0


Tuesday, 10 December 2013

(၂၇)ကြိမ်မြောက် ဆီးဂိမ်း အားကစားပွဲ ဝူရှူးပြိုင်ပွဲ တွင် မြန်မာနိုင်ငံ အတွက် သုံးရက်ဆက် ရွှေတံဆိပ်ဆု ရယူပေးနိုင်ခဲ့သည့် မြန်မာ ဝူရှူး အားကစားသမား ဝေဖြိုးအောင်ကို ပွဲအပြီး ဆုပေးပွဲတွင် ဝူရှူး အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိ သူများက ဆုကြေးငွေ ကျပ်သိန်း ၇ဝ ချီးမြှင့်ခဲ့သည်။

သုံးရက်ဆက် ရွှေတံဆိပ် ဆု ရရှိခဲ့ခြင်းနှင့် ပတ်သက် ပြီး ဝေဖြိုးအောင်က ''ကိုယ့်နိုင်ငံ ကိုယ့် ပရိသတ် ရှေ့မှောက်မှာ ခုလို ရရှိတဲ့ အတွက် အရမ်းအရမ်းကို ဝမ်းသာပါတယ်။ ရင်ထဲက မျက်ရည် စို့အောင်ကို ဝမ်းသာ ပါတယ်။ တကယ့်ကို အတိုင်းထက် အလွန် ပါပဲဗျာ။ သင်ကြား ပြသပေး ခဲ့ကြတဲ့ နည်းပြ ဆရာတွေ အားလုံးကိုလည်း တကယ်ကို ကျေးဇူး တင်ပါတယ်''ဟု ပြောသည်။

ဝေဖြိုးအောင်သည် ဒီဇင်ဘာ ၇ ရက်တွင် စတင် ကျင်းပသော ဝူရှူး ထောက်လုဒွဲလန် နှစ်ဦးတွဲ အတိုက် ပြိုင်ပွဲ၌ ရွှေတံဆိပ် တစ်ဆု၊ ဒီဇင်ဘာ ၈ ရက်တွင် ကျင်းပသော အမျိုးသား တစ်ဦးချင်း နန်ဂွမ် ပြိုင်ပွဲ၌ ရွှေတံဆိပ် တစ်ဆု၊ ဒီဇင်ဘာ ၉ ရက်တွင် ကျင်းပသော အမျိုးသား တစ်ဦးချင်း နန်ဒေါင် ပြိုင်ပွဲ၌ ရွှေတံဆိပ် တစ်ဆု စုစုပေါင်း သုံးဆု ရရှိခဲ့သော အားကစား သမား ဖြစ်သည်။ ပြီးခဲ့သည့် ၂ဝ၁၁ အင်ဒို ဆီးဂိမ်း တွင်လည်း ရွှေတံဆိပ် ဆွတ်ခူးခဲ့သည့် ဝေဖြိုးအောင် အနေဖြင့် သူ၏ ချန်ပီယံ ဘွဲ့ကို နှစ်နှစ်ဆက် ကာကွယ် ထားနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ဆုပေးပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ ဝူရှူး ဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်းက ဂုဏ်ပြု ဆုငွေကျပ် သိန်း ၅ဝ၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီး ဌာနမှ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်က ဂုဏ်ပြုဆု ငွေကျပ် ၁ဝ သိန်းနှင့် အားကစား ဝန်ကြီး ဌာနမှ ဝန်ကြီး ဦးသောင်းထိုက်က ဂုဏ်ပြုဆု ငွေကျပ် ၁ဝ သိန်း အသီးသီး ချီးမြှင့် ပေးခဲ့သည်။

ဇော်မြင့်ဦး
#Aye #Chan #Mon #မှ ပြန်လည်မျဝေပါသည်

Credit To:မြ၀တီ
17

Post a Comment

 
Top