ပြည်သူလူထုကို အကျိုးမပြုသည့် ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် မကိုက်ညီသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် အဓိကထား ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းနှင့် အာဏာရှင် ပယောဂကို မချွတ်ဘဲ အနာဂတ်သစ်ဆီသို့ တက်ရန်မဖြစ်နိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ထုတ်ပြန်သော (၉၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ကြေညာချက်တွင် ထည့်သွင်း ထုတ်ပြန်ခဲ့သည်။
နိုင်ငံအား ချမ်းသာကြွယ်ဝ၍ ဂုဏ်သိက္ခာ ပြည်စုံသော၊ နိုင်ငံတကာ အလယ်၌ ၀င့်ကြွားဦးမော့နိုင်သော ကံကြမ္မာသစ်တစ်ခု ပုံဖော်နိုင်ရေး ဦးလည်မသုန် အကောင်အထည် ဖော်ကြရန် တိုက်တွန်းပါကြောင်းလည်း ကြေညာချက်တွင် ထုတ်ပြန်ခဲ့သည်။
(၉၃) နှစ်မြောက် အမျိုးသားနေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်တွင် နိုဝင်ဘာ ၂၇ ရက်က ကျင်းပခဲ့ပြီး ကြေညာချက် ထုတ်ပြန်ရာတွင် ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နာယက ဦးတင်ဦးက မိန့်ခွန်းပြောကြားရာတွင်လည်း ၂၀၁၅ ခုနှစ်တွင် တရားမျှတ၊ သန့်ရှင်း၍ ရွေးကောက်ပွဲ ဖြစ်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိစ္စသည် အရေးတကြီး အာရုံစိုက် ဖြေရှင်းရမည့်ကိစ္စ ဖြစ်သည်ဟု ထည့်သွင်း ပြောကြားသည်။
ထို့အပြင် တပ်မတော်နှင့် ပတ်သက်၍ အဖွဲ့ချုပ်သည် တပ်မတော်ကို ပြည်သူအပေါင်းတို့ ကြည်ညိုလေးစား၊ ယုံကြည်ကိုးစား၍၊ အစဉ်ခေတ်မီတိုးတက် နုပျိုခိုင်မာ စွမ်းရည်ထက်မြက်သည့် တပ်မတော် ဖြစ်စေချင်သည်မှာ အဖွဲ့ချုပ်၏ တပ်မတော်အပေါ် အစဉ်ထားသည့် သဘောထား ဖြစ်ကြောင်း နာယက ဦးတင်ဦးက ထည့်သွင်း ပြောကြားသည်။
အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို အလေးပြုခြင်း၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ဒီမိုကရေစီ အရေးတော်ပုံ အဆက်ဆက်တွင် ကျဆုံးခဲ့သော ရဟန်းရှင်လူ ပြည်သူများအား ၀မ်းနည်းခြင်းအားဖြင့် ရှစ်စက္ကန့် ငြိမ်သက်ခြင်းများ ပြုလုပ်ခဲ့သည်။ ထို့နောက် စာရေးဆရာများဖြစ်သော ကိုလေး (အင်းဝဂုဏ်ရည်)၊ နုနုရည်(အင်းဝ)နှင့် ကာတွန်း အော်ပီကျယ်တို့က စာပေဟောပြောခဲ့ကြောင်း သိရသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြုလုပ်သည့် (၉၃)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အခမ်းအနားသို့ ၀ါရင့်နိုင်ငံရေး သမားများ၊ (၈၈)မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် အဖွဲ့ချုပ် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
(အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ (၉၃)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အခမ်းအနားတွင် အဖွဲ့ချုပ်နာယက ဦးတင်ဦးက မိန့်ခွန်းပြောကြားစဉ်)
အေးချမ်းမွန် Credit To >Eleven Media Grouphttps://www.facebook.com/excellencemedia

အေးချမ်းမွန် Credit To >Eleven Media Group
Post a Comment