Created on Sunday, 01 December 2013 00:38
သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေသော မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာ ၃၀ ရက် စနေနေ့တွင် သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ရှိ Monash တက္ကသိုလ်မှ ပေးအပ်သော ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို လက်ခံရယူခဲ့ပြီး အဆိုပါ အခမ်းအနား၌ မြန်မာနိုင်ငံ၏ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီသို့ သွားရာလမ်းကြောင်းနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားသည်။
Monash တက္ကသိုလ်ဝင်းအတွင်း ကျင်းပသည့် အခမ်းအနားသို့ လူပေါင်း ၁၅၀၀ ကျော် တက်ရောက်ခဲ့ကြပြီး ၎င်းတို့၏ သူရဲကောင်းအား တစ်သက်မှာတစ်ခါ အနီးကပ် မြင်တွေ့ခွင့်ရမည့် အခွင့်အရေးအတွက် လူပေါင်းများစွာသည် စိတ်အားထက်သန် နေခဲ့ကြသည်။ ယခု ဂုဏ်ထူးဆောင် ပါရဂူဘွဲ့မှာ ဥပဒေ ပါရဂူဘွဲ့ဖြစ်ပြီး သြစတြေးလျနိုင်ငံရောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စတုတ္ထအကြိမ်မြောက် ဆုလက်ခံ ရယူခြင်း ဖြစ်သည်။ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားရာတွင် သူမ၏ နိုင်ငံအနေဖြင့် စစ်တပ်အုပ်စိုးမှုမှ ရုန်းထွက်လာနိုင်ခဲ့သည့် အချိန်တွင် ဥပဒေ စိုးမိုးမှုအတွက် အများကြီး လုပ်ဆောင်ရန် လိုသေးကြောင်း ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်က သူ့အိပ်မက်မှာ မတူကွဲပြားသော မျိုးနွယ်စုများအားလုံး တရားဥပဒေ မျက်မှောက်တွင် တန်းတူရည်တူ ဆက်ဆံခံရရေး ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ထိုအခြေအနေမျိုး ရောက်ရန်အတွက် အဝေးကြီး လျှောက်လမ်းကြရဦးမည်ဖြစ်ကြောင်း ပြောကြားသည်။
"အမျိုးသား ပြန်လည်သင့်မြတ်ရေးဟာ ကျွန်မတို့ရဲ့ ရပိုင်ခွင့်တွေကို အပြည့်အ၀ ရရှိနိုင်ဖို့အတွက် အထောက်အကူ ပြုနိုင်ပါလိမ့်မယ်။ အဲဒီလိုမှ ကျွန်မတို့ လိုချင်တဲ့ ပန်းတိုင်ကို အတူတကွ သွားနိုင်ပါလိမ့်မယ်။ ကျွန်မတို့ ကွဲပြားနေမယ်ဆိုရင် အောင်မြင်မှာ မဟုတ်ဘူး။ ရှုံးနိမ့်သွားလိမ့်မယ်။ အဲဒီအတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးဟာ အလွန်အရေး ကြီးပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။
"မျိုးစေ့လေးကတော့ စိုက်ပျိုးပြီးသွားပါပြီ။ အဲဒီ မျိုးစေ့လေး အမြစ်စတင် ထွက်ပေါ်လာနိုင်ဖို့အတွက် ရောက်အောင်သွားရ ပါလိမ့်မယ်။ ကျွန်မတို့ အနေနဲ့ လျှောက်လှမ်းစရာ အဝေးကြီး ကျန်ပါသေးတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
တိုင်းရင်းသား မျိုးနွယ်စုများက အကြီးအကျယ် ကန့်ကွက်နေသော နိုင်ငံ၏ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ဥပဒေ အသိုင်းအ၀ိုင်းသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။
"အဲဒီ အခြေခံ ဥပဒေဟာ အမျိုးသားပြန်လည် သင့်မြတ်ရေးကို မဖြစ်မြောက်အောင် တားဆီးနေပါတယ်။ အခြေခံ ဥပဒေ ဆိုတာဟာ နိုင်ငံထဲမှာရှိတဲ့ ပြည်သူအများစုက လက်ခံနိုင်ရ ပါလိမ့်မယ်။ အခြေခံ ဥပဒေနဲ့ ပတ်သက်လို့ လူတိုင်းက သူတို့ကို အကာအကွယ် ပေးနေတယ်လို့ ခံစားနိုင်ရမှာဖြစ်ပြီး နိုင်ငံတိုင်းမှာရှိတဲ့ အခြားဘယ်သူတွေနဲ့မဆို တန်းတူညီမျှ ရှိတယ်လို့ ခံစားမိနေရမှာ ဖြစ်ပါတယ်" ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
မဲလ်ဘုန်းမြို့သည် ဒေါ်အောင်ဆန်းစုကြည်၏ သြစတြေးလျနိုင်ငံ ငါးရက်ကြာ ခရီးစဉ်၌ နောက်ဆုံးလာရောက်သည့် မြို့ဖြစ်သည်။ ဒီဇင်ဘာ ၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာမိသားစု အသိုင်းအ၀ိုင်းများနှင့် တွေ့ဆုံမည်ဖြစ်ပြီး ကမ္ဘာ့ AIDS နေ့ အခမ်းအနားတွင်လည်း မိန့်ခွန်းပြောကြားမည် ဖြစ်သည်။
သြစတြေးလျနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်
အေးချမ်းမွန် Credit To >Eleven Media Group< Thankhttps://www.facebook.com/excellencemedia
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.