Created on Tuesday, 10 December 2013 00:48
နိုင်ငံရေး တက်ကြွလှုပ်ရှားသူအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး နယ်/လုံဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မိကျောင်းကန် သပိတ်စခန်းအား အကြမ်းဖက်နှိမ်နင်းခြင်း မပြုလုပ်ရန် ဒီဇင်ဘာ ၉ ရက် ညနေပိုင်းက ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးမှုတွင် မိကျောင်းကန်သပိတ်စခန်း ကိုယ်စားလှယ်များမပါရှိဘဲ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီ ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ကိုရဲနောင်ဝင်းနှင့် အခြားတက်ကြွလှုပ်ရှားသူ သုံးဦးတို့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး နယ်/လုံဝန်ကြီးနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုရဲနောင်ဝင်းက "နှစ်ဖက်လုံး ရုပ်ဆိုးစေတဲ့ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်တာမျိုး မဖြစ်စေဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံပါတယ်။ သူတို့ကလည်း အေးအေးချမ်းချမ်းနဲ့ ဖြစ်နိုင်အောင် အတတ်နိုင်ဆုံး သူတို့ဘက်က လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်" ဟု ဒီဇင်ဘာ ၉ ရက် ညပိုင်းက မီဒီယာများအား ပြောကြားခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးမှုတွင် နယ်/လုံ ၀န်ကြီးက အငြင်းပွားနေသည့် မြေနေရာအား ကုမ္ပဏီများသို့ ရောင်းချထားခြင်းမရှိဟု အခိုင်အမာ ကတိပေးခဲ့ကြောင်း၊ အဆိုပါမြေကိစ္စနှင့် ပတ်သက်ပြီး အဆုံးအဖြတ်ပေးရာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ဆုံးဖြတ်ပိုင်ခွင့်မရှိဘဲ ပြည်ထောင်စုအစိုးရက ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် မိကျောင်းကန် သပိတ်စခန်းအား ဆီးဂိမ်းစ်ကာလဖြစ်နေသဖြင့် ပြည်သူနှင့် အစိုးရပုံရိပ်အား မပျက်ယွင်းစေလိုသဖြင့် ရုပ်သိမ်းစေလိုကြောင်း၊ အကယ်၍ လိုလားချက်များ မရရှိပါက ဥပဒေအရ ဆန္ဒပြမည်ဆိုပါက အလွယ်တကူ ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ကိုရဲနောင်ဝင်းက မီဒီယာများသို့ ပြောကြားခဲ့သည်။
သပိတ်စခန်း ဦးဆောင်သူတစ်ဦးဖြစ်သည့် မနေနွယ်သန်းက "အစိုးရဘက်က ကျွန်မတို့ကို အဖြူ၊ အမည်း သဲကွဲတဲ့၊ တိကျသေချာတဲ့ အဖြေတစ်ခုကို ချပြပါ။ ဒီမြေနဲ့ ပတ်သက်ပြီး ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်အခါမှာ၊ ဘယ်သူက တာဝန်ယူနိုင်မလဲဆိုတာ မီဒီယာတွေရှေ့၊ နိုင်ငံရေးအင်အားစုတွေရှေ့မှာ ချပြပါ။ ဒီလိုချပြတဲ့အခါကျရင် ပြည်သူတွေက အားလုံးလက်ခံရင် ကျွန်မတို့ ဒီသပိတ်ကို ရပ်တန့်ပေးမှာပါ" ဟု ပြောကြားသည်။
မိကျောင်းကန် သပိတ်စခန်းအား သင်္ဃန်းကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးနှင့် တပ်မြို့စည်ပင်မှ ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထား ရုပ်သိမ်းရန် သတိပေးချက်ကို ဒီဇင်ဘာ ၇ ရက် ည ၁၀ နာရီခွဲခန့်က ထုတ်ပြန်ခဲ့ပြီးနောက် သပိတ်စခန်းအား သက်ဆိုင်ရာက အကြမ်းဖက် ဖြိုခွင်းခြင်းရှိ၊ မရှိကို ပြည်သူများ စိတ်ဝင်စားခဲ့ကြပြီး နောက်ဆုံးသတ်မှတ်ထားသည့်နေ့ ညနေ ၅ နာရီခွဲခန့်မှစ၍ ပြည်သူ ၃၀၀ ကျော်ခန့် လာရောက်ကြည့်ရှုခဲ့ကြသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က "ဖြိုခွင်းတယ်ဆိုတာဟာ အဖြေမဟုတ်ဘူး။ ဒါပေမဲ့ ဒီလိုဖြိုခွင်းခဲ့ရင် အင်အားဘယ်လောက်သုံးလဲ၊ ဘယ်လိုထိခိုက်မှုတွေ ရှိလဲဆိုတာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ သိချင်လို့လာကြည့်တာပါ" ဟု The Daily Eleven သတင်းစာသို့ ဒီဇင်ဘာ ၉ ရက် ည ၈ နာရီခန့်က ဆိုသည်။
သပိတ်စခန်းကို နိုဝင်ဘာ ၂၆ ရက်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ဒီဇင်ဘာ ၉ ရက်တွင် ၁၄ ရက်မြောက်ခဲ့ပြီဖြစ်ကာ ယင်းနေ့တွင် သပိတ်စခန်းခေါင်းဆောင် ဦးစိန်သန်းအား ကျောက်တံတားမြို့နယ်တရားရုံးမှ ပုဒ်မ-၁၈ ဖြင့် ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့သည်။
ဒီဇင်ဘာ ၉ ရက် ည ၁၁ နာရီခန့်က သပိတ်စခန်းမြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
အေးချမ်းမွန် Credit To > Eleven Media Group< Thankhttps://www.facebook.com/excellencemedia

Post a Comment