Mobile Banking စနစ်အား အသုံးပြုနိုင်ရန်အတွက် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များနှင့် အစိုးရဘဏ်များအနေဖြင့် လုပ်ကိုင်ရန် အသင့်ရှိပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နောက်ဆုံးအဆင့်အနေဖြင့် သမ္မတရုံးသို့ ခွင့်ပြုချက်တင်ထားပြီး သမ္မတရုံး၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရသည်။
"ဆရာတို့အနေနဲ့ ဒီစနစ်ကို အသုံးပြုနိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်နေတာ ကြာပါပြီ။ နောက်ဆုံးအဆင့်အနေနဲ့ သမ္မတရုံးကို တင်ပြထားပါတယ်။ သမ္မတရုံးက ခွင့်ပြုချက်ရပြီဆို စတင် လုပ်ကိုင်သွားမှာပါ။ အခုဆိုရင် ပြည်တွင်းမှာ ဒီစနစ်ကို လုပ်ကိုင်ဖို့အတွက် တင်ပြထားတဲ့ ဘဏ်တွေကလည်း အဆင်သင့်ဖြစ်နေပြီ ဆရာတို့ဘက်ကလည်း ဒီစနစ်ကိုသုံးနိုင်ဖို့အတွက် အဆင့်ဆင့် ဆောင်ရွက်နေပါတယ်"ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန့်က ဆိုသည်။
မိုဘိုင်း ဘဏ်လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက် မူကြမ်းအပေါ် ပြည်ထောင်စုရှေ့နေချုပ်၏ သဘောထားမှတ်ချက်အား ၁၄.၈. ၂၀၁၃ ရက်တွင် ရရှိခဲ့ပြီး ညွှန်ကြားချက် ထုတ်ပြန်နိုင်ရေးအတွက် ၃၀.၈.၂၀၁၃ ရက်တွင် တင်ပြခဲ့ပါသည်။ စီးပွားရေးရာ ကော်မတီမှ ၁၈.၉.၂၀၁၃ ရက်စွဲပါ စာအမှတ် ၁၂/၁၆ သမ္မတရုံးဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပြည်ထဲရေးဝန်ကြီးဌာန ဘဏ္ဍာရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ညှိနှိုင်းပြီး နိုင်ငံတော် သမ္မတထံ ဆက်လက်တင်ပြရန်ဟု လမ်းညွှန်ပါသဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေး ၀န်ကြီးဌာနနှင့် မိုဘိုင်းဘဏ်လုပ်ငန်းနှင့် သက်ဆိုင်သည့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနတို့ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် မိုဘိုင်း ဘဏ်လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်ပူးတွဲပေး သဘောထားမှတ်ချက်များ တောင်းခံခဲ့ကြောင်း သိရသည်။
အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ၀န်ကြီးဌာနသုံးခုနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့အကြား ညှိနှိုင်းအစည်းအဝေးကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၂ ရက် တွင် ပြုလုပ်ခဲ့ပြီး နောက်ဆုံးအဆင့်အနေဖြင့် အစည်းအဝေးတွင် ညှိနှိုင်းရရှိချက်များနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ပြန်လည် ရှင်းလင်းဆွေးနွေးချက်များကို နိုင်ငံတော် သမ္မတရုံးသို့ တင်ပြထားကြောင်း မိုဘိုင်းဘဏ်ကင်းစနစ်ကို အသုံးပြုနိုင်ရန် ပထမ ပုဂ္ဂလိကဘဏ်၊ သမ၀ါယမဘဏ်လီမိတက်၊ အင်းဝဘဏ်လီမိတက်၊ မြ၀တီဘဏ်၊ ဧရာဝတီဘဏ်၊ ကျေးလက်ဖွံ့ဖြိုးရေးဘဏ်၊ မြန်မာနိုင်ငံသားဘဏ်တို့မှ လုပ်ကိုင်ရန် တင်ပြထားသည်။
(ရန်ကင်းမြို့နယ်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အား တွေ့ရစဉ်)
အေးချမ်းမွန် Credit To >Eleven Media Group
Post a Comment