0

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့ တွင် နေပြည်တော်မှ ပြန်လည် ရောက်ရှိလာသည့် OIC ကိုယ်စားလှယ် အဖွဲ့အား ဆန္ဒထုတ်ဖော်ခြင်းကို နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းတွင် နှစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း အဆိုပါ ဆန္ဒပြပွဲတွင် ပါဝင်သူများက The Voice သို့ ပြောကြားသည်။

ပထမအကြိမ် ဆန္ဒထုတ်ဖော်မှုကို နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၇ နာရီခွဲခန့်မှ ၁၁ နာရီခန့်အထိ ပြုလုပ်ခဲ့ကာ လူအင်အား ၃၀ ခန့်ဖြင့် OIC အလိုမရှိ စာတန်းများ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော် ခဲ့ကြပြီး ဒုတိယအကြိမ် ဆန္ဒထုတ်ဖော်မှုကို မွန်းလွဲ ၂ နာရီခန့်မှ ၄ နာရီ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ဆန္ဒပြပွဲတွင် ပါဝင်သူ ရခိုင် လူငယ်များ အဖွဲ့မှ ဦးခင်မောင်လင်းက ပြောကြားသည်။

ဆန္ဒထုတ်ဖော်ရခြင်း၏ ရည်ရွယ်ချက်မှာ OIC အဖွဲ့သည် အစ္စလာမ် ဘာသာဝင်များ ပြန့်ပွား တည်တံ့ရေးအတွက် အခြားဘာသာဝင် များကိုလည်း သိမ်းသွင်း နေသည်ကို တွေ့မြင်ရကြောင်း၊ အယူအဆမှာ ဆန့်ကျင်နေ၍ ၎င်းတို့၏ ဥပဒေများကို ပေါ်ပေါက်ရန်၊ အမျိုးဘာသာ စောင့်ရှောက်ရန်၊ လူမျိုးရေး ဝါးမျိုရန် ပြုလုပ်ခြင်းကို မိမိတို့ မလိုအပ်ကြောင်း ဒုတိယအကြိမ် ဆန္ဒပြပွဲတွင် ပါဝင်သူ မကွေး ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။
“ပထမတုန်းက ဦးပဉ္စင်းတို့လည်း မနက်ဘက်မှာ ပြမလို့ပဲ။ ဒါပေမဲ့ အချိန်ပြောင်းသွားတာ ကြားတော့ နေ့လယ် ဖြစ်သွားတာ” ဟု ဆရာတော်က ထပ်မံမိန့်ကြားသည်။

အလားတူ ဆန္ဒပြမှုမျိုးကို OIC ထပ်မံ လာရောက်ပါက ထပ်မံဆန္ဒ ထုတ်ဖော်ဦးမည် ဖြစ်ကြောင်း ဆန္ဒပြသူများမှ ပြောကြားသည်။

OIC ကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ၎င်းတို့ မရောက်ရှိမီ ၁၂ ရက်နေ့ကပင် ရန်ကုန်နှင့် ရခိုင်ပြည်နယ် စစ်တွေ မြို့တို့တွင် ဆန္ဒပြ ကန့်ကွက်မှုများ ဖြစ်ပွားခဲ့ကာ အခြားမြို့နယ်များတွင် လည်း ရောက်ရှိပြီးနောက် လက်မခံကြောင်း ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပွားခဲ့သည်။

အေးချမ်းမွန် Credit To >The Voice Weekly https://www.facebook.com/excellencemedia

Post a Comment

 
Top