွားအတွက် ဦးတည်ပြီး လာတာမဟုတ်ဘူး။ ကျွန်တော်တို့ ကုမ္ပဏီနောက်မှာ ဘယ်ပါတီမှ မရှိဘူး။ ကျွန်တော် ဘယ်ဗိုလ်ချုပ် သားသမီးမှ မဟုတ်ဘူး။ ဘယ်ဝန်ကြီးနဲ့မှလည်း အမျိုး မတော်ဘူး” ဟု ၎င်းက ပြောကြားသည်။
ထွန်းသွင် ကုမ္ပဏီသည် ကလေးဝမြို့ရှိ ၅၄၀ မဂ္ဂါဝပ် ထုတ်လုပ်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ စီမံကိန်းအား စင်ကာပူ ကုမ္ပဏီတစ်ခုနှင့် ပြုလုပ်ရန် စီစဉ်နေပြီး ဒေသခံတို့၏ သဘောထားများကို ကောက်ယူနေကြောင်း၊ အဆိုပါစက်ရုံ တည်ဆောက်ရေး ကာလတွင် အသုံးပြုမည့် ၅၀၀ KV စက်ငါးလုံးဖြင့် ကလေးမြို့ကို လျှပ်စစ်ဓာတ်အား ပေးရန် စီစဉ်ခြင်း ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။
စင်ကာပူနိုင်ငံ ISDN ကုမ္ပဏီမှ မစ္စတာရောင်က ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ခရီးစဉ်တွင် မိမိတို့ ဝန်ကြီးချုပ်က မြန်မာနိုင်ငံအား စီးပွားရေး၊ လူမှုရေး တိုးတက်ရန်အတွက် မည်သို့ အကူအညီပေးရန် မေးမြန်းခဲ့ရာ လျှပ်စစ်၊ လမ်းပန်း ဆက်သွယ်ရေးနှင့် သောက်ရေသန့် ရရှိရေး ကိစ္စတို့ ကူညီရန် ပြောကြားခဲ့ကြောင်း၊ လျှပ်စစ်မီးကိစ္စ ဖြေရှင်းနိုင်မှသာ နိုင်ငံခြား ရင်းနှီးမြှပ်နှံများ လာရောက်မည် ဖြစ်ကြောင်း ထွန်းသွင် ကုမ္ပဏီနှင့် အကျိုးတူ လုပ်ကိုင်မည့် ၎င်းကပြောကြားသည်။
ဒေသခံများ သဘောမတူလျှင် လုပ်ကိုင်ရန် အဆင်မပြေကြောင်း၊ ကုမ္ပဏီဘက်မှ မိမိတို့ဌာနပိုင် မီးတိုင်၊ လျှပ်စစ်ကြိုး၊ မီတာပုံးများဖြင့်သာ ပေးမည်ဆိုလျှင် မီတာခ ကောက်ခံရာတွင် အခက်အခဲ ဖြစ်ပေါ်နိုင်ကြောင်း၊ ယင်းကဲ့သို့ လျှပ်စစ်မီး ပေးလျှင် တစ်ယူနစ်လျှင် ၄၉၀ ကျပ် နှုန်းဖြင့် ပေးမည် ဖြစ်ပြီး သုံးစွဲမည့် ဒေသခံများ၊ မြို့နယ်၊ ခရိုင် လျှပ်စစ်အင်ဂျင် နီယာမှူးများ၊ ခရိုင်စီမံခန့်ခွဲမှု ကော်မတီ၊ တိုင်းဒေသကြီး အစိုးရတို့၏ ထောက်ခံချက်များ လိုအပ်ကာ ယင်းထောက်ခံချက် များဖြင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသို့ ပုဂ္ဂလိက လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခွင့် ရရှိရန် တင်ပြမည ဖြစ်ကြောင်း ကလေးခရိုင် လျှပ်စစ် အင်ဂျင်နီယာမှူး ဦးယုမော်က ပြောကြားသည်။
ကလေးမြို့တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းက တာဝန်ယူတပ်ဆင် ပေးထားသော မီတာပုံး ၄၁၀၀ ကျော် ရှိပြီး ဇီးချောင်း ရေအားလျှပ်စစ်မှ အဓိက ထုတ်လုပ်ကာ ပုဂ္ဂလိကပိုင် စက်များဖြင့်လည်း အသုံးပြုနေကြောင်း ခရိုင်လျှပ်စစ် အင်ဂျင်နီယာမှူးရုံးထံမှ သိရသည်။
ယင်းကဲ့သို့ ပြောဆိုမှုများမှာ ဒေသခံများ နှစ်သက်သော ပါတီ၊ အဖွဲ့အစည်းများ အမည်ကို အသုံးချကာ ၎င်းတို့၏ စီမံကိန်းကို လက်ခံရန် တစ်ဖက်လှည့်ခြင်း ဖြစ်ကြောင်း၊ ဒေသခံများ အနေနှင့်၂၀၁၅ ခုနှစ်တွင် ရရှိလာမည့် မဟာဓာတ်အားလိုင်း၊ ရာဇဂြိုဟ် ဆည်စီမံကိန်း တို့ကိုသာ စောင့်မျှော်မည် ဖြစ်ကြောင်း၊ တစ်ယူနစ် ၄၉၀ ကျပ်မှာ များပြားကြောင်း ဒေသခံများက ပြောဆိုကြသည်။
မြို့နယ်စီမံခန့်ခွဲမှု ကော်မတီအနေနှင့် မူပြု လုပ်စေချင်ကြောင်း၊ တစ်ယူနစ် ၄၉၀ ကျပ် ဆိုသော်လည်း မိမိတို့ သုံးသမျှသာ ကုန်ကျမည် ဖြစ်ကြောင်း၊ ဒေသခံများနှင့် မြို့မိမြို့ဖများကို ပြန်လည် ညှိနှိုင်းပြီးလျှင် ကုမ္ပဏီဘက်သို့ အကြောင်းပြန်မည် ဖြစ်ကြောင်း ယင်းကော်မတီ ဥက္ကဋ္ဌ ဦးအေးနိုင်က ပြောကြားသည်။
မြတ် (ကလေး)
#Aye Chan Mon မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်
Credit To :The Voice Weekly
Post a Comment