0


၂၂.၁၁.၂၀၁၃၊ သောကြာနေ့

ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်သည် ရှစ်လေးလုံးငွေရတု အခမ်းအနားမှ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ချမှတ်ထားသည့် လမ်းစဉ် ၃ ရပ်အပေါ် သဘောတူညီသည်ဟု နိုဝင်ဘာ ၁၉ ရက် ရန်ကုန်မြို့ Business Alliance ဟိုတယ်၌ ၈၈ မျိုးဆက် ကျောင်းသား များနှင့် တွေ့ဆုံခဲ့စဉ်က ပြောကြားခဲ့ ကြောင်း ၈၈ ကျောင်းသားခေါင်းဆောင် ဦးမြအေးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ရှစ်လေးလုံး ငွေရတု အခမ်းအနားမှ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ချမှတ်ထားသည့် လမ်းစဉ် ၃ ရပ်မှာ ၁။ ဒီမိုကရက်တစ် ဖဒရယ် ပြည်ထောင်စု တစ်ရပ် ဖြစ်ပေါ်လာရေး ၂။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ် ပြန်လည် ပြင်ဆင်ရေးဆွဲနိုင်ရေး ၃။ မြန်မာ တစ်နိုင်ငံလုံးဆိုင်ရာ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ရှေးရှု သည့် အမျိုးသား ညီလာခံတစ်ရပ် ကျင်းပနိုင်ရေး စသည်တို့ ဖြစ်သည်။

တွေ့ဆုံဆွေးနွေး ခဲ့ကြသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ယင်းဆွေးနွေးမှုတွင် ပါဝင်ခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမြအေးက ““တွေ့ဖြစ်တာကတော့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး အခြေအနေ အဲဒီအပေါ်မှာ… နှစ်ဖက်ရဲ့ သဘောထားကို ဖလှယ်တဲ့ သဘောပဲ။ တိုင်းရင်း သားတွေအတွက် ကောင်းမွန်တဲ့ အခြေအနေ ဖော်ဆောင် ပေးနိုင်မယ့် ပြည်ထောင်စုအဖြစ် မရောက်မချင်းက ငြိမ်းချမ်းရေးဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါရအောင် ဘယ်လိုတစ်ဆင့်ချင်း သွားမလဲ ဆိုတာကတော့ နှစ်ဖက် သဘောထား ကွဲလွဲမှု သိပ်မရှိဘူး။ ကျွန်တော်တို့ ရှစ်လေးလုံး ငွေရတု အခမ်းအနား ဆုံးဖြတ်ချက်တွေ ရှိတယ်လေ။ အဲဒီထဲက အဓိက ဆုံးဖြတ်ချက် ၃ ချက် အပေါ်မှာလည်း ဗိုလ်ချုပ်ဂွမ်မော်တို့ ဘက်ကလည်း သဘောတူညီတယ်။ သဘောတစ်ထပ်တည်း ကျတယ်ဟု ပြောသည်။

အဆိုပါ တွေ့ဆုံမှု၌ ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အပါအ၀င် KIA/KIO အဖွဲ့ဝင်များနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များဖြစ်သော ဦးကိုကိုကြီး၊ ဦးပြုံးချို၊ ဦးမြအေး၊ ဦးထွန်းမြင့်အောင်၊ ဦးအံ့ဘွယ် ကျော်တို့သည် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု အခြေအနေ သဘောထားများကို အသေးစိတ် ဆွေးနွေး ခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ဆွေးနွေးမှုများနှင့် ပတ်သက်၍ အသေးစိတ်ကိုမူ ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပေ။

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး အပြီးသတ် ဆွေးနွေးနိုင်ရန် အတွက် နိုင်ငံတော် အစိုးရမှ နိုင်ငံရေးပါတီနှင့် နိုင်ငံရေး လှုပ်ရှားသည့် အဖွဲ့အစည်းများအား ကြားခံထားကာ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်သွားရန် စီစဉ်ခဲ့သည်။

ယင်းနောက် အစိုးရ တပ်မတော်နှင့် နိုင်ငံရေးပါတီများ၊ လက်နက်ကိုင် အဖွဲ့အစည်းများ ၂၀၁၄ တွင် ချင်းမိုင်၌ နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်ရန် အစိုးရက စီစဉ်လျက်ရှိရာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း၏ ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးမှု KIA/KIO ခရီးစဉ်သည် ၈၈ အနေဖြင့် တတိယအကြိမ်မြောက် ဖြစ်သော်လည်း ကြားခံဆွေးနွေးမှုများ ပြုလုပ်မည်ဟူသော စီစဉ်မှုများ ထွက်ပေါ်ပြီးနောက် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖြစ်သည်။


အေးချမ်းမွန် Credit To >Myanmarthandawsint https://www.facebook.com/excellencemedia

Post a Comment

 
Top