Created on Wednesday, 27 November 2013 00:55
ဂျပန်နိုင်ငံအခြေစိုက် အကြီးစား၊ အလတ်စား ကုန်တင်ယာဉ်များ ထုတ်လုပ်သည့် UD ကုမ္ပဏီက အရှေ့တောင်အာရှ နိုင်ငံများအတွက် အထူးပြုလုပ် တည်ဆောက်ထားသည့် နောက်ဆုံးပေါ် နည်းပညာမြင့် အကြီးစား၊ အလတ်စား ကုန်တင်ယာဉ်များအား ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံသို့ တင်ပို့ရောင်းချမည်ဖြစ်ကြောင်း သိရသည်။ UD Trucks ကုန်တင်ယာဉ်များသည် ဂျပန်နိုင်ငံ ကုန်တင်ယာဉ်ဈေးကွက်တွင် လေးရာခိုင်နှုန်းခန့် အသုံးပြုနေပြီး အရှေ့တောင်အာရှ နိုင်ငံများတွင် အထူးရေပန်းစားသည့် ကုန်တင်ယာဉ်များ ဖြစ်ကြသည်။ UD Trucks ကုမ္ပဏီထုတ် ကုန်တင်ယာဉ်အမျိုးမျိုးသည် မြန်မာနိုင်ငံတွင် လက်ရှိ အသုံးပြုလျှက် ရှိနေသော်လည်း အဆိုပါ ကုန်တင်ယာဉ်များသည် ဂျပန်နိုင်ငံမှတစ်ဆင့် ပြန်လည်တင်သွင်းလာသည့် မော်တော်ယာဉ်ဟောင်းများသာ ဖြစ်ကြပြီး ယခုအကြိမ်သည် Quester ဟု အမည်ပေးထားသည့် UD ကုမ္ပဏီထုတ် နောက်ဆုံးပေါ် နည်းပညာမြင့် ကုန်တင်ယာဉ်အသစ်များအား မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် တင်သွင်းခြင်း ဖြစ်သည်။
UD ကုမ္ပဏီကို ၂၀၁၀ ပြည့်နှစ်တွင် ဆွီဒင်နိုင်ငံအခြေစိုက် ဗော်လ်ဗို (VOLVO) ကုမ္ပဏီက လွှဲပြောင်းရယူခဲ့ခြင်းဖြစ်ပြီး ယခုနောက်ဆုံး ထုတ်လုပ်လိုက်သည့် Quester ကုန်တင်ယာဉ်သည် ဗော်လ်ဗိုကုမ္ပဏီ နည်းပညာနှင့် UD Trucks ကုမ္ပဏီ၏ တည်ဆောက်မှုတို့ ပူးပေါင်းဖန်တီးထားခြင်း ဖြစ်သည်ဟု သိရသည်။
"ကျွန်တော်တို့အနေနဲ့ကတော့ Quester ကို ဘယ်အချိန်လောက် မြန်မာနိုင်ငံ ဈေးကွက်အတွက် ဖြန့်မလဲဆိုတာက အတိအကျ ပြောလို့မရပါဘူး။ ဒါပေမဲ့ ၂၀၁၄ ခုနှစ်ထဲမှာ မြန်မာနိုင်ငံ ဈေးကွက်ထဲကို တင်ပို့နိုင်မှာပါ" ဟု ဗော်လ်ဗိုကုမ္ပဏီ၏ အာရှပစိဖိတ်ဒေသ ဥက္ကဋ္ဌ Christophe Martin က ပြောဆိုသည်။
Quester သည် အရှေ့တောင်အာရှ နိုင်ငံများအပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အဓိကတီထွင် ဖန်တီးထားခြင်းဖြစ်ပြီး ၎င်း၏ အဓိက ထူးခြားသည့်အချက်မှာ သမားရိုးကျ ကုန်တင်ယာဉ်များထက် ရာခိုင်နှုန်း ၃၀ အထိ ဆီစားပိုမို သက်သာခြင်းဖြစ်သည်။ ထို့ပြင် ဗော်လ်ဗိုကုမ္ပဏီ၏ နောက်ဆုံးပေါ် နည်းပညာများဖြင့် Quester များကို ဖန်တီးထားသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများမှ အသေးစား၊ အလတ်စား လုပ်ငန်းရှင်များ ၀ယ်ယူနိုင်လောက်သည့် ပမာဏဖြင့်သာ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့က ဒီကားတွေကို အရှေ့တောင်အာရှလို ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ဖန်တီးထားတာပါ။ ဒီအတွက် Quester ကိုလည်း အရှေ့တောင်အာရှက လုပ်ငန်းရှင်တွေ ၀ယ်ယူနိုင်လောက်တဲ့ ပမာဏနဲ့ ရောင်းချပေး သွားမှာ ဖြစ်ပါတယ်" ဟု UD Trucks ၏ ဒုတိယဥက္ကဋ္ဌ LoicMellinandက ပြောဆိုသည်။ UD Trucks ကုမ္ပဏီအနေဖြင့် လက်ရှိတွင် လျှို့ဝှက်ထားရမည့် အနေအထားကြောင့် ယခုအချိန်အထိ ဈေးနှုန်းကို ကြေညာထားခြင်း မရှိသေးသော်လည်း UD Trucks ကုမ္ပဏီထုတ် ကုန်တင်ယာဉ်များကို ကိုယ်စားလှယ်ယူ ရောင်းချပေးနေသည့် ကားကုမ္ပဏီ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ Pornthep Apichardthum ၏ ပြောဆိုချက်အရ နည်းပညာမြင့် Quester ကုန်တင်ယာဉ်များကို မြန်မာနိုင်ငံရှိ လုပ်ငန်းရှင်အများစု ၀ယ်ယူနိုင်လောက်သည့် ပမာဏဖြင့်သာ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအတွက် UD ကုမ္ပဏီမော်တော်ယာဉ် အာမခံကို နိုင်ငံတကာ အာမခံအတိုင်း ကီလိုမီတာ နှစ်သိန်းသို့မဟုတ် တစ်နှစ်အာမခံ ပေးထားပြီး ဘဏ်များနှင့် ချိတ်ဆက်ကာ အရစ်ကျ ၀ယ်ယူနိုင်ရန်အတွက်လည်း စီစဉ်ပေးမည် ဖြစ်ကြောင်း သိရသည်။
Manual Gear စနစ်သုံး Quester ကားများ၏ အထူးခြားဆုံး နည်းပညာမှာ Fuel Coaching System ဟုခေါ်ဆိုသည့် ဆီစားသက်သာစေရန် အထူးစီမံ ပြုလုပ်ထားသည့် စနစ်ဖြစ်ပြီး အဆိုပါစနစ်သည် မောင်းနှင်သူအား မော်တော်ယာဉ်၏ အမြင့်ဆုံး စွမ်းဆောင်ရည် ရရှိရန်နှင့် ဆီစားသက်သာစေရန် သတိပေး လမ်းညွှန်မှုများ ပြုလုပ်ပေးမည့် စနစ်တစ်ခု ဖြစ်သည်။ UD Trucks ကုမ္ပဏီမှ ထုတ်လုပ်လိုက်သည့် Quester ကားများသည် အဆိုပါ ဆီစားသက်သာသည့်စနစ် ပါဝင်သည့် ကမ္ဘာပေါ်တွင် ပထမဆုံးသော ကုန်တင်ယာဉ်များဖြစ်ပြီး ဆီစားသက်သာမှုကြောင့် စွမ်းဆောင်ရည် ကျဆင်းမှု မရှိစေရန်လည်း အထူးပြုလုပ်ထားကြောင်း သိရသည်။
အေးချမ်းမွန် Credit To >Eleven Media Group
Post a Comment